စာပေအသက် ဘဝတစ်သက်

 

မောင်အောင်

“ကိုအောင်ရေ...ပြီးခဲ့တဲ့ ဧပြီလ ၁ဝ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်လုံးမှာရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာအုပ်စာစောင်တွေနဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားကတော့ တိုင်းပြည်အတွက် အကျိုးအရှိဆုံးနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်လို့ ငါတော့ခံစားမိတယ်ကွာ။ ငါ့တစ်သက်နဲ့တစ်ကိုယ် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ဦးစီးပြီး ဒီလိုဆောင်ရွက်တာမျိုး တစ်ခါမျှမတွေ့ ဖူး၊ မကြုံဖူးဘူး။ အဲနောက်ပြီး နိုင်ငံတော်ထဲမှာရှိတဲ့ ဒို့နိုင်ငံသားတွေ ပညာရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အားနည်းနေတယ်ဆိုတာကို ထောက်ပြတာကလည်း အတော်လေးမှတ်သားစရာကောင်းတယ်ကွာ

ကျွန်တော်ရုံးကအပြန်  အဝတ်အစားလဲပြီး ဧည့်ခန်းထဲဝင်၍ ထိုင်ချိန်တွင်  ကျွန်တော့်အစ်ကိုကြီးက စကားစ၍ ပြောလိုက်ခြင်း ဖြစ်သည်။ အစ်ကိုကြီးက အသက် (၈ဝ) ပြည့်ပြီးဖြစ်သော်လည်း သတင်းစာဖတ်သည်၊  မြန်မာ့ရုပ်မြင်သံကြားသတင်း ကြည့်သည်၊ ၁ဝ တန်း မအောင်ခဲ့သော်လည်း ၁ဝ တန်းအထိ နေခဲ့ဖူးသည်။ သို့ဖြစ်၍ နိုင်ငံ့ အရေး၊ ပြည်သူ့အရေး စိတ်ဝင်စားသည်။ စာပေဝါသနာပါသူမို့ စာပေ နှင့်ပတ်သက်လျှင်လည်း ဆွေးနွေးတတ်သည်။

“ဟုတ်ပါတယ် အစ်ကိုကြီး၊ ကျွန်တော်တို့လည်း ကိုယ့်အလုပ် နဲ့ကိုယ်ရှုပ်နေလို့ ထဲထဲဝင်ဝင် မလေ့လာဖြစ်ဘူး။ အခု နိုင်ငံတော် ဝန်ကြီးချုပ်ပြောမှ ကျွန်တော်တို့နိုင်ငံမှာ ၂ဝ၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ငါးနှစ်အထက်လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိပြီး အဲဒီလူဦးရေမှာ ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိကာ အသက်(၂၅)နှစ်နဲ့အထက် ၂၅ ဒသမ ၁၆၉ သန်းမှာ  အတန်းပညာ လုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း(ကိုးသိန်းကျော်)ရှိတယ်ဆိုတာ သိရပါတယ်

“ဒါတင် ဘယ်ကမလဲကွ။ မူလတန်းနဲ့ မူကြိုအဆင့်ရှိသူ ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း( ၁၂ ဒသမ ၈၃ သန်း)ရှိတဲ့အကြောင်းနဲ့ အလယ် တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း(၅ ဒသမ ၄၆)သန်း၊ အထက် တန်းအဆင့်ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ ဘွဲ့ရသူ ၁၁ ဒသမ ၄ ရာခိုင်နှုန်း (၂ ဒသမ ၆၈ သန်း)သာရှိတဲ့အကြောင်း၊ ကျောင်းသား အများစုက မူလတန်းပြီးဆုံးချိန်မှာ ကျောင်းထွက်သွားကြတဲ့အတွက် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်တဲ့အကြောင်း ပြောသွားသေး တယ်လေကွာ

အစ်ကိုကြီးက ကျွန်တော်ပြောနေသည်ကို အားမရ၍ ကြားဖြတ်ဝင်၍ ပြောလိုက်ခြင်းဖြစ်သည်။

“အေး... ပြီး‌တော့ ဒို့နိုင်ငံမှာ လူများစု ၇ဝ ရာခိုင်နှုန်းက ကျေးလက် ဒေသတွေမှာနေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်ဝါးလုပ်ငန်း၊ ရေလုပ်ငန်းတွေပဲ လုပ်ကိုင်နေကြတယ်။ ဒီတော့ ပညာအခြေခံကနည်း၊ တစ်ဖက်ကလည်း ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းတွေက ဒို့ကျေးလက်နေလူတန်းစားတွေ ဖတ်ရှုဖို့က လက်လှမ်းမမီ။ ဒီကြားထဲ စာအုပ်စာတမ်းတွေက ဈေးကြီးတော့ ဒို့ကျေးလက်နေလူတန်းစားတွေ၊ ဒို့တောင်သူတွေရဲ့ဘဝ ဘယ်လိုလုပ် တိုးတက်မှာလဲ ဘယ်လိုလုပ် ကြီးပွားချမ်းသာမှာလဲ။ မင်းပဲပြောဖူးတယ်လေ။ ပညာတတ်တဲ့လူ စိုက်ပျိုး၊ မွေးမြူရေးလုပ်တာနဲ့ ပညာမတတ်တဲ့လူ စိုက်ပျိုး၊ မွေးမြူရေး လုပ်တာ အများကြီးကွာတယ်လို့လေ

“ဟုတ်ပါတယ် အစ်ကိုကြီး။ ပြီးခဲ့တဲ့နှစ်က ကျွန်တော် ဆင်ဖြူကျွန်း ရောက်တော့ နေကြာစိုက်ကြတဲ့အထဲမှာ စလင်း စိုက်ပျိုးမွေးမြူရေးသိပ္ပံကျောင်းကဆင်းတဲ့ တောင်သူစိုက်ထားတာ အကောင်းဆုံးပဲ။ ကျန်တဲ့ တောင်သူတွေကလည်း လက်ခံတယ်လေ။ သူက စိုက်ပျိုးမွေးမြူရေး သိပ္ပံကျောင်းဆင်းဆိုတော့ နည်းပညာ သာတယ်ဆိုတာလေ။ အဲဒီတော့ တောင်သူတွေအပါအဝင် ကျွန်တော်တို့နိုင်ငံသားတွေ စာတတ်မြောက်ကြဖို့ကို မဖြစ်မနေလုပ်ကြဖို့တော့ လိုနေပြီ အစ်ကိုကြီးရ

ကျွန်တော်က စာတတ်မြောက်ရေး “အ သုံးလုံးကျေလုပ်ငန်းတွေ လုပ်ဖို့လိုကြောင်း စကားစလိုက်ခြင်း ဖြစ်သည်။

“မင်းက လိုတယ်လို့ပြောတဲ့အချိန်မှာပဲ ဒို့အစိုးရက “အသုံးလုံး ကျေသင်တန်းတွေစနေပြီ မဟုတ်လား။ ငါ သတင်းစာထဲ၊ တီဗွီထဲမှာ တွေ့လိုက်ပါတယ်။ အဲ နောက်ပြီး မင်းတက္ကသိုလ်ကျောင်းသားဘဝ ကလည်း “အသုံးလုံးလုပ်အားပေးသွားခဲ့သေးတယ် မဟုတ်လား။ “အသုံးလုံးလုပ်အားပေးမသွားခင်တုန်းက စကားကို လေးလုံးကွဲအောင် မပြောတတ်တဲ့ ငါ့ညီ၊ “အသုံးလုံးလုပ်အားပေးကပြန်လာတော့ စကားတွေ ရွှန်းရွှန်း ဝေအောင် ပြောတတ်လာတဲ့အပြင် သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံကလည်း လူကြီးဆန်လာတယ်။ မင်း “အသုံးလုံးလုပ်အားပေး သွားတဲ့အကြောင်း ပြောစမ်းပါဦး

 

“အသုံးလုံးကျေလုပ်အားပေးသင်တန်း

 

အစ်ကိုကြီးက ကျွန်တော့်အကြောင်း အတွင်းသိအစဉ်းသိဖြစ်နေ ၍ လက်ရှိ စာမတတ်သူပပျောက်ရေး၊ “အသုံးလုံးကျေ လုပ်ငန်းအပြင် ဟိုတုန်းက ကျွန်တော်လုပ်အားပေးခဲ့သည့် “အသုံးလုံးကျေ လုပ်အားပေးသင်တန်း အကြောင်း မေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်ပါတယ် အစ်ကိုကြီး ၁၉၆၉ ခုနှစ်မှာ ကျွန်တော်တက္ကသိုလ် ပထမနှစ်စတက်ပြီး ၁၉၇ဝ ပြည့်နှစ် နွေရာသီကျောင်းပိတ်ရက်မှာ ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးကျေးရွာအုပ်စု သားကျင်ရွာမှာ “အသုံးလုံး ကျေ လုပ်အားပေးခဲ့ပါတယ်။ တောင်သူအများစုက နေ့ခင်းမှာတောင်ယာ ထဲ သွားကြတာကြောင့် ညဘက်မှာမီးခွက်နဲ့ မှန်အိမ်နဲ့ စာသင်ပေးခဲ့ ရတယ်။ နောက်တစ်နှစ် ၁၉၇၁ ခုနှစ် နွေရာသီမှာတော့ ကျောက်ပန်း တောင်းမြို့နယ် ပွေးကျစ်မြို့နယ်ခွဲ အိုင်လျားတောင်ကျေးရွာမှာ လုပ်အားပေးရပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ကိုယ့်တောင်သူတွေ၊ ကိုယ့်နိုင်ငံသားတွေ စာတတ်ဖို့ မီးရထားခပထမနှစ်မှာ ကိုယ့်ဘာသာ ဝယ်စီးရပါတယ်။ နောက်နှစ်မှာ နိုင်ငံတော်က တစ်ဝက်ကျခံခဲ့ပါတယ်။ ရွာတွေမှာ အစားအသောက် ရှားပါတယ်။ သားကျင်မှာဆိုရင် ဆန်အစား လူးတို့၊ ဆတ်တို့တောင် ကျွန်တော်တို့စားရပါတယ်။ ငရုတ်သီးထောင်းနဲ့၊ မြေပဲဆန်လောက်နဲ့ ထမင်းစားရပေမယ့် ကျွန်တော်တို့ပျော်ပါတယ်။ ကျောက်ပန်းတောင်း မြို့နယ် အိုင်လျားတောင်ကျေးရွာမှာတော့ ထန်းတက်တဲ့ တောင်သူ များပါတယ်။ ကျွန်တော်တို့ လုပ်အားပေး တက္ကသိုလ်ကျောင်းသားတွေ မြူအိုးကောက်တာ၊ ထန်းရည်ကျိုတာ ဝိုင်းလုပ်ပြီး တောသူ တောင်သား တွေနဲ့တစ်သားတည်းနေခဲ့ကြလို့ ရွာသားတွေလည်း ကျွန်တော်တို့ အပေါ် သံယောဇဉ်ရှိကြပါတယ်

“၁၉၇၂ ခုနှစ် နွေမှာတော့ ကျွန်တော် တက္ကသိုလ်လူရည်ချွန် အရွေးခံရလို့ လုပ်အားပေးမသွားဖြစ်ပါဘူး။ ၁၉၇၃ ခုနှစ် နွေမှာတော့ ကျိုက်လတ်မှာ သန်းခေါင်စာရင်းကောက်ရပြီး ၁၉၇၄ ခုနှစ် နွေမှာ တော့ ဟဲဟိုးမြို့နယ်ခွဲ မြောက်မြေခြားရွာမှာ လုပ်အားပေးတာဝန်ကျပါတယ်။ ပအိုဝ်းတိုင်းရင်းသားတွေနေတဲ့ တောင်ပေါ်ရွာပါ။ အဲဒီမှာ ဆန်နီနီကြီးစားရပါတယ်။ ရွာကတောင်ပေါ်မှာရှိပြီး ရေချိုးရင် ၄၅ မိနစ်လောက် တောင်အောက်ဆင်းရပါတယ်။ ပြန်တက်ရင် တစ်နာရီခွဲလောက်တက်ရတာကြောင့် အဲဒီကလူတွေ ငါးရက်/ တစ်ပတ်မှ တစ်ခါပဲ ရေချိုးကြပါတယ်။ ကျွန်တော်တို့ မျက်နှာသစ်ဖို့ရေကို ဝါးကျည်တောက်နဲ့သယ်ပေးပါတယ်။ ကျွန်‌တော်တို့ မျက်နှာသစ်၊ ခြေ၊ လက် ဆေးရင် နွားစားကျင်းထဲကိုဆေးချပြီး အဲဒီရေကို နွားကိုပြန်တိုက် ရပါတယ်။ ကျွန်တော်တို့လည်း နောက်ပိုင်း ငါးရက်တစ်ဈေး ဟဲဟိုးဆင်း ဈေးဝယ်ရင်း ရေကန်မှာရေချိုးဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ တစ်သားတည်းဖြစ်ခဲ့ကြပါတယ်။ နေ့ခင်းဘက် သူတို့တောင်ယာသွားရင် ကလေးငယ်တွေနဲ့ အလုပ်မလုပ်နိုင်တဲ့ အဘိုးကြီး၊ အဘွားကြီးတွေပဲ အိမ်မှာကျန်ပါတယ်။ ကျွန်တော်တို့လည်း သူတို့နဲ့ တောင်ယာထဲ လိုက်ပြီး တောင်ယာအလုပ်လုပ်ပြီး ညဘက်ကျမှ ရွာပြန်ပြီး စာသင်ကြ ပါတယ်

“ကျွန်တော့်ကိုယ်တွေ့ကတော့ “အသုံးလုံးကျေလုပ်အားပေးတာက စာမတတ်တဲ့ ကိုယ့်နိုင်ငံသား၊ တိုင်းရင်းသူ တိုင်းရင်းသားတွေကို စာတတ်စေပါတယ်။ ဒါ့အပြင် လူငယ်တွေကို တောသူတောင်သားတွေ ရဲ့ဘဝ၊ တိုင်းရင်းသားတွေရဲ့ဘဝကို စာနာနားလည်စေပြီး တိုင်းရင်းသား ရိုးရာဓလေ့ထုံးစံတွေကိုလည်း ချစ်မြတ်နိုးစေပါတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ ပြောင်းလဲသွားတာ အစ်ကိုကြီးအမြင်ပါပဲ

“အေး--ထားပါတော့ကွာ။ ဒါက မင်းတို့တုန်းက “အသုံးလုံး လုပ်အားပေးအကြောင်း အခု “အသုံးလုံးလုပ်တဲ့ အခြေအနေကိုလည်း မင်းသိသလောက်ပြောပြစမ်းပါဦး။ နောက်ပြီး “အသုံးလုံး လုပ်အားပေးမလုပ်တာ ကြာပြီ။ အခုမှ ဘာ့ကြောင့်လုပ်တယ်ဆိုတာ မင်းသိထား သလောက်ရှင်းပြပါဦး

အစ်ကိုကြီးက သူသိချင်တာကို လိမ္မာပါးနပ်စွာ မေးလာခြင်း ဖြစ်သည်။

“ဒါကတော့ အစ်ကိုကြီးရယ် စောစောက ကျွန်တော်တို့ပြောခဲ့ သလိုပါပဲ။ လူတွေက စာမတတ်တော့ ဗဟုသုတမရှိဘူး။ အတွေးအမြင် မမှန်ဘူး။ အပြောကောင်းရင် အပြောကောင်းတဲ့လူနောက်ကို ပါသွား တတ်သလို စဉ်းစားဝေဖန်၊ ဆင်ခြင်သုံးသပ်ကြတာမရှိဘူး။ အဲဒီတော့ တလွဲတွေလုပ်တတ်ကြတယ်။ အမှားအမှန် မခွဲခြားတတ်ဘူး။ ကိုယ့် တိုင်းပြည်သမိုင်းကြောင်းကို မသိဘူး။ လွတ်လပ်ရေးကို တန်ဖိုးမထား တတ်ဘူး။ အဲ...ပြီးတော့ အခြေခံစီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို ပညာမတတ်တော့ နည်းပညာမလေ့လာဘူး။ နည်းပညာမပါတော့ အကျိုးအမြတ်မရှိဘူး။ ဒီတော့ ငွေရလွယ်တဲ့အလုပ်တွေကို လုပ်လာ ကြတယ်။ ကောင်းရောင်း၊ ကောင်းဝယ်မလုပ်ကြတော့ဘူး

“ဒါကို တွေးမြင်မိတဲ့ နိုင်ငံတော်အကြီးအကဲက ကိုယ့်နိုင်ငံသားတွေ၊ ကိုယ့်တိုင်းရင်းသားတွေ အဓိကအခြေခံဖြစ်တဲ့ စာတတ်မြောက်ဖို့ လုပ်အားပေးဖို့လိုတယ်ဆိုတာကို တွေးမိတယ်။ ဒါ့ကြောင့် စာကြည့် တိုက်တွေ ဖွံ့ဖြိုးတိုးတက်ရေး၊ စာအုပ်နဲ့ အလှူငွေပေးအပ်ပွဲအခမ်းအနားမှာ နိုင်ငံတော်ဝန်ကြီးချုပ်က အသက်အရွယ်အလိုက် စာမတတ်တဲ့သူ စာရင်းတွေထောက်ပြတယ်။ ပြီးတော့ စာတတ်မြောက်ဖို့ ပညာရေး ဝန်ကြီးဌာနကို “အသုံးလုံးကျေသင်တန်းတွေ ဖွင့်လှစ်ဖို့လမ်းညွှန်ခဲ့ တာပဲ။ ဒါ့ကြောင့် ဒီနှစ်နွေမှာ “အသုံးလုံးသင်တန်းတွေ စပြီးဖွင့်လှစ်ခဲ့ တာပါပဲ

 “ဒို့တစ်နိုင်ငံလုံးမှာရော ဖွင့်နိုင်လို့လား၊ သင်တန်းကာလက ဘယ်လောက်လဲ၊ သင်တန်းသားရော ဘယ်လောက်ရှိလဲ

အစ်ကိုကြီး၏ မေးခွန်းများက အသေးစိတ်လှသည်။

 

သင်တန်းကာလရက်ပေါင်း ၄ဝ ဖြစ်

 

“တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ဖို့ လျာထားပေမယ့် လုံခြုံရေးတာဝန် မခံနိုင်တဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာတော့ သင်တန်းမဖွင့်နိုင်ဘူး။

နေပြည်တော်အပါအဝင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း) တို့မှာ သင်တန်းတွေ ဖွင့်နေပါတယ်။ သင်တန်းကာလက ၂ဝ၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၄ဝ ဖြစ်ပြီး တစ်ရက်ကို စာသင်ကြားချိန် သုံးနာရီ သတ်မှတ်ထားပါတယ်

“အေး ဟုတ်ပါပြီ။ မင်းတို့အစိုးရပိုင်း၊ ဌာနဆိုင်ရာပိုင်းက ဖွင့်လှစ်ပေးတာတော့ဟုတ်ပါပြီ။ ပြည်သူတွေ အပိုင်းကရော စိတ်ဝင်စားရဲ့လား၊ သင်တန်းတက်တဲ့သူရော ရှိရဲ့လား

အစ်ကိုကြီး၏ အမေးက အဓိပ္ပာယ်များစွာ ကျယ်ဝန်းလှသည်။

“ရှိတာပေါ့ အစ်ကိုကြီးရ။ အစ်ကိုကြီးလည်း သတင်းစာတွေ၊ ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့နေရတာပဲလေ။ ပညာရေးဝန်ကြီး ဌာနကို ၂၉-၃-၂ဝ၂၄ ရက်နေ့အထိ တင်ပြလာတဲ့စာရင်းက ၆၇၅၅၃ ဦးရှိတယ်။ အခုလက်ရှိစာသင်သားဦးရေက ၇ဝ၄၉၈ ဦးရှိတယ်။ မူလက စာရင်းပေးတာထက်တောင် ပိုပြီးများလာတယ်

“အေး ကောင်းတာပေါ့ကွာ။ စာသင်သားတွေက ကိုယ့်စာအုပ် ကိုယ်ဝယ်ရလား၊ သင်တန်းတက်ရင် ပိုက်ဆံ ဘယ်လောက်ကုန်မှာလဲ။”

“မကုန်ပါဘူး အစ်ကိုကြီးရယ်၊ ပညာရေးဝန်ကြီးဌာနက စာသင် သားတွေအတွက် သင်ကြားစာအုပ် နှစ်အုပ်၊ ဗလာစာအုပ်နှင့် ခဲတံ၊ ပေတံတွေကို အခမဲ့ပေးပါတယ်။ စာသင်ခန်းတွေအတွက်လည်း ကျောက်သင်ပုန်းတို့၊ မြေဖြူတို့၊ ဘောဖျက်တို့ပါ တစ်ပါတည်း စီစဉ်ပေးပါတယ်

“အေးကွာ အဲဒီလိုဆိုတော့လည်း ဒို့အစိုးရက ဒို့ပြည်သူတွေ အတွက် လိုလေသေးမရှိအောင် စီစဉ် ပေးထားတော့လည်း ဝမ်းသာကြည်နူးစရာပါ။ ဒါနဲ့ ငါတစ်ခုသွားပြီးတွေးမိတယ်။ မင်းတို့ ငါတို့ငယ်ငယ် တုန်းက ကျောင်းဖွင့်ချိန်နီးရင် မိဘတွေအတော်လေး ဒုက္ခရောက်ကြ တယ်။ ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးနဲ့ အတော်လေး ဦးနှောက်ခြောက်ရတယ်။ အခုခေတ်မှာတော့ ကျောင်းဝင်ကြေးတွေ၊ ကျောင်းလခတွေ နိုင်ငံတော်ကကျခံပေးတော့ ကျောင်းသားမိဘတွေ ဘာမှပူစရာမလိုတော့ဘူး။ စိတ်မဆင်းရဲရတော့ဘူးပေါ့ကွာ

အစ်ကိုကြီး၏ မျက်နှာက ဝမ်းသာကြည်နူးမှုဖြင့် အပြုံးရိပ်လွှမ်း နေသည်။

“ဒါနဲ့နေပါဦးကွ ကိုအောင်ရ။ အခု လူတွေ “အသုံးလုံးကျေသင်တန်းတွေပေးတာတော့ ဟုတ်ပါပြီ၊ ရက် ၄ဝ ပြည့်လို့ စာတတ်ပြီ ဆိုပါစို့ကွာ။ စာဆိုတာက သင်ရင်တော့ တတ်တာပေါ့ကွာ။ ဒါပေမဲ့ အဲဒီတတ်ထားတဲ့စာက ပြန်မဖတ်ရင်၊ ကြာရင် မေ့သွားမယ်လေကွာ။ အဲဒီအတွက်ရော‌ ဒို့အစိုးရက ဘယ်လိုစီစဉ်ထားသလဲ

“အော် အစ်ကိုကြီးကလည်း စပြီးပြောတာကိုက တစ်နိုင်ငံလုံးမှာ ရှိတဲ့ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ စာအုပ်နဲ့ အလှူငွေပေးအပ် ပွဲအခမ်းအနားလုပ်တာလေ။ ဒီအခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်ပြီး လှူဒါန်းခဲ့တာ၊ စည်းရုံးခဲ့တာ၊ ဧပြီလ ၃ ရက်နေ့နဲ့ ၁ဝ ရက်နေ့မှာလုပ်ခဲ့တာ။ ၁ဝ ရက်နေ့ကလုပ်ခဲ့တဲ့ အခမ်းအနား မှာ နိုင်ငံတော်ဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ မြို့နယ် ၃၃ဝ၊ မြို့ပေါင်း ၄၇၁ မြို့၊ ရပ်ကွက် ၃၄၈၅ ခု၊ ကျေးရွာအုပ်စု ၂၃၉၁ဝ နဲ့ ကျေးရွာ ပေါင်း ၆၃၂၁ဝ ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်တဲ့ ခရိုင်နဲ့ မြို့နယ်အဆင့် စာကြည့်တိုက် ၄၁ဝ ရှိပြီး လူပုဂ္ဂိုလ်နဲ့ ရပ်ရွာပြည်သူလူထုရဲ့ အစီအစဉ် နဲ့ ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက် ၃၅ဝဝ ကျော်သာ ရှိသေးတာမို့ စာကြည့်တိုက်တွေ တိုးတက်ဖွင့်လှစ်ဖို့အတွက် အခုလို စာအုပ်နဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းတဲ့ စာပေအသိပညာလှူဒါန်းပွဲတွေက တိုင်းပြည်အတွက် အများကြီးအကျိုးရှိတယ်လို့ ပြောသွားတယ်လေ အစ်ကိုကြီးရဲ့

“အေးဟုတ်ပါပြီကွာ။ မင်းပြောတဲ့ လှူဒါန်းပွဲမှာရော အဲဒီနေ့က တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေရဲ့ လှူဒါန်းပွဲတွေမှာ လှူတာအပါအဝင် အဲဒီနေ့ တစ်နေ့တည်း မှာကို စုစုပေါင်းအလှူငွေကျပ် ၉၈၅၃၆၅၄၅ဝ နဲ့ သုတ၊ ရသစာစောင် ၇၉၂၁၁ အုပ် ရရှိခဲ့တယ်လို့ စာရင်းမှတ်တမ်းတွေအရ သိရတယ်ကွာ။ တကယ့်ကို ဝမ်းသာကြည်နူးအားရစရာပဲ။ အဲဒီနေ့မှာ နိုင်ငံတော် ဝန်ကြီးချုပ် ပြောကြားခဲ့တဲ့စကားတွေထဲမှာ ဒို့တစ်တွေ အလေးအနက် ထားရမှာကတော့...

“ရေအသက် တစ်မနက်

“ထမင်းအသက် ခုနစ်ရက်

“စာပေအသက် ဘဝတစ်သက် ပါ ဆိုတာပါပဲကွာ။