စာပေဗိမာန်စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုကြသည့် ပြည်သူများအပြင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုလာရောက်ဖတ်ရှုနိုင်ရန် စာဖတ်ရှိန်မြှင့်တင်မှု ကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည်


ရန်ကုန် မေ ၃၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာကြည့်တိုက်နှင့် စာပေဗိမာန်စာအုပ်ဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး အရာထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ စာပေဗိမာန် စာကြည့်တိုက်တွင် ပြည်သူများ စာအုပ်စာပေဖတ်ရှုနေမှုကို ကြည့်ရှုပြီး စာပေဗိမာန် စာအုပ်အရောင်းဆိုင်တွင် စာအုပ်အမျိုးအစားပေါင်း ၁၁၆ မျိုး၊ စာအုပ်ပေါင်း ၄၇၀၀၀ ရောင်းချနေမှုနှင့် စာပေချစ်ပြည်သူများ စာအုပ်စာပေ လေ့လာဝယ်ယူနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့နောက် စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ အရာထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စာအုပ်စာပေယဉ်ကျေးမှုသည် နိုင်ငံအတွက် အရေးပါပြီး စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က စာပေကို လေးစားမြတ်နိုးပြီး စာပေပညာရှင်များကို အထူးတန်ဖိုးထား အားပေးလျက်ရှိကာ စာပေကဏ္ဍ ဖွံ့ဖြိုးရေးတွင် တစိုက်မတ်မတ် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပါကြောင်း။
စာပေဗိမာန် စာကြည့်တိုက်တွင် လာရောက်ဖတ်ရှုကြသည့် ပြည်သူများအပြင် ကျောင်းသား၊ ကျောင်းသူများ ပိုမိုလာရောက် ဖတ်ရှုနိုင်ရန် စာဖတ်ရှိန်မြှင့်တင်မှု ကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် စာဖတ်ရှိန်မြင့်မားရေး လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များ စာပေပိုမိုဖတ်ရှုကြရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးကို အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
စာပေပညာရှင်များ၊ ပြည်သူများ လာရောက်လေ့လာနိုင်မည့် နေရာတစ်ခု၊ စာပေဆွေးနွေးပွဲများနှင့် စာပေချစ်သူများ အေးချမ်းစွာ နားခိုပြီး စာပေဖတ်ရှုနိုင်မည့် နေရာတစ်ခုအဖြစ် အပြင် ကျောင်းသား ကျောင်းသူ လူငယ် လူရွယ်များ လာရောက်လေ့လာအပန်းဖြေနိုင်သည့် နေရာတစ်ခုအဖြစ် စာဆိုဗိမာန် တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိပြီး မကြာမီ အကောင်အထည် ပေါ်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ဌာန၏လုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စာပေဗိမာန်ရှိ ဌာနစိတ်တာဝန်ခံများက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ 
သတင်းစဉ်