စာဖတ်ပရိသတ်တစ်ဦး

 

ညဉ့်နက်မှ အိပ်စက်တတ်သူတစ်ဦးပေမို့ နံနက်စောစောအိပ်ရာထရန် ဝန်လေးတတ်ပါသည်။ တစ်ခါတစ်ရံအကြောင်းကိစ္စရှိလျှင် နာရီနှိုးစက်အကူအညီရယူရပေသည်။ သို့နှင့်တိုင် အိပ်ရာမှ ချက်ချင်း မထသေး။ အိပ်ချင်မူးတူးဖြင့် ဆက်မှေးလျှင် မှေးလိုက်သေးသည်။

 

လင်းကြက်တွန်သံနှင့်  ကျေးငှက်လေးတို့၏ တစာစာတွန်ကျူး သံများက   နားထဲဝင်ရောက်လာသည်။   တစ်ဆက်တည်းမှာပင် တစ်ခေတ်တစ်ခါက ရဟန္တာတစ်ပါးဟု ထင်ရှားကျော်ကြားခဲ့သော ဘုန်းတော်ကြီး ဦးသီလ၏ ဆုံးမဩဝါဒစကားကို အမှတ်ရကြားယောင်လာမိသည်။

 

“တောထဲမှကြက်တွေ မနက်ထဖို့ ဘယ်သူက ကုလားတက် ခေါက်နှိုးရသတုံး”

 

ဘုန်းတော်ကြီး ဦးသီလသည် တစ်နေ့သော် ရဟန်းပျိုတပည့် ငယ်တစ်ပါးအား စာပေသင်ကြားရန် အရပ်တစ်ပါးသို့ လွှတ်လိုက်၏။ တပည့်ငယ်သည် သုံးလေးလကြာသောအခါ ဘုန်းတော်ကြီး ခေတ္တ သီတင်းသုံးရာကျောင်းသို့ ပြန်ရောက်လာ၏။

 

“ဟဲ့ မောင်ပဉ္စင်း၊ ဘာကိစ္စပြန်လာတာလဲ”

 

“မှန်လှပါ၊ တပည့်တော် ကုလားတက်တစ်ခုအလိုရှိလို့ပါ ဘုရား”

 

“ကုလားတက်က ဘာလုပ်ဖို့တုံး”

 

“နံနက်စောစောထ၍ စာကျက်ဖို့ဖြစ်ပါတယ် ဘုရား”

 

“အမယ်မင်း မောင်ပဉ္စင်းရယ်၊ မင်းတို့မှာ ပလိဗောဓများလိုက်တာ၊ တောထဲက ကြက်တွေ မနက်ထဖို့ ဘယ်သူက ကုလားတက်ခေါက် နှိုးရသတုံး”ဟု မိန့်တော်မူသောဟူ၏။

 

ရံဖန်ရံခါ ကျွန်တော်သည် ဆရာကြီးဦးသုခ၏ ရာမာခရစ်ရှနာ၏ ပုံပြင်များစာအုပ်ပါ ခါးစည်းတစ်လွှာကြောင့် ပလိဗောဓများတစ်ခုပြီး တစ်ခုပေါ်ပေါက်လာကာ မူလဘူတတရား အလုပ်ပျက်သွားခဲ့ပုံ ပုံပြင် ကိုလည်း အမှတ်ရမိသည်။

 

တစ်ခါတစ်ရံ ခေတ်စမ်းစာပေပညာရှင်ဆရာကြီး သိပ္ပံမောင်ဝ၏ “ငယ်ငယ်တုန်းက ဘွားဒွေးကြီး၏ ဝါးခြမ်းကိုကြောက်သောကြောင့် အိပ်ရာမှစောစောထခဲ့ရ၏။ ယခုမူကား တာဝန်ဝါးခြမ်းကို ကြောက်သောကြောင့် စောစောအိပ်ရာမှထလေ့ရှိလေသည်။ တာဝန်ဝါးခြမ်းက ဘွားဒွေးကြီး၏ ဝါးခြမ်းထက် အဆတစ်ရာမက ကြီးမားပေသေး၏။ အိပ်မောကျနေရင်း ဆတ်ခနဲလန့်၍ နိုးအောင်ပင်တတ်နိုင်သော တာဝန်ဝါးခြမ်းပေတည်း”ဟူသော “နိဗ္ဗာန်ဆော်” ဝတ္ထုဆောင်းပါးကို အမှတ်ရမိလေသည်။ ထိုသောအခါ ကျွန်တော်သည် အိပ်ရာမှ ချက်ချင်းလူးလဲထလေ့ရှိပါတော့သည်။

 

လခစားဝန်ထမ်းတစ်ဦးပေမို့ ပြတ်တုန်းလပ်တုန်း ၂၃ ဆိုသလို လကုန်ခါနီး ရက်နှစ်ဆယ်ကျော်ဆိုလျှင် အသုံးစရိတ်ကပြတ်ချင် လပ်ချင်သည်။ လုံးလုံးပြတ်လပ်မသွားအောင် ခြိုးခြံရသည်။ ချွေတာရ သည်။ ယခင်ကချေးများတတ်သော်လည်း ယခုမူ ယနေ့ခေတ်ကုန်ဈေးနှုန်းအရ ချေးများနေ၍မရတော့။ ဝင်ငွေနှင့် ထွက်ငွေမျှတစေ ရန် ကိုယ့်အိုးနှင့်ကိုယ့်ဆန် တော်ရုံသင့်ရုံစားကြရ၏။

 

ရံဖန်ရံခါ အိမ်ရှင်မ ဈေးကဝယ်ခြမ်းလာခဲ့သည့် တန်ဖိုးသင့် ဟင်းလျာတို့နှင့် ညမနက်ပြီးရသည့်နေ့ များလည်း ရှိသည်။ ထိုနေ့ ထိုရက် ထမင်းဝိုင်းများတွင် ထမင်းစားရင်း သတင်းစာဆရာ စာရေး ဆရာကြီး သခင်အောင်ဖေ၏ဘဝဇာတ်ကြောင်းကို ဖျတ်ခနဲသတိရ လေ့ရှိသည်။

 

“ကျွန်တော်တို့ တစ်အိမ်သားလုံး ပဲပြုတ်လေးသော်မှမစားနိုင်။ ဆားဖြူးစားရသည့် အနပ်ပေါင်း သုံးလေးဒါဇင်ကျော်ပါပြီ။ ကျွန်တော်၏ နေ့စဉ်မှတ်တမ်း၌ ယနေ့ပိုက်ဆံတစ်ပြားမှမရှိ၍ ထမင်းကို ဆားဖြူးစားရသည်ဟု ခဏခဏရေးနေသည်။

 

သားသမီးများသည် ကြေးမုံ၌ ကျွန်တော့်ဆောင်းပါးပါ၊ မပါကိုဘဲ ဂရုတစိုက်ကြည့်ကြ၏။ ကြေးမုံ၌ဆောင်းပါးပါလျှင် ညနေစာ ဘဲဥနှင့် အာလူးဟင်းစားကြရသကိုး။

 

ကြေးမုံသည် ယနေ့ဆောင်းပါးပါလျှင် ယနေ့ပင်ငွေထုတ်လို့ရ၏။ အခြားသတင်းစာများမှာ သုံးလေးရက် ကြာမှရတတ်၏။ ကြေးမုံသည် ကျွန်တော့်ကိုဆောင်းပါးခ နှစ်ဆယ်၊ အစိတ်ပေး၏။ လုပ်သားသည်လည်း နှစ်ဆယ်ပေး၏။ ဟံသာဝတီမှာ ဆယ့်ငါးကျပ်ပေး၍ နောက် နှစ်ဆယ့်ငါးကျပ် ပေး၏။ မြန်မာ့အလင်းနှင့် ဗိုလ်တထောင်မှာ ပထကတစ်ဆယ်ပေးပြီး နောက်ပိုင်း ဆယ့်ငါးကျပ်ပေးသည်” စသည်ဖြင့် ဆရာကြီးသခင်အောင်ဖေက သူ၏ “သခင်အောင်ဖေ၏ သခင် အောင်ဖေ” အတ္ထုပ္ပတ္တိစာအုပ်တွင် ဘဝတစ်ကွေ့ဝယ် လုပ်ငန်းများ အဆင်မပြေခိုက်က ကြုံတွေ့ခဲ့ဖူးသော ဘဝအခက်အခဲများကို ရေးသားခဲ့ဖူးလေရာ ကျွန်တော်သည် ထိုသို့အမှတ်ရခိုက်တွင် စားလက်စ ထမင်းဝိုင်းသည် ပို၍မြိန်ရှက် စားကောင်းလာသည်ဟု စိတ်ဝယ် ထင်မြင်လာတတ်သည်။

 

ရံဖန်ရံခါတွင် သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင် ဝေရဉ္ဇာမြို့တွင် ဝါကပ်တော်မူစဉ် အခါက မြို့သူမြို့သားများမှာ ဒုဗ္ဘိက္ခန္တရကပ်ကြီးနှင့် ကြုံတွေ့ခဲ့၍ မြင်းကုန်သည်တို့ လှူဒါန်းသော မုယောဆန်များကိုသာ တစ်ဝါတွင်းလုံး ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ရသည့် ဖြစ်စဉ်တော်ကို အောက်မေ့အမှတ်ရမိသည်။

 

မြင်းကုန်သည်များလှူဒါန်းသော မုယောဆန်တို့ကိုသည်အတိုင်း စား၍လည်းမဖြစ်။ ဆွမ်းဖြစ်အောင် ချက်ကြရန်လည်း ရဟန်းများမို့ကိုယ်တိုင်ချက်ခွင့်မရှိ၍ စား၍လည်းဖြစ်စေ၊ အပြစ်လည်းလွတ်စေရန် ကျောက်ဆုံမှာအမှုန့်ကြိတ်ပြီးမှ မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာ တော်အရှင်သူမြတ်တို့သည် ဘုဉ်းပေးသုံးဆောင်တော်မူကြရ၏။

 

မြိန်မြတ်သော ခဲဖွယ်ဘောဇဉ်များဘုဉ်းပေးရစဉ်ကကဲ့သို့ပင် ဘုရားရှင်သည် မုယောဆန်မှုန့်ကိုလည်း ငြိမ်သက်စွာဘုဉ်းပေးတော်မူ သည်ဟု ဗုဒ္ဓစာပေကျမ်းဂန်များတွင် ဖတ်ရှုမှတ်သားခဲ့ဖူးရာ ထိုအခါတွင် မြတ်ဗုဒ္ဓ၏ တာဒိဂုဏ်ကိုကြည်ညိုဦးခိုက်ဖြစ်ရပါသည်။

 

တစ်ခါတစ်ရံ ဇနီးသည်နှင့်အတူ ကျွန်တော်ဈေးလိုက်သွား၏။ ထိုအခါနေ့တိုင်း ကိုယ်တိုင် ဈေးဝယ်ထွက်လေ့ရှိသော နိုင်ငံကျော်စာရေးဆရာကြီး ဆရာသော်တာဆွေကို သတိရမိပြန်သည်။ ဝက်သား ဆိုင်ရှေ့ရောက်တော့ ပိုလို့သတိရလာသည်။ ဝက်သားတစ်ဆယ်သား ၃၅၀၀။ ကြက်သားဈေးနှုန်းများ ယခုရက်ပိုင်းအနည်းငယ်ပြန်ကျသွား သော်လည်း ဝက်သားဈေးနှုန်းက ယခုအထိခေါင်းမာနေဆဲ။ ပန်းပန် နေဆဲပင်။ ဆရာသော်တာဆွေတို့ ခေတ်ဝယ် ဝက်သားက အပေါဆုံး ဖြစ်သည်။ ဆရာက “ဆီရှား၍ ဝက်သားဖိကြိတ်” ဟု ရေးခဲ့သည်ကို ခေါင်းထဲစွဲနေမိသည်။

 

ထို့အတူ ၁၉၆၉ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အိုးဝေဂျာနယ်တွင် “ပြောရဦးမယ် မမြရီရေ”ခေါင်းစဉ်ဖြင့် ဆရာ ဆက်တိုက်ရေးသားခဲ့သောဆောင်းပါးများထဲမှ “မီးဖိုချောင်အရေး နိုင်ငံရေး” ဆောင်းပါး ကိုလည်း သတိရလာသည်။ ဆရာက “မီးဖိုချောင်ထဲမှာ ငရုတ်ကြက်သွန်တဒုံးဒုံးထောင်းပြီး စဉ်းတီတုံးမှာ အသားငါးတဒုတ်ဒုတ် ခုတ်နေရရင် တို့တိုင်းပြည် စည်ပင်သာယာဝပြောတာပဲကွ” ဟု ဆိုသည်။

 

အသိပညာပေးစာ သို့မဟုတ် ဗဟုသုတပေးသောစာပေ

စာပေထဲကအသိတရားများကား စာဖတ်နာလျှင်နာသလောက်၊ စာစုံအောင်ဖတ်လျှင် ဖတ်သလောက် မကုန်နိုင်ပါပေ။ အသိပညာ ပေးရန် (ဝါ) ဗဟုသုတပေးရန်ရည်ရွယ်ရင်းဖြစ်သော အသိပညာပေးစာ သို့မဟုတ် ဗဟုသုတပေးသောစာပေကိုဖတ်ရှုခြင်းဖြင့် စာဖတ်သူ သည် ဗဟုသုတကိုရစေသည်။

 

စေတနာနှိုးစာ သို့မဟုတ် သုတရသစာမျိုးကိုဖတ်ရှုလျှင် စာဖတ်သူသည်အံ့ဩခြင်း၊ သနားခြင်း၊ ချစ်ခြင်း၊ ကြောက်ရွံ့ခြင်းစသည်ဖြင့် ရသလည်းခံစားရ၊ ဗဟုသုတလည်းရကြလေသည်။ အဘယ်ကြောင့်ဆိုမူ သုတရသစာရေးဆရာသည် တစ်ခါတစ်ရံ သူသိသည့်အကြောင်းအရာကို စာဖတ်သူလက်ခံချင်လာအောင်ဖျောင်းဖျသွေးဆောင်ကာ ရေးသောကြောင့် ဖြစ်ပေသည်။

 

ရသစာရေးဆရာကား သူသိသောအကြောင်းကိုအခြေခံပြု၍ သူ့စေတနာကိုအဓိကထားကာ သူ့စိတ်ကူးဉာဏ်ဖြင့်ဆေးရောင်စုံ ခြယ်မှုန်းကာ ရေးသားလေ့ရှိသည်။ သို့ဖြင့် စာဖတ်သူသည် နှစ်သက် ခြင်းတည်းဟူသော ရသအဖုံဖုံကိုခံစားရရုံမက ဘဝအတွက် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို သဘောပေါက်ကာ ဘဝအသိကိုရလာနိုင်ပေသည်။ ထိုစာမျိုးကို အဆင့်အတန်းရှိသော “ရသစာပေ” ဟု သတ်မှတ်ကြပေသည်။

 

ထိုထိုသော ဗဟုသုတစာပေ၊ သုတရသစာပေနှင့် ရသစာပေများ ကို စာစုံအောင်ဖတ်ရှုလေ့လာသော စာဖတ်သူသည်စာဖတ်သက်ရင့် လာသည်နှင့်အမျှ၊ စာဖတ်နာလာသည်နှင့်အမျှ စာပေထဲက အသိတရားများကို လက်တွေ့ဘဝတွင်စံနမူနာဆောင်ရန်များ၊ သင်ခန်းစာ ယူရှောင်ရန်များအဖြစ် ချိန်ထိုးအသုံးပြုနိုင်ပါသည်။

 

စာဖတ်ဝါသနာပါသူတိုင်း စာဖတ်လေ့ရှိကြသည်။ အချို့က အပျော်ဖတ်၊ အချို့ကား စာကြမ်းပိုးဟု ခေါ်ရလောက်အောင် စာပေထဲတွင် မွေ့လျော်ပျော်ပိုက်စွာ စွဲစွဲမြဲမြဲဖတ်ရှုလေ့ရှိကြသည်။ ထို့အတူ စာပေ ဖတ်ရှုရာတွင် အချို့ကကိုယ်သန်ရာသန်ရာ၊ ကိုယ်နှစ်သက်ရာ စာပေအမျိုးအစားကို ရွေးချယ်ဖတ်ရှုသကဲ့သို့ အချို့မူကား စာကိုမျိုးစုံအောင် ဖတ်ရှုလေ့ရှိကြသည်။

 

စာရေးဆရာကြီးဇေယျကမူ စာဖတ်ရာတွင်အင်္ဂလိပ်စာအုပ်ရော မြန်မာစာအုပ်ပါ ဖတ်သင့်သည်။ နားလည်ရန်ခက်ခဲ၍မဖတ်ဟုမရှိရာ။ တတ်နိုင်သလောက်ကြိုးစားဖတ်ရမည် ဟူ၍လည်းကောင်း၊ စာရေးလို သူသည် လောကီလောကုတ္တရာနှစ်ဖြာစလုံးသော စာများဖတ်ရမည်။ စာကိုများများဖတ်၍ အာဂုံဆောင်သင့်သည်များကို ဆောင်ရမည်။ စာဖတ်နာလာသောအခါ များများဖတ်လာရသောအခါ စာမရေးခင် ကပင်နိုင်နင်းသလို ဖြစ်လာမည်။ စာရေးလိုသူသည် ဗဟုသုတပြည့် ရမည်။ ထို့ကြောင့် မြန်မာစာကို  များများဖတ်ပေးရမည်ဟူ၍ လည်းကောင်း “စာကောင်းပေကောင်း” ဆောင်းပါးတွင် လမ်းညွှန် အကြံပြုခဲ့ပါသည်။

 

ဆရာကြီး သခင်အောင်ဖေကမူ “ကျွန်တော်တို့သည် အများနည်းတူ တိုင်းပြည်ချစ်တတ်၏။ ကိုယ့်လူမျိုးကို ချစ်တတ်၏။ ဤသို့ချစ်တတ် လာအောင်စာပေကလမ်းညွှန်၏။ စာပေက အလင်းရောင်ပေး၏။ စာပေဟူသည်မှာ ကျမ်းစာ၊ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ စသည် တို့ဖြစ်၏။

 

လူတစ်ယောက်သည် ယနေ့အထိစာဖတ်နေ၏။ ထိုလူသည် ယနေ့အထိခေတ်မီသော အသိရှိပေ၏။ ငယ်စဉ်ကမိုးပျံနေအောင် စာသင်ခဲ့ပါစေ၊ ယနေ့စာမဖတ်လျှင် ယနေ့ပင်အသိရပ် အသိတုံးသွား ပေ၏”ဟုဆိုပါသည်။

 

သတင်းစာဆရာကြီး  ဂျာနယ်ကျော်ဦးချစ်မောင်ကလည်း “တစ်နေ့စာနဲ့အဆက်ပြတ်ရင် တစ်နေ့ အကန်း ဖြစ်တာပဲ။ သတင်းစာအလုပ်ကိုလုပ်ရင် စာဖတ်မှ။ စာမကျေတာဟာ အစာမကြေတာထက် ဆိုးတယ်”ဟုဆိုခဲ့ပါသည်။

 

သို့ဖြစ်ရကား စာဖတ်ဝါသနာရှင်များ၊ အထူးသဖြင့် တက်ခေတ် လူငယ်မောင်မယ်များသည် ခေတ်မီသောအသိပညာ ဗဟုသုတရရှိစေ ရန်၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်လာစေရန်၊ ကိုယ်ချင်းစာတရား ရှိလာစေရန်၊ ဘဝ၏အခက်အခဲများကို ယောနိသောမနသီကာရဖြင့် နှလုံးသွင်းဆင်ခြင်တတ်စေရန် စာကောင်းပေမွန်များကို စွဲစွဲမြဲမြဲဖတ်ရှု လေ့လာစေချင်သည်။ စာပေထဲကအသိတရားများကား ဘဝကိုခွန်အား ဖြစ်စေသည်။ ဘဝခရီးကို မတိမ်းစောင်းစေရန် လမ်းညွှန်ပေးနိုင်သည်။

 

မဃဒေဝကျမ်းတွင်လည်း -

“ပညာပြည့်ဝ၊ နှလုံးလှသော်

ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်

ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ

ပြီးနိုင်စွာ၏။”

ဟူ၍ဆိုထားခဲ့သည်မဟုတ်ပါလား။