စာပေဖြင့်ညွှန်းတု၍ အလေးပြုပါသည် ကိုးဦးအာဇာနည်

 

မေတ္တာမိုးနှင်း(ပဲခူး)

 

လူသားတို့အတွက် မမေ့နိုင်သောနေ့ရက်များ ရှိပေလိမ့်မည်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အောင်မြင်ခြင်း စသည့်ခံစားချက်များဖြင့် မေ့မရသောနေ့ရက် ဆိုသည်မှာ လူသားတို့၏ အတိတ်သမိုင်းတွင် ရှိစမြဲ ပင်ဖြစ်သည်။ ထိုလူသားများစွာထဲမှ မြန်မာပြည်သူ ပြည်သားများ၏ ရင်ထဲခံစားချက်ဖြင့် မေ့မရသော အတိတ်သမိုင်းလည်း ရှိခဲ့ပါသည်။ သမိုင်းထဲမှ မြန်မာပြည်သူပြည်သားတို့၏ စိတ်လှိုင်းဟူသမျှကို  အပူလုံးကြွစေပြီး ဝမ်းနည်းတသဖြစ်ရသည့်နေ့ သည် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ပင်ဖြစ်ပေသည်။ မြန်မာပြည်သူပြည်သားများ၏ အသည်း နှလုံးမှ ယူကျုံးမရစွာ မျက်ရည်မိုးများသွန်းဖြိုးခဲ့ ရသလို ဇူလိုင်မိုးသည်လည်း ဖြိုင်ဖြိုင်ရွာသွန်းခဲ့ သောကြောင့် အလွမ်းမိုးများမစဲဘဲ သည်းထန်ခဲ့ရ သောနေ့ပင် ဖြစ်သည်။

 

ရာဇဝင်မှ စိတ်လှိုင်းဗျာပါပွေသည့်အတိတ်သမိုင်း

 

စာရေးသူတို့ မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့သောနိုင်ငံ ဖြစ်သည်။ သို့သော် ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့ လက်အောက်သို့ သူ့ကျွန်ဘဝအဖြစ် ကျရောက်ခဲ့ရသည်။ တိုင်းရင်းသားပေါင်းစုံတို့သည် ရရာလက်နက် စွဲကိုင်၍ တော်လှန်ခဲ့ကြသည်။ ခေတ်မီလက်နက်မရှိခြင်း၊ စည်းလုံးညီညွတ်မှု မရှိခြင်းတို့ကြောင့် မအောင်မြင်ခဲ့ကြချေ။ နယ်ချဲ့လက်ပါးစေတို့၏ သွေးထိုးလှုံ့ဆော်မှုတို့ကြောင့်လည်း စည်းလုံးညီညွတ်မှုပျက်ပြားပြီး မအောင်မြင်ခဲ့ကြသည်လည်း ရှိသည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် အိန္ဒိယမှ လယ်ယာလုပ်သားများကို ခေါ်ဆောင်လာကြသော်လည်း ချစ်တီးတို့၏ ခေါင်းပုံဖြတ်ခြင်းကို မြန်မာပြည်သူ ပြည်သားများ ခံစားကြရပြန်သည်။ စီးပွားရေး၊ လူမှုရေးသာမက ငွေကြေးချမ်းသာသူများသာ တက်ရောက်နိုင်သော ပညာရေးကျောင်းများကို ဖွင့်လှစ်၍ ပညာရေးကိုလည်း ဖိနှိပ်ထားခဲ့ကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုများ

 

၁၉၃၆ ခုနှစ်တွင် ပြဋ္ဌာန်းသော တက္ကသိုလ် အက်ဥပဒေသည် လူတန်းစားမရွေး ပညာသင်ကြား နိုင်သည့် အခွင့်အရေးမရှိခဲ့ပေ။ ထို့ကြောင့် ကျောင်းသားများသမဂ္ဂကိုဖွဲ့စည်း၍ ကျောင်းသားခေါင်းဆောင်အဖြစ် မောင်အောင်ဆန်းက ဦးဆောင် ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ထို့နောက် တို့ဗမာအစည်း အရုံးခေါင်းဆောင် သခင်အောင်ဆန်းဟု သခင် အမည်ခံယူလျက် “သခင်မျိုးဟေ့၊ တို့ဗမာ”ဟူသောကြွေးကြော်သံဖြင့် မြန်မာပြည်သူပြည်သားများ၏နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည်။ တစ်မျိုးသားလုံး အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာကြတော့ သည်။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် လွတ်လပ် ရေးလမ်းစကို မီးမောင်းထိုးပြခဲ့သော နယ်ချဲ့ တော်လှန်ရေးသမားကြီး သခင်အောင်ဆန်းပင် ဖြစ်သည်။

 

ထို့နောက် သခင်အောင်ဆန်းသည် မျိုးချစ် လူငယ်များဖြင့် ရဲဘော်သုံးကျိပ်ကိုဖွဲ့စည်း၍ ဂျပန် ပြည်တွင် စစ်ပညာကို လျှို့ဝှက်စွာသင်ယူခဲ့သည်။ တိုင်းပြည်အတွက် လက်မောင်းသွေးဖောက်၍ သွေးသစ္စာရေသောက်ခဲ့ကြသည်။ စစ်ပညာသင်ကြား ပြီးနောက် ဂျပန်တို့၏အကူအညီဖြင့် အင်္ဂလိပ်နယ်ချဲ့ တို့အား မြန်မာ့မြေပေါ်မှ နှင်ထုတ်နိုင်ခဲ့သည်။ အင်္ဂလိပ်တို့သည် မြန်မာ့မြေပေါ်မှ ထွက်ခွာ သွားသော်လည်း ရောက်ရှိနေသော ဂျပန်တို့သည် စစ်ဘီလူးကဲ့သို့ ရက်စက်ကြမ်းကြုတ်ကြသည်။ မြန်မာပြည်သူပြည်သားများအား နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ကြပြန်သည်။ ထို့ကြောင့် မြန်မာ့ မျိုးချစ်တပ်မတော်၏ ဖခင်ကြီးဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းသည် မဟာမိတ်တို့၏အကူအညီကို ရယူ၍ ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့မြေပေါ်မှ အပြီးတိုင်တိုက်ထုတ်ခဲ့သည်။

 

တစ်ဖန် အုပ်ချုပ်ရန်ပြန်ရောက်လာသော အင်္ဂလိပ်နယ်ချဲ့တို့ထံ၌ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာပြည်သူတစ်ရပ်လုံးက မဖြစ်မနေ လွတ်လပ်ရေးပေးရန် တောင်းဆိုကြသည်။ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်မှုရှိရန် ကြိုးပမ်းရသည်။ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို သိမြင်လာအောင် ဟောပြောညွှန်ပြခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်နယ်ချဲ့တို့ထံမှ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်ရေးပေးပါမည်ဟူသော ကတိစာချုပ်ဖြစ်သည့် “အောင်ဆန်း-အက်တလီ” စာချုပ်ကို အင်္ဂလန်တွင် ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ် ပါအတိုင်း တိုင်းပြုပြည်ပြုလွှတ်တော်ကို ၁၉၄၇ ခုနှစ်ဧပြီလတွင် ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလအဖွဲ့က ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ပေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို ဖော်ပြနိုင်ခဲ့သော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည်။ မြန်မာ့လွတ်လပ်ရေးသည် ရောင်ခြည်သန်း လာနေပြီ ဖြစ်ပေသည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ် အောင်ဆန်းအား “မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး” ဟု တင်စားခဲ့ရခြင်းဖြစ်သည်။

 

နယ်ချဲ့လက်ပါးစေများ၏အကြံပက်စက်မှု

 

ပြည်သူတစ်ရပ်လုံး၏ အားပေးထောက်ခံမှုကို ရရှိထားသော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဖဆပလအဖွဲ့အား နယ်ချဲ့လက်ပါးစေတို့က မနှစ် မြို့ကြချေ။ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတို့သည် အနေချောင်အစားချောင်ဘဝကိုသာ နှစ်သက်သော ကြောင့် အသက်သွေးချွေးပေးဆပ်ပြီး လွတ်လပ်ရေး ရယူရန် ကြိုးပမ်းသူများကို မနာလိုမရှုဆိတ်ဖြစ်နေ ကြသည်။ အင်္ဂလိပ်နယ်ချဲ့တို့နှင့် ပူးပေါင်းလျက် ခေါင်းဆောင်ကြီးများအား လုပ်ကြံရန် လျှို့ဝှက်စီစဉ် ခဲ့ကြသည်။ နယ်ချဲ့လက်ပါးစေတို့သည် တိုင်းတစ်ပါး သားကို အားကိုး၍ မိမိတိုင်းပြည်ကို မတရားသဖြင့် အုပ်ချုပ်ရန်အကြံအစည်များဖြင့် ရက်စက် ကြမ်းကြုတ်သောလုပ်ရပ်ကိုဖန်တီး၍ စောင့်ဆိုင်း နေကြတော့သည်။

 

သွေးမျက်ရည်ကျရသည့်နေ့

 

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးရပြီးနော်က တိုင်းပြည်၏ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ရန် တိုင်ပင်ဆွေးနွေးကြရမည်ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံး၌ ဝန်ကြီးများအစည်း အဝေးကို ဂျူဗလီဟောခန်းမတွင် ကျင်းပခဲ့သည်။ ထိုသို့အစည်းအဝေးကျင်းပနေသည့်အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်၌ နယ်ချဲ့လက်ပါးစေ ဂဠုန်ဦးစော ခေါင်းဆောင်သောအဖွဲ့၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ အိုင်စီအက် ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့ သွေးမြေကျခဲ့ရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကိုးဦးကျဆုံး ခဲ့သည့်ဖြစ်ရပ်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အမည်းစက်တစ်ခုအဖြစ် ထင်ကျန်ခဲ့သည်။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ကို မြန်မာပြည်သူပြည်သားများက ရှုတ်ချသကဲ့သို့ ကြီးမား သော အဖိုးမဖြတ်နိုင်သည့် ဆုံးရှုံးမှုကိုလည်း ယူကျုံးမရဖြစ်ကြရသည်။ ဖြေမဆည်နိုင်ဘဲ မျက်ရည် လှိုင်လှိုင်ကျခဲ့ရသည်။ အုံ့မှိုင်းနေသည့် မိုးသား တိမ်လိပ်တို့ကလည်း မျက်ရည်မိုးသွန်းဖြိုးရွာကျတော့သည်။ ခေါင်းဆောင်ကြီးများ၏ သွေးမြေကျ သလို ပြည်သူတို့၏ မျက်ရည်များလည်း မြေခခဲ့ရ သည်။ “မြေကြီးလည်းငို၊ မိုးလည်းငို” သော သွေးမျက်ရည်ကျရသည့်နေ့ပင် ဖြစ်ပေသည်။

 

အာဇာနည်ဟူသည်

 

အာဇာနည်ဟူသည်မှာ သင့်၊ မသင့်ကို ခဏချင်း ကောင်းစွာသိ၍ ရဲဝံ့စွာဆောင်ရွက်သူ၊ သာမန် သူတို့ထက် လက်ရုံးရည်၊ နှလုံးရည်ထူးကဲသာလွန်၍ အများအကျိုးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက် သူဟု မြန်မာအဘိဓာန်တွင် ဖော်ပြထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများသည် မိမိတို့အကျိုးကိုမမျှော်ကိုးဘဲ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကိုသာ လိုလားသူ များဖြစ်သည်။ အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စား ခဲ့ကြသူများဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို ပေးဆပ်ခဲ့သူများဖြစ်သောကြောင့် အာဇာနည်များဟု ခေါ်ဆိုထိုက်ခြင်း ဖြစ်ပေသည်။

 

အာဇာနည်နေ့

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် ခေါင်းဆောင်ကိုးဦးတို့သည် နယ်ချဲ့လက်ပါးစေတို့၏လက်ချက်ဖြင့် ကျဆုံးခဲ့ကြ ရသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေစဉ် အသက်ပေးဆပ်ခဲ့ကြရခြင်း ဖြစ်သည်။ အသက်ကိုစတေး၍ လွတ်လပ်ရေးကို အရယူပေးခဲ့ခြင်းပင် ဖြစ်သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံခြင်း၊ ရဲဝံ့စွန့်စားခြင်း၊ မဆုတ်မနစ်သော ဇွဲလုံ့လရှိခြင်း၊ စိတ်ဓာတ်၊ အပြု အမူ၊ အတွေးအခေါ်တို့သည် သူတစ်ပါးထက် သာလွန်မြင့်မြတ်ခြင်းတို့ကြောင့် ထိုနေ့တွင် ကျဆုံး ခဲ့ကြသူများကို မေ့မရနိုင်ဖြစ်ကြရသည်။ ထို့ကြောင့် ပြည်သူတို့၏ရင်ထဲမှ လှိုက်လှဲစွာအောက်မေ့တသ ရှိလျက် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ခေါင်းဆောင် ကြီးကိုးဦး ကျဆုံးခဲ့သော ဇူလိုင်လ ၁၉ ရက်နေ့ကို “အာဇာနည်နေ့”အဖြစ် သတ်မှတ်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို နှစ်စဉ်ကျင်းပရခြင်း ဖြစ်ပေသည်။

 

စာပေဖြင့်ညွှန်းတု၍အလေးပြုပါသည်

 

“သေသောသူကြာလျှင်မေ့”ဟုဆိုသော်လည်း ထိုစကားရပ်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ မပါဝင်ခဲ့ချေ။ သမိုင်းကျောရိုးကို ပြန်ထောက်တိုင်း တောက်ခေါက်ကြရသည်မှာ လူကြီးလူငယ်မရွေး ယနေ့ထိတိုင်ပင်ဖြစ်သည်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ စံနမူနာပြုပြီး ပြောပြကြသောကြောင့် မြန်မာပြည်သူတို့ ငယ်စဉ် အရွယ်ကတည်းက နှလုံးသားထဲစွဲမြဲထားခဲ့ကြရသည့် ခေါင်းဆောင်ကြီး ဖြစ်သည်။ အာဇာနည်နေ့ရောက်တိုင်း မိုးသားတိမ်လိပ်တို့ ညို့မှိုင်း ပြီး ရွာသွန်းဖြိုးသည်မှာလည်း နှစ်စဉ်နှစ်တိုင်းပင်။ ပြည်သူအားလုံး၏ စိတ်ဘဝင်သည်လည်း လွမ်းဆွေးခြင်းအပြည့်ဖြင့် ရင်နင့်နေကြရသည်။

 

စာရေးသူတို့အပါအဝင် ပြည်သူအားလုံး အာဇာနည်ခေါင်းဆောင် ကြီးများကို သတိရကြသည်။ သတိရရုံနှင့် လုံလောက်သည်မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတို့သည်လည်း ယနေ့ထက်ထိတိုင် အသက်ဝင်နေသေးသည် မဟုတ်ပါလား။ ထိုမိန့်ခွန်းမှာကြားချက် များကို မြန်မာပြည်သူတို့ လိုက်နာကြရပါမည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် “တိုင်းသူပြည်သား လူအများဟာ ဥမကွဲ သိုက်မပျက် တညီတညွတ်တည်း စည်းကမ်းတကျရှိဖို့လိုတယ်။ နယ်ချဲ့ သမားကို တကယ်တိုက်မယ့်သူဟာ အချင်းချင်းတိုက်ခိုက်နေဖို့မလိုဘူး” ဟု လမ်းညွှန်မှုပေးခဲ့သည်ကို မှတ်သားလိုက်နာကြရပေမည်။

 

ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ရောက်တိုင်း မြန်မာတစ်နိုင်ငံလုံး တွင် အာဇာနည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ကြသည်။ အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရလျက် ဝမ်းနည်းကြောင်းကို အလံတော်အား အလံတိုင်တစ်ဝက်လွှင့်ထူ၍ သက်သေပြကြသည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် ဥသြသံပြိုင်ဆွဲ၍ ပြည်သူများကလည်း ရောက်သည့် နေရာမှ ငြိမ်သက်စွာရပ်ပြီး အလေးပြုလျက် အောက်မေ့တသရှိကြောင်း ပြသကြလေသည်။ စာရေးသူအနေဖြင့် အာဇာနည်နေ့ရောက်တိုင်း အာဇာနည် ခေါင်းဆောင်ကြီးများကို နှမြောတသဖြင့် သတိရမိသည်။ ဥသြသံကြားချိန်၌ မျက်ရည်ဖြိုင်ဖြိုင်ကျရသည်။ ဥသြသံနှင့်အတူ အမိနိုင်ငံတော်အတွက် မိမိတတ်စွမ်းသမျှ အတတ်ပညာဖြင့် တာဝန်ထမ်းဆောင်သွားမည်။ မိမိတိုင်းပြည်၊ မိမိလူမျိုး စည်းလုံးညီညွတ်ရေး အတွက် ကလောင်လက်ဖြင့် စွမ်းဆောင်မည်ဟု သစ္စာဓိဋ္ဌာန်ပြုမိပါသည်။ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုလျက် အနာဂတ်နိုင်ငံတော်သစ်အတွက် တစ်ထောင့် တစ်နေရာမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပါမည်ဟု ကတိ သစ္စာပြုလိုက်ပါသည်။ ။