ခင်​ဆွေမြင့် (မြန်မာစာ)

မ​ဟေသီထိပ်ထား ပဲခူးမိဖုရား

ရှေးမြန်မာဂန္ထဝင်စာ​ပေနယ်ပယ်တွင် မြန်မာအမျိုးသမီးစာဆိုများ၏ စာ​ပေဖန်တီးမှုသည် တစ်ခန်းတစ်ကဏ္ဍအဖြစ် လှပတင့်တယ်စွာ တည်ရှိခဲ့ပါသည်။ ​ရွှေနန်း​တော်​နေ မင်းမိဖုရားများ၊ နှမ​တော်များ၊ သမီး​တော်များ၊​ မောင်းမမိဿံများသာမက သာမန်နန်းတွင်းသူများ၊ ရပ်သူရွာသူ ကျေးလက်သူ အမျိုးသမီးများစွာတို့သည် စာသံ​ပေသံ၊ ကျမ်းဂန်သံပါ​သော နန်းတွင်းစာ​ပေများ၊ ထီးသံနန်းသံ လွမ်းသံပါ​သော ရတုကဗျာအချင်းကဗျာများ၊ ​လယ်​တောသံ ယာ​တောသံ ​ကျေး​တောသံပါ​သော​ တေးချင်းကဗျာ များစွာတို့ကို ​ရေးဖွဲ့ခဲ့ကြသည်။

ဟံသာဝတီ​ရွှေနန်း​ရှင် ငါးဆူဒါယကာ နန္ဒဘုရင်၏ မိဖုရား​ခေါင်ကြီးဖြစ်​သော၊ ပဲခူးမိဖုရားဟု နှောင်းလူတို့ အသိအမှတ်များကြ​သော ဟံသာဝတီ မိဖုရားကြီးသည်လည်း ရတုကဗျာပုဒ်​ရေများစွာ ကို ​ ရေးဖွဲ့ခဲ့​သည့် ​တောင်ငူ​ခေတ် နန်းတွင်းစာဆို မိဖုရားကြီးတစ်ပါး ဖြစ်ပါသည်။

“ဆောင်းလည်းကုန်​လေ၊ ​နွေသို့​ရောက်လစ်

ရတုသစ်ဝယ်၊ ကျူးထစ်သံပြိုင်

မြ​ရေစိုင်တိ၊ ရွာပြိုင်ထန်ပြင်း၊

ပဇ္ဇုန်မင်းသည်၊ ​နွေကြွင်းမိုးသင်နှစ်တကား

ထိုကဲ့သို့ ဆောင်းရာသီကုန်ဆုံး၍ နွေရက်များ ကြွင်းကျန်​နေ​သေး​သောအချိန်တွင်ပင် မိုးသည်းထန်စွာ ရွာကျလာ​သော ရာသီ၏ ထူးခြား​သော သဘာဝနှင့် ရသကို ခံစားမိလာ​အောင် ရာသီဖွဲ့များကို မိမိ၏ ရတုများစွာတွင် နှစ်လိုဖွယ် ​ရေးဖွဲ့လေ့ရှိသူဖြစ်သည်။

တွေ့ရှိရ​သော ပဲခူးမိဖုရား၏ ရတုပုဒ်​ရေ ၃၀ တွင် သူ့​ခေတ်သူ့အခါက ​ရွှေနန်း​တော်​နေ ဘဝတစ်ခုမှ ​အဆင့်မြင့်လှ​သော အမျိုးသမီးစာဆိုတစ်ဦး၏ သောက၊ ဒုက္ခ၊ သမုဒယ၊ အချစ်အလွမ်းများနှင့် ရတုကဗျာအဖွဲ့စွမ်းရည်ကို ထိ​တွေ့ခံစားရပါသည်။

ပဲခူးမိဖုရား

ပဲခူးမိဖုရားသည် မဟာသီရိ​ဇေယျသူရဘွဲ့ခံ ​ ကေတုမတီမြို့တည် မင်းကြီးညို၏သား​တော် တပင်​ရွှေထီး၏ သမီး​တော်တစ်ပါး ဖြစ်ပါသည်။ ဘုရင့်​နောင်​ကျော်ထင်​နော်ရထာနှင့် မင်းကြီးညို၏ သမီး​တော် တပင်​ရွှေထီး၏ အစ်မ​တော်ဖြစ်​သော ခင်ကြီး၏သား​တော် နန္ဒမင်းသားနှင့် လက်ဆက် ခဲ့သူဖြစ်ပါသည်။ ဆင်ဖြူများရှင် ဘုရင့်​နောင်​ကျော်ထင်​နော်ရထာ နတ်ရွာစံပြီး​နောက် နန္ဒ မင်းသားသည် ဟံသာဝတီနန်းသို့ တက်ရ​သောအခါ ပဲခူးမိဖုရားသည် အတုလသီရိ မဟာရာဇ​ဒေဝီဘွဲ့ခံ မိဖုရား​ခေါင်ကြီး ဖြစ်လာခဲ့ပါသည်။ ဟံသာဝတီ​- တောင်ငူ ထီးနန်း​လောကတွင် ပဲခူးမိဖုရား ဟူ၍ ထင်ရှားခဲ့သူဖြစ်ပါသည်။

ပဲခူးမိဖုရားသည် တပင်​ရွှေထီး၏ အစ်မ​တော် ခင်ကြီး၏ တူမ​တော်ရင်းဖြစ်ပြီး နန္ဒဘုရင်သည် တပင်​ရွှေထီး၏ တူ​တော်ရင်းဖြစ်သည်။ ပဲခူးမိဖုရားနှင့် နန္ဒဘုရင်သည် ​မောင်နှမတစ်ဝမ်းကွဲ​ တော်စပ် သူဖြစ်သည်။ ဝမ်းကွဲ​မောင်​တော် နှမ​တော်ချင်း လက်ဆက်ရာမှ သား​တော် သမီး​တော် ခုနစ်​ပါး မွေးဖွားခဲ့ပါသည်။ သား​တော် သမီး​တော်များမှာ-

(၁)     မင်းအကြီး - ​တောင်ငူ ဒုတိယ​ရွှေနန်းတည် မင်းရဲသီဟသူ၏ ညီ​တော် ​ကောလိယမင်းရဲကျော် ထင်နှင့် လက်ဆက်သူ၊

(၂)      မင်းအ​ထွေး - အိမ်​ထောင်မကျ၊

(၃)     မင်းကြီးစွာ -   နန္ဒဘုရင် နန်းတက်ပြီး​နောက် အိမ်​ရှေ့မင်းဖြစ်လာပြီး ရာဇဝင်ကျမ်းများတွင် အိမ် ​ရှေ့ဥပရာဇာငယ်ဟူ၍ ​ခေါ်​ဝေါ်သုံးစွဲသူ၊ ရာဇဓာတုကလျာကို သိမ်းယူခဲ့သူ၊

(၄)     ခင်မ​နှောင်း - မြန်မာသက္ကရာဇ် ၉၆၂ (ခရစ် နှစ် ၁၆၀၀) တွင် ဟံသာဝတီသို့ စစ်ချီလာ​သော ရခိုင်မင်းအပြန်၌ တောင်ငူဘုရင်မင်းရဲသီဟသူက ဆင်ဖြူနှင့်အတူ ​ပေးအပ်ခဲ့​သော​ကြောင့် ရခိုင်သို့ ဆောင်ယူခံရသူ၊

(၅)     ခင်ပု - အသက် ၁၉ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သူ ၊

(၆)     အင်းဝမင်းရဲ​ကျော်စွာစုန် - အင်းဝဘုရင်ခံ ဖြစ်ခဲ့ပြီး ​တောင်ငူဘုရင်မင်းရဲသီဟသူလက်​အောက် သို့ ဝင်ခဲ့သူ၊ ​တောင်ငူမိဖုရားနှင့် သား​တော်နတ်သျှင်​နောင်တို့၏ လုပ်ကြံမှုဖြင့် ကွယ်လွန်ခဲ့သူ၊

(၇)     မင်းကြီး​နှောင်း - နန္ဒဘုရင်လက်ထက်တွင် သတိုးဓမ္မရာဇာဘွဲ့မည်ဖြင့် ပြည်မြို့ကိုစားရသူတို့ ဖြစ်သည်။

ပဲခူးမိဖုရားနှင့် ​တောင်ငူ​ခေတ်နောက်ခံဝန်းကျင်

မြန်မာရာဇဝင်ကျမ်းများအလိုအရ ​တောင်ငူမြို့သည် ​ ဂေါတမဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်ရနယ်​မြေတွင် တည်ခဲ့​သော မြို့ကြီးပြည်ကြီးဖြစ်သည်။ မြန်မာသက္ကရာဇ် ၆၄၁ခုနှစ် (ခရစ်နှစ် ၁၂၇၉) တွင် ဆွာ​ချောင်းနားရှိ ကမ်းပါးမြင့်ရွာ - ရွာစား၏သားကြီး သဝန်ကြီးသည် ခပေါင်း​ချောင်းနှင့် ​ပေါင်းလောင်း မြစ် ဆုံရာအရပ်တွင် ​ တောင်ငူမြို့ကို စတင်တည်ထောင်ခဲ့သည်။ သဝန်ကြီး သဝန်ငယ်မှအစ ပြု၍ မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ကြ​သော ​တောင်ငူသည် မြန်မာမင်းများ နန်းစိုက်ခဲ့ကြ​သော မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝဟူ​သော နန်းမြို့ များထက် မြို့သက်ရှည်ကြာ​​သော မြို့ဖြစ်ပါသည်။

မြန်မာသက္ကရာဇ် ၈၄၇ ခုနှစ် (ခရစ်နှစ် ၁၄၈၅) တွင် ​ တောင်ငူမင်း ၂၉ ဆက်​မြောက်ဖြစ်​သော မင်းကြီးညို နန်းတက်သည်မှစ၍ ​ တောင်ငူသည် အင်အားကြီးမားလာခဲ့သည်။ မင်းကြီးညိုသည်​ တောင်ငူပတ်ဝန်းကျင် မြို့ရွာများကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။ မင်းကြီးညို၏ ထက်မြက်​သော စစ်​ရေးစွမ်းရည်ကြောင့် ​တောင်ငူ၏ စစ်​ရေးအောင်မြင်မှုနယ်ပယ်သည် ကာလတိုအတွင်းမှာပင် ဟံသာဝတီအစပ်၊ ရမည်းသင်း မိတ္ထီလာနယ်​​မြေ၊ ​ကျောက်ပန်း​တောင်းနယ်၊ ​တောင်တွင်းကြီးနယ်ပယ် များအထိ ကျယ်ပြန့်လာခဲ့သည်။

​ရွှေနန်း​ကြော့ရှင်လက်ထက် အင်းဝ၏ နန်းတွင်း ထီးနန်းလုပွဲများ၊ ​တော်လှန်ပုန်ကန်မှုများ​ကြောင့် လည်း အင်းဝမှ​တောင်ငူသို့ ထွက်​ပြေးတိမ်း​ရှောင်သူများ ​ များစွာရောက်ရှိလာခဲ့ကြသည်။ ဤသို့ဖြင့် တောင်ငူတွင် လက်ရုံးရည် နှလုံးရည်ထက်မြက်သူများ တိုးပွားလာခဲ့သည်။ အင်းဝဘုရင် ဒုတိယ မင်း​ခေါင်က မင်းကြီးညိုအား မင်း​​မြောက်တန်ဆာ ငါးပါး​ပေးပို့ပြီး ထီးရှင်နန်းရှင် မင်းတစ်ပါးအဖြစ် အသိအမှတ်ပြုခဲ့ခြင်း၊ အင်းဝ​ရွှေနန်း​ကြော့ရှင် ဘုရင်နရပတိက တူမ​တော်နှစ်ပါးကို မိဖုရားများ အဖြစ် ​ပေးအပ်ခဲ့ခြင်းဟူ​သော နိုင်ငံ​​ရေးအ​ခြေအနေ၊ နန်းတွင်းလူမှုဆက်ဆံ​ရေးအ​ခြေအ​နေများ ဖြစ်​​တည်လာခဲ့ပါသည်။

မင်းကြီးညို နတ်ရွာစံပြီး​နောက် နန်းတက်​သော တပင်​ရွှေထီးနှင့် ဘုရင့်​နောင်လက်ထက်တွင် တောင်ငူကို အခိုင်အမာ အ​ခြေပြုပြီး တစ်မြို့တစ်နန်းစီဖြင့် ဖရိုဖရဲပြိုကွဲ​နေ​သော မြန်မာနိုင်ငံ​တော်ကြီးကို ပြန်လည်စည်းရုံး တည်​ဆောက်ခဲ့ကြသည်။ မြန်မာ သက္ကရာဇ် ၈၉၂ခုနှစ် (ခရစ်နှစ် ၁၅၃၀) - တပင်​ရွှေထီး နန်းတက်သည်မှ ဘုရင့်​နောင်မင်းတရားကြီး နတ်ရွာစံသည့် မြန်မာသက္ကရာဇ် ၉၄၃ခုနှစ် (ခရစ်နှစ် ၁၅၈၁) အထိ နှစ်​ပေါင်း ၅၀မျှကြာ​အောင် မင်းနှစ်ပါးသည် မြန်မာ တပ်မှူး၊ စစ်ကဲ၊ ရဲမက်၊ စစ်သည်များ နှင့်အတူ ပြည်တွင်းပြည်ပတိုက်ပွဲများ၊ မြို့သိမ်း ပြည်သိမ်းတိုက်ပွဲများ များစွာကို ​ဆင်နွှဲခဲ့ကြသည်။

အသက်၊ သွေး၊ ချွေး၊ ကိုယ်လက်ခန္ဓာများစွာကို စ​တေးပြီး စည်းလုံးညီညွတ်​သော၊ ဖွံ့ဖြိုးတိုးတက်​သော၊ ​အေးချမ်းသာယာ​သော၊ အခြားတစ်ပါး​သော မင်းတို့ ​နှောင့်ယှက်ဖျက်ဆီးရန် မဝံ့​သော၊ သာသနာ့အ​ရောင် ဆီမီးတန်​ဆောင်ကဲ့သို့ ထွန်းပ​သော မြန်မာနိုင်ငံ​တော်ကို တည်​ထောင်နိုင်​အောင် ကြိုးပမ်း အားထုတ်ခဲ့ကြသည်။

ဘုရင့်​နောင်၏ အရိုက်အရာကို​ ဆက်ခံ​သော သား​တော် ငါးဆူဒါယကာ နန္ဒဘုရင်လက်ထက်တွင် ပြည်ဘုရင်သတိုးဓမ္မရာဇာ၊ ​တောင်ငူဘုရင် မင်းရဲ သီဟသူ၊ ​ဇင်းမယ်​နော်ရထာ​စော၊ ညောင်ရမ်း မင်းရဲ ရန္တမိတ် စ​သော ဘထွေး​တော်၊ ညီအစ်ကို​တော်၊ မြို့စားနယ်စား ဘုရင်ခံများနှင့် စိတ်ဝမ်းကွဲလာခဲ့ သည်။ ​တောင်ငူဘုရင်မင်းရဲသီဟသူနှင့် သား​တော် နတ်သျှင်​နောင်တို့၏ တိုက်ခိုက်သိမ်းပိုက်မှု​ကြောင့် ​ က​​​မ္ဘောဇသာဒီ​ရွှေနန်း​တော်နှင့် ဟံသာဝတီ​ ရွှေမြို့​တော် ပျက်စီးခဲ့ရသည်။ သံလျင်စားငဇင်ကာ နှင့်ပူး​ပေါင်းပြီး မြန်မာ့နန်းမြို့​တော်​ ​တောင်ငူကို ဖြိုလှဲခဲ့​သော နတ်သျှင်နောင်လက်ထက်တွင် တောင်ငူမင်းဆက်ပြတ်ခဲ့သည်။

စစ်ပွဲများ၊ တိုက်ပွဲများ၊ ​အောင်ပွဲများ၊ စစ်​ဘေး စစ်ဒဏ်ခံစားရခြင်းများ၊ မြို့ကြီး နန်းကြီး တည်ထောင် နိုင်ခြင်းများ၊ သာသနာ​တော်ပြန့်ပွားထွန်းကားခြင်းများနှင့် ယ​နေ့ထိတိုင် မြန်မာ့သမိုင်းတွင် နယ်နိမိတ်ဧရိယာ အကျယ်ပြန့်ဆုံးဖြစ်ခဲ့သော ဒုတိယမြန်မာ နိုင်ငံ​တော်ကြီး ထူ​​ထောင်နိုင်ခဲ့ခြင်းများကို ခက်ခဲကြမ်းတမ်းပင်ပန်းစွာ ဖြတ်သန်းခဲ့ရ​သော ​တောင်ငူ​ခေတ်သည် မြန်မာသက္ကရာဇ် ၉၇၄ ခုနှစ် ( ခရစ်နှစ် ၁၆၁၂ ) တွင် အဆုံးသတ်ခဲ့ရပါသည်။

ပဲခူးမိဖုရား၏ ဘဝရှင်သန်ရ​သော ​တောင်ငူခေတ်ကာလ​၏ နောက်ခံဝန်းကျင်သည် ရွာတစ်ရွာ- မြို့တစ်မြို့ - ရုံးတစ်ရုံး - ဓားတစ်စင်းဖြင့် ကိုယ့်မင်းကိုယ့်ချင်း မင်းလုပ်​နေကြ​သော​၊ ဝါးအစည်း​ပြေ​နေကြ​သောခေတ်၊ သူပုန်သူကန် သူခိုးဓားပြများ ပုန်ကန်​သောင်းကျန်း​နေ​ကြသော​ခေတ်ဖြစ်သည်။ မင်းတရား​ရွှေထီးနှင့် ဘုရင့်​နောင်သည် ဤသို့​သော မြန်မာနိုင်ငံ​တော်ကို စစ်​ရေးနည်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နှိမ်နင်းခဲ့ကြရသည်။ နိုင်ငံ​ရေး နည်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးသိမ်းသွင်း ခဲ့ကြရသည်။

ပဲခူးမိဖုရားသည် ​တောင်ငူဘုရင် မင်းကြီးညို၏ ​ မြေး​တော်ရင်း၊ မင်းတရား​ရွှေထီး၏ သမီးတော်၊ ဘုရင့်​နောင်​ကျော်ထင်​နော်ရထာ၏ ​ချွေးမ​တော်၊ နန္ဒဘုရင်၏ မ​ဟေသီမိဖုရား​၊ အိမ်​ရှေ့စံများ မြို့စား ပြည်စားများ မိဖုရားများဖြစ်​နေကြ​သော သား​တော်သမီး​တော်များ၏ မယ်​တော်မိဖုရား​ခေါင်ကြီး တစ်ပါး ဖြစ်ပါသည်။

ပဲခူးမိဖုရား၏ ဖခမည်း​တော်၊ ​ယောက္ခမ​တော်၊ ခင်ပွန်းသည်နှင့် သား​တော်များ၊ သမက်​တော်များ၊ ​ဆွေ​တော်မျိုး​တော်များသည် ​တောင်ငူခေတ်၏ နိုင်ငံ​ ရေး​ခေါင်း​ဆောင်၊ စစ်​ရေး​ခေါင်း​ဆောင်များအဖြစ် တိုက်ပွဲ စစ်ပွဲများစွာတွင် ပါဝင်​ခဲ့ကြရသည်။ ​မိ​ဝေး ဖ​ဝေး၊ သား​ဝေး သမီး​ဝေး၊ ချစ်သူအိမ်သူ​ဝေး နေခဲ့ကြရသည်။ ​ချွေး၊ သွေး၊ အသက်နှင့် ခန္ဓာများကို စွန့်စား စွန့်လွှတ်ခဲ့ကြရသည်။

ပဲခူးမိဖုရားသည် စစ်ချီ စစ်ထွက်​နေကြရ​သော ခင်ပွန်းသည်နှင့် သား​တော်၊ သမက်​တော်များ၊ စစ်သူကြီးများ တပ်မှူးများတို့၏ ကြင်ရာတော်များ ဖြစ်​နေကြ​သော သမီး​တော်များ၏ ဘဝများအတွက် ပူပင်​သောက ​ရောက်​ခဲ့ရပါသည်။

စစ်​ရေးစစ်ရာများ​ကြောင့်ပင် မိမိ၏ ကြင်ရာတော် နန္ဒဘုရင်နှင့် သား​တော်လတ် မင်းရဲ​ကျော်စွာ စုန်သည် ​​တူ​​တော်၊ ညီအစ်ကို​တော်ဖြစ်​သော နတ်သျှင်​ နောင်၏ သတ်မိန့်​တော်​ကြောင့် နတ်ရွာစံခဲ့ကြ ရသည်။ သား​တော်ကြီးဖြစ်​သော ဥပရာဇာငယ် မင်းကြီးစွာသည် ယိုးဒယားသို့ စစ်ချီ စစ်တိုက်ရာတွင် ကျဆုံးခဲ့ရသည်။ သမီး​တော်ခင်ပုသည် အသက် ၁၉ နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ရသည်။ သမီး​တော် တစ်ပါးဖြစ်​သော ခင်မ​နှောင်းသည် ရခိုင်မင်းအတွက် စစ်ကူလက်​ဆောင်အဖြစ် နှင်းဆက်ခံခဲ့ရပြီး ရခိုင်သို့ ပါသွားခဲ့ရသည်။ မိဖုရားကြီးသည် ရင်နင့်ဖွယ်ရာ ရင်နာဖွယ်ရာ ခါးသီးလှ​သော မိသားစု၏ ဖြစ်ရပ် အ​ထွေ​ထွေနှင့် တစ်ဘဝတာလုံး ပင်ပန်းနွမ်းလျခဲ့သူ ဖြစ်ပါသည်။

သူ​ရေးသီရာ ရတုကဗျာ

စာဆိုပဲခူးမိဖုရားသည် မိမိ၏ ကိုယ်ရေးကိုယ်တာ ဘဝအ​တွေ့အကြုံများစွာ၊ အထိအခိုက် အရှအနများစွာ၊ ခံစားမှု​ဝေဒနာများစွာတို့ကို ရတုကဗျာများစွာဖြင့် ဖွင့်အန်သွန်ချ ဖွဲ့ဆိုပြခဲ့ပါသည်။

မိဘချင်းချင်း သက်ရာနှင်း၍ ​ဆောင်နှင်းအံ့​ပေ

ပဲခူးမိဖုရားသည် မိမိ၏ဖခမည်း​တော် တပင်​ရွှေထီးနှင့် မယ်​တော်မိဖုရား၊ နန္ဒမင်းသား၏ ဖခမည်း​ တော် ဘုရင့်​နောင်နှင့် မယ်တော်ဖြစ်​သော မိမိ၏ အရီး​တော်သခင်ကြီးတို့၏ သ​ဘောတူကြည်ဖြူပြီး ​ အိမ်​ရာချထား​ပေးမှု​ဖြင့် နန္ဒမင်းသားနှင့် ဘိသိက် မင်္ဂလာပွဲ ဆင်နွှဲခဲ့သူဖြစ်သည်။

“ထားအရာစင်” ချီ ရတုတွင် - မိမိတို့အား မင်းသားငယ်၊ မင်းသမီးငယ်ဘဝ ငယ်စဉ်အရွယ် ကပင်လျှင် နှစ်ဖက်​သော ဘိုးဘွားမိဘများက လက်ထပ်မင်္ဂလာဆောင်နှင်း​ပေးရန် နှုတ်ကတိစကား​ပြောကြားခဲ့ကြ​ကြောင်းကို

“မျိုး​စေ့​ဆွေညီ၊ နှုတ်ချင်းပြီ၍

စဉ်စီဘိုးဘွား၊ ရည်မှတ်ထားရှင့်” ဟူ၍ ဖွဲ့ဆို ​ဖော်ပြခဲ့ပါသည်။

ခမည်း​တော် မယ်​တော်များ၏ သ​ဘောတူညီ မှုဖြင့်

“ဆောက်နှင်း​ကောင်းညွန့်၊ မိန့်တော်ခန့်လျက်၊

ရက်သန့်​လျော်စွာ၊ ကြန်သောခါမှ၊

မင်္ဂလာအထွတ်၊ စုလျားပတ်၍” လက်ထပ်ခဲ့ခြင်းဖြစ်ပါ​ကြောင်း မိမိဘဝ၏ တင့်တယ်လှပ​သော ကဏ္ဍတစ်ခုကို မှတ်တမ်းတင်ခဲ့ပါသည်။

မိမိအား ချစ်သူဟူ၍လည်းမှတ်ယူ၊ ဘုန်းကံချင်း လည်းတူညီ၊ အ​ဆွေအမျိုးလည်း​တော်စပ်၊ ရဲရင့် သူလည်းဖြစ်၊ အစ်မ​တော်အရင်းကဲ့သို့လည်း မိမိအ​ပေါ်ကြင်နာသော နန္ဒမင်းသားနှင့် အသက်နှင့် ထပ်တူချစ်ခင်မိသည်ဖြစ်​သော်လည်း လက်ထပ် မင်္ဂလာ မ​ဆောင်နှင်းမီ မိမိ၏ ဦးဆံကို မနှင်း၊ မိမိ ဘဝကို မ​ပေးအပ်ခဲ့သူ ဖြစ်သည်။ လက်ထပ်ကျမ်း သစ္စာဆိုပြီးမှသာလျှင် ချစ်သူမင်းသားအား ချစ်ရည် တူ နှစ်ကိုယ်မျှခဲ့သူ ဖြစ်ပါသည်။ တော​စောင့်နတ်၊ ​တောင်​စောင့်နတ်များ အားလုံးထံတွင် အကြိမ်ကြိမ် အဖန်ဖန် ကျိန်ဆိုပြီးခါမှ မိမိ၏အသည်းအသက်ကို နန္ဒမင်းသားအား နှင်းအပ်ခဲ့သူလည်း ဖြစ်ပါသည်။ ဤသည်ကို -

“ချစ်သူမှတ်​ပျော်၊ ဘုန်းချင်း​လျော်၍၊

မျိုး​ဖော်တမျှ၊ ရဲ​တေဇနှင့်၊

အစ်မရင်းမြတ်၊ မှတ်​ပေစတင့်

“မြရွှန်းကျိုင်းတံ၊ ရဲလှစံကို၊

ဦးဆံရှင်းရှင်း၊ မယ်မနှင်းတည်း၊

မင်းတို့ကျမ်းကို၊ ကျိန်ရွယ်ဆိုမှ၊

တစ်ကိုယ်အတူ​နေ၊ ကျွမ်းမိ​ပေရှင့်

“နတ်မှူးအလုံး၊ ​တော​တောင်ကျုံး၍

သိမ်းရုံးဖန်ဖန်၊ ကျိန်မျိုးလွန်မှ

မင်းမွန်မင်းထံ၊ အသက်နှံရှင့်” စသောအဖွဲ့ များဖြင့် မိမိ၏ နှစ်လိုဖွယ်အိမ်​ထောင်ဖက်မှုနှင့် မိန်းမသား ဂုဏ်ရည်စောင့်ထိန်းမှုကို ​တင်ပြခဲ့ ပါသည်။

ချစ်ခင်ရင်းနှီးကြ​သော တစ်ဝမ်းကွဲ ​မောင်နှမ များဘဝမှ ချစ်သူကြင်ဖက်များ ဖြစ်လာကြ​သော် လည်း ပဲခူးမိဖုရားသည် မြန်မာအမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာကို အ​လေးအမြတ်ထားသူဖြစ်​ကြောင်း သိမြင်ကြရပါသည်။

(ဆက်လက်ဖော်ပြပါမည်)