စာဖတ်နာသည့် နိုင်ငံသားများကြောင့် အမြင့်သို့တက်နေသည့် နိုင်ငံတော်ဘဝသို့ …

ဒေါက်တာမောင်သင်း

(ယမန်နေ့မှအဆက်)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းထဲမှ လူငယ်တွေဖြစ်ကြသည့် မောင်အောင်ဆန်း၊ မောင်နု၊ မောင်ဗဟိန်း၊ မောင်သိန်းဖေ၊ မောင်ကျော်ငြိမ်း စသည်တို့သည် စာအလွန်ဖတ်သူများ ဖြစ်ကြပါသည်။ စာအလွန်ဖတ်၍ ခေတ်ရဲ့နိုင်ငံရေးအခြေအနေကို ပြတ်သားစွာဖြင့် မြင်နိုင်စွမ်းရှိခဲ့ကြသည်။ သူတို့ဖတ်ခဲ့သည့် နိုင်ငံတကာရေးရာအဖြာဖြာကို လေ့လာသုံးသပ်ပြီး ဂျာမန်ဟစ်တလာ လက်အောက်သို့ အင်္ဂလန်ကျွန်းလေး ကျရောက်မှာကို ကာကွယ်နေရသည့် အချိန်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းရမည့် အချိန်အခါကောင်းဟု သိခဲ့ကြပါသည်။ သမိုင်းတွင်ခဲ့သည် “အင်္ဂလိပ်အခက်ဗမာ့အချက်” ဟူသည့် နေမဝင်အင်ပါယာအင်္ဂလိပ်ကို တော်လှန်ရမည့် အချိန်အခါကောင်း (သို့) အင်္ဂလိပ်၏ အားအနည်းဆုံးအချိန်ကို ရှာဖွေနိုင်ခြင်းသည် လူငယ်လွတ်လပ်ရေး ခေါင်းဆောင်များ ကမ္ဘာ့နိုင်ငံရေးအဖြာဖြာကို အစဉ်ဖတ်ရှုလေ့လာရာမှ ပေါ်ပေါက်လာသည့် “သမိုင်းဝင်၊ သမိုင်းတွင်ခဲ့သည့် လွတ်လပ်ရေးလှုပ်ရှားမှု” ပင် ဖြစ်ပါသည်။

သူတို့ကိုယ်တိုင် စာဖတ်ရုံဖြင့် မပြီးသေးကြောင်းသိ၍ နိုင်ငံသားအားလုံး အမျိုးသားရေးစိတ်၊ နိုင်ငံချစ်စိတ်ရှိမှ၊ ပြီးတော့လွတ်လပ်ရေးကြိုးပမ်းမှုမှာ ပြည်သူပါပူးပေါင်းပါဝင်မှ ဆိုတာကိုသိ၍ နောင်တွင် ဝန်ကြီးချုပ်ဖြစ်လာမည့် မောင်နုဦးဆောင်ပြီး “နဂါးနီစာအုပ်အသင်း” ထူထောင်ကာ “အမျိုးသားရေးစိတ်ဓာတ်” ကိုပါ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေပေးခဲ့ပါသည်။ အဲဒီလို စာအလွန်ဖတ်(စာဖတ်နာ)ကြသည့် လွတ်လပ်ရေးခေါင်းဆောင် လူငယ်တွေကြိုးပမ်းခဲ့ကြလို့ “မောင်တို့မယ်တို့ရဲ့ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရတာပါ။ လွတ်လပ်ရေးရတာကြောင့် မောင့်တို့မယ်တို့ဟာ မွေးကတည်းက “လွတ်လပ်တဲ့သခင်ဘဝ” ကို ရကြတာ၊ မွေးရာပါ သခင်နိုင်ငံသားတွေ ဖြစ်လာကြတာပါ။ စာအလွန်ဖတ်ကြတဲ့ လွတ်လပ်ရေး ခေါင်းဆောင်တွေရဲ့ အမြင့်ကိုမှန်းပြီး အမြင့်ကိုလှမ်းခဲ့၊ ကြိုးပမ်းခဲ့ကြလို့သာ ဖြစ်ပါသည်။

သူတို့ဘဝက မွေးတုန်းက ကျွန်ဘဝ၊ သေတော့ မြင့်မြတ်သော သခင်ဘဝ၊ မောင်တို့မယ်တို့က မွေးကတည်းကသခင် ဘဝ၊ သေသည့်အချိန်အထိ သခင်ဘဝကို ဆက်ထိန်းနိုင်ရန်အတွက် ခေတ်သစ် ကိုလိုနီ(Neocolonialism)ဝါဒီတွေရဲ့ အဝေးထိန်းစနစ်ဖြင့် လစ်ဘရယ်ဝါဒ၊ လူ့အခွင့်အရေးအကြောင်းပြနှင့် အခြားမစားရဝခမန်း သည်းခြေကြိုက်စကား လုံးတွေမျိုးစုံသုံးပြီး ကျွန်ပြုမှုတွေ ရှိနေကြပါသည်။ ဒါတွေကို စာများများဖတ်ခြင်းဖြင့် ရရှိလာသည့် “အမျိုးသား ရေးကိုယ်ခံအား”၊ “နိုင်ငံချစ်စိတ်” “လွတ်လပ်သည့်သခင်ဘဝကို မြတ်နိုးကာကွယ်လိုစိတ်၊ အချုပ်အခြာအာဏာ တည်မြဲမှုအမြင်” တို့ဖြင့် တွန်းလှန်ဖယ်ရှားနိုင်ပါသည်။ သို့မှသာ မွေးတုန်း ကလည်း မြင့်မြတ်သည့် သခင်များဖြစ်ကြသည့် မောင်တို့မယ်တို့ဟာသေသည့် အချိန်မှာလည်း အသေမြတ်သည့် သခင်ဘဝကို ထိန်းသိမ်းနိုင်သည့် ပြည့်ဝနိုင်ငံသားဘဝ ရကြပါလိမ့်မည်။ သို့ပါ၍ စာဆက်ဖတ်သည့်အလုပ်ကို စွဲစွဲမြဲမြဲလုပ်ပေးကြရင်း ခေတ်သစ်ကိုလိုနီကျွန်ပြုသူများ ပြောသမျှယုံသည့် အဝေးကကျွန်ပြုခံနေရသူမျိုးမဖြစ်အောင် မောင်တို့မယ်တို့ ကြိုးပမ်းပေးကြပါလို့ ပန်ကြားလိုပါသည်။

အောင်မြင်သူများဟာ စာဖတ်နာကြသူများပါ

ထို့အတူ အောင်မြင်ထင်ရှားသူတို့၏ အကြောင်းကို မောင်တို့မယ်တို့လေ့လာလျှင် ငယ်စဉ်က စာများများဖတ်ခဲ့သူများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ ဥပမာ မင်းလေးဆက် အကိုးကွယ်ခံ မိတ္ထီလာသား ဝန်ဇင်းမင်းရာဇာ၊ လွတ်လပ်ရေးဖခင် သခင်အောင်ဆန်း၊ သခင်နု၊ အမေရိကန်သမ္မတ လင်ကွန်း၊ ယနေ့မိုက်ခရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်၊ တရုတ်သူဌေးကြီး ဂျက်မားစသူတို့ဟာ စာအလွန်ဖတ်ကြသူများပါ။ သူတို့၏ အောင်မြင်မှုမှတစ်ဆင့် မောင်တို့မယ်တို့ကိုပေးသည့် သင်ခန်းစာက “ကြီးပွားချင်၊ အောင်မြင်ချင်လျှင် “စာဖတ်ပါ”၊ အောင်မြင်မှုသရဖူကို မပြတ်ဆောင်းပြီး ထိန်းသိမ်းလိုလျှင် “စာဖတ်တဲ့အလုပ်ကို ဆက်လုပ်နေပါ” ဆိုတာပဲ ဖြစ်ပါသည်။

စာဖတ်ပါရမီကြီးကြ၍ အမြင့်သို့ ရောက်ကြသူများသည် မောင်တို့မယ်တို့ကို ယနေ့ကျောင်းတွေမှာ လေ့ကျင့်ပေးနေသည့် “ဉာဏ်ရည်မြင့်မားမှု” “ဉာဏဗလ” ထဲက “နှုတ်မှုနှင့် ဘာသာစကားစွမ်းရည် လိမ္မာကျွမ်းကျင်မှု” (Verbal and Linguistic Skill) ကို သူတို့က “စာဖတ်နာခြင်း” ဖြင့် ရယူခဲ့ကြသူများ ဖြစ်တယ်ဆိုတာ သင်ခန်းစာယူကြပါ။ ထို့အပြင် “လူမှုဆက်ဆံရေးကောင်းမွန်မှု” “ကျိုးကြောင်းဆက်စပ်နိုင်မှု” “မိမိ ကိုယ်ကိုအမြဲတမ်းရှုမြင်သုံးသပ်နိုင်မှု” “အမြင်နှင့်ခံစားချက်ကို ပြန်လည်ပုံဖော် နိုင်ရည်မြင့်မားမှု” စသည့် အခြားဉာဏ်ရည်များကိုပါ ကျွဲကူးရေပါ မြင့်မားလာစေခဲ့ကြလို့ သူတို့ဘဝကိုမြင့်မား အောင်မြင်စေခဲ့တာပါ။ ခြုံ၍ပြောရလျှင် စာဖတ်ခြင်းသည် -

(က)   အသိကြွယ်ခြင်း၊ ဗဟုသုတ များခြင်း ၊

(ခ)     ကျိုးကြောင်း ညီညွတ်စွာ နားလည် သုံးသပ်နိုင်မှုစွမ်း ရည် တိုးတက်လာစေခြင်း၊

(ဂ)     အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့် ပတ်ဝန်းကျင် လူမှုဘဝအောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊

(ဃ)    လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊

(င)     အာရုံစူးစိုက်သည့် အလေ့အကျင့်ဖြစ်ထွန်းလာခြင်း၊

(စ)     စိတ်ကူးစိတ်သန်း ကောင်း၍ ဖန်တီးနိုင်မှုစွမ်းရည် မြင့်မားလာခြင်း၊

(ဆ)    ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊

(ဇ)     လူတစ်ဦးချင်း၏ နေ့စဉ်ဘဝပြဿနာများကို စနစ်ကျစွာ ရင်ဆိုင်ဖြေရှင်းနိုင်၍ ဘဝတိုးတက်ခြင်း၊

(ဈ)     စိတ်ဖိစီးမှုကို လျှော့ချနိုင်ခြင်းဟူသည့် အကျိုးကျေးဇူးများ ရရှိပါသည်။

မောင်တို့မယ်တို့ကို ယနေ့လိုသာမန်လူသားဘဝကနေ “ဉာဏ်ရည်မြင့် လူသားဘဝ” ဆီသို့ တွန်းပို့ပေးသည့် အလုပ်သည် “စာဖတ်ခြင်း” “စာများများ ဖတ်ခြင်း” ဟု ကမ္ဘာ့ပညာရှင် အသီးသီးက လက်ခံထားကြပါသည်။ ဤသည်ကို အထက်မှာဖော်ပြခဲ့သည့် အောင်မြင်သူ များက သက်သေပြခဲ့ပြီးပါပြီ။ နိုင်ငံတစ်လွှားမှာ “စာအလွတ်ကျက်သူများနှင့် ပြင်ပစာမဖတ်သူများ ပပျောက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပြည့်ဝစေနိုင်သည့် စာများများဖတ်သူများ အစဉ်ပေါ်ထွန်းနေစေရန်” တစ်နည်းအားဖြင့် “ဉာဏ်ရည်မြင့် နိုင်ငံသားများ” ပြည့်လျှမ်း လာစေရန်ဟူသော မြင့်မားသည့် မျှော်မှန်းချက်ဖြင့် ယနေ့လို စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

ရမှတ်မြင့်မြင့်၊ ဉာဏ်ရည်ထပ်ဆင့်ကြသူများသည် စာဖတ်နာကြသူများပါ

ကျွန်တော်သည် ဆက်လက်၍ “ကျောင်းသင်ခန်းစာချည်း ဖတ်တဲ့သူနဲ့ ကျောင်းစာရော ဗဟုသုတရသမျိုးစုံရတဲ့ အပြင်စာမျိုးစုံ ဖတ်ကြတဲ့သူနဲ့ဘာကွာလဲ” “စာမျိုးစုံဖတ်တဲ့သူက ပိုသာပါတယ်” ဟု ဖြေကြားကြပါသည်။ မှန်ပါသည်။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်က “စာဖတ်ချိန် မရှိအောင်၊ အောင်မြင်ဖို့ ကြိုးစားနေပါတယ်ဆိုတဲ့သူတွေဟာ ဘယ်တော့မှ အောင်မြင်တဲ့သူတွေ ဖြစ်လာမှာမဟုတ်ပါဘူး” ဟု ဆိုထားပါသည်။ စာဖတ်ပျင်းသူများ၊ မဖတ်လိုသူများ၏ နောက်ဆက်တွဲရလဒ်က သူများပြောသမျှယုံ၊ အမှားနှင့်အမှန် အကောင်းနှင့်အဆိုး၊ ဓမ္မနှင့်အဓမ္မခွဲခြားနိုင်မှုကင်းကာ ကျောင်းကသင်သည့် စာလောက်သာ သိတာကိုပင် သိပြီတတ်ပြီ လုံလောက်ပြီဟု ထင်နေကြသည်။

ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)ကလည်း “ကျောင်းစာလောက်သာ ဖတ်သူတို့သည် စာအုပ်ထဲမှ စာလောက်သာ ကျက်မှတ်မှုကြောင့် ရမှတ်တော့ ကောင်းကြသည်။ သို့သော် ထိုးထွင်းဉာဏ် နည်းကြသည်။ စာမျိုးစုံဖတ်သူများက ပြင်ပဗဟုသုတမျိုးစုံနှင့်အကြောင်း အကျိုးပြည့်စုံစွာ ရှင်းပြနိုင်၏ ဉာဏ်ရည်မြင့်ကြ၏” ဟု သုံးသပ်ထားပါသည်။ ထိုကဲ့သို့ “ရမှတ်မြင့်မြင့်၊ ဉာဏ်ရည်အောက်ဆင့်” များပျောက်ကွယ် သွားစေရန်နှင့် မျိုးဆက်တိုင်း ကျောင်းက ထွက်သွားလျှင် “စာဖတ်ပါရမီ” ရင့်သန်သူ “စာဖတ်လိုစိတ် ဈာန်ဝင်နေသူများ” ဖြစ်အောင် မြန်မာ့ပညာရေးက လေ့ကျင့်ပေးရန် လိုအပ်ပါလိမ့်မယ်။ သို့မှသာ “ရမှတ်မြင့်မြင့် ဉာဏ်ရည်ထပ်ဆင့်ကြသူများဘဝ” ရောက်ကြမှာပါ။ သို့အတွက် မူလကတည်းက “ဝါသနာပါ၍ စာဖတ်သူ လူငယ်များ” သူဟာ သူရှိနေခြင်းထက် “စာဖတ်သည့် အလေ့အကျင့်” ပျိုးထောင် ပေးသဖြင့် “စာဖတ်ဝါသနာပါသူများ ပေါ်ထွန်းရေး ရည်မှန်းချက်” ဖြင့် “အလေ့ အကျင့်မှသည် စာဖတ်စွဲမြဲသော အလေ့အထသို့” သို့ဖြစ်အောင် စာဖတ်မှု အထုံပါနေသူများ နိုင်ငံတစ်ဝန်းပေါများလာအောင် အခြေခံပညာကျောင်းများမှာ KG မှအစ Grade-12 အထိ စဉ်ဆက်မပြတ် လေ့ကျင့်ပေးရန်လိုအပ်လိမ့်မည်ဟု မြင်မိပါသည်။

ကျွန်တော်သည် အထက်ပါ(၃)ချက်ဖြစ်သည့် တိရစ္ဆာန်လို အချိန်သက်တစ်ခုတည်းဖြင့်သာ အသက်ရှင်နေသူမဖြစ်ရအောင် ကိုယ့်ကိုယ်ကို လူမွေးလူတောင် မပြောင်အောင် ဒဏ်ခတ်သူနှင့် မြင့်မားတဲ့ သခင်ဘဝဖြင့် အသက်ရှင်ကြရန် “ဘာလုပ်ကြမှာလဲ” မေးရာ “စာဖတ်ပါမည်” “ဘယ်မှာဖတ်မှာလဲ” ဟုမေးရာ “စာကြည့်တိုက်မှာ” ဟု ဖြေကြသည်။ စာကြည့်တိုက်ဆိုတာ “ပညာဘဏ်တိုက်” “လူသားဘဝမြင့်မားရေး ရတနာသိုက်” ဖြစ်ပါသည်။ စာအုပ်တွေ စုဆောင်းထားတဲ့ နေရာမဟုတ်ပါ။ ငါတို့ကို လူကောင်း လူတော်ဖြစ်အောင် မြှင့်တင်ပေးသည့်နေရာလို့ မြင်လိုက်ပါ။ ခံယူလိုက်ပါ။ အမြဲမပြတ် စာကြည့်တိုက်သို့ဝင်ပါ။ ဘဝတိုးတက်အောင်မြင်ရေးအတွက် သိမ်းထားသည့် ပညာရတနာကို မွှေနှောက်ရှာဖွေပါ။ ဖတ်ပါ။ မှတ်ပါ။ စာကြည့်တိုက်က မောင်တို့မယ်တို့ကို လူဖျင်း၊ လူညံ့မဖြစ်အောင် ကာကွယ်ပေးပါလိမ့်မည်။ ပြီးလျှင်မောင်တို့ မယ်တို့ကို သာမန်လူတစ်ယောက်ဘဝမှ အံ့ဩလောက်အောင် ထွန်းတောက်သည့် လူတော်လူကောင်း၊ ပညာရှင်ခေါင်းဆောင် အမွန်အမြတ်ဘဝ ရောက်အောင် တွန်းပို့ပေးပါလိမ့်မည် ဆိုတာကို ယုံကြည်ပါ။

ဆရာမများနှင့် မိဘများကလည်း ကိုယ့်တပည့် ကိုယ့်သားကိုယ့်သမီးကို စာပေဟာ ငါ့သားငါ့သမီး လမ်းမှားမရောက်အောင် လမ်းပြပေးသည့် “လူသားရဲ့မီးရှုးတန်ဆောင် အလင်းရောင်” အဖြစ် ခံယူပေးကြပါ။ မိမိသားသမီးကို အမှန်မြင်ပြီး အမှားနည်းစွာ တွေးခေါ် လုပ်ကိုင်တတ်သည့် လူတော်လူကောင်းဖြစ်အောင် စာကြည့်တိုက်သို့ပို့ပေးကြပါ။ ကိုယ်တိုင်ကလည်း သားသမီးများနှင့်အတူ မိကောင်းဖခင် ဘဝပိုင်ဆိုင်နိုင်ရန်နှင့် ဆရာအမွန်အမြတ် အရည်အသွေးမြင့်မားနေအောင် စာကြည့်တိုက်သို့ သွားပေးကြပါ။ “ကလေးများ လူကြီးတွေကို အတုခိုးစံနမူနာပြုနိုင်အောင် မိဘ၊ ဆရာများ ကိုယ်တိုင်ကလည်း စာဖတ်သည့် နိုင်ငံသားကောင်းအဖြစ် စာကြည့်တိုက်သွားခြင်းဖြင့် စံနမူနာ ပြပေးကြပါ။ သို့မှသာ မြန်မာ့လူ့အဖွဲ့အစည်းသည်လည်း လူကြီး၊ လူရွယ်၊ လူငယ်များအားလုံး “အစဉ်လေ့လာ သင်ယူနေသည့် လူဘောင်” ဖြစ်ထွန်းလာပါလိမ့် မည်။

မောင်တို့မယ်တို့ခင်ဗျာ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်ကြီးအကဲ ကိုယ်တိုင်က ဦးစီးလမ်းညွှန်ဆောင်ရွက်နေသည့် “စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်စာဖတ် ရှိန်မြှင့်တင်ရေးလုပ်ငန်း” ဟာ ဦးသန့်၏ “ကျွန်တော်တို့ မြန်မာနိုင်ငံကို အမြင့်သို့ တက်လှမ်းလိုခြင်း၊ စာဖတ်သည့် တိုးတက်သောနိုင်ငံသား ကြွယ်ဝပြီး စာအမြဲဖတ်သည့် ပြည့်ဝနိုင်ငံသားများ ပြည့်လျှမ်းနေ၍ ဖွံ့ဖြိုးသည့်နိုင်ငံအဖြစ် ရပ်တည်စေလိုခြင်းနှင့် လူ့ဘဝရပြီး တိရစ္ဆာန်လိုအသက်ရှင်သူများ၊ ကိုယ့်ကိုယ်ကို ဒဏ်ခတ်အပြစ်ပေးသူများ မြန်မာ့မြေပေါ်မှာ ပပျောက်သွားရအောင် ဆောင်ရွက်သည့်လုပ်ငန်း ဖြစ်ပါ၍ မောင်တို့ မယ်တို့က ကိုယ့်ကျောင်း၊ ကိုယ့် အိမ်၊ ကိုယ့်ရပ်ရွာမှာ နိုင်ငံသားအားလုံးရဲ့ စာဖတ်ရှိန်မြှင့်တင်ရေးမှာ ပါဝင်ဖြစ်လာ အောင် အမျိုးသားရေးတာဝန်အဖြစ် တိုက်တွန်းနှိုးဆော်ပေးကြပါရန် ပန်ကြားအပ်ပါသည်” ဟူ၍ ဟောပြောခဲ့ပါသည်။

အချုပ်အားဖြင့် “လူ” သည် အမည်နှင့်လိုက်အောင် သက်ရှိအားလုံးတွင် အောင်လံတလူလူ ယနေ့အထိ လွှင့်ထူနိုင်ခြင်းသည် “ခံစားချက်ကို ပြန်လည်သရုပ်ဖော်နိုင်သည့် ဉာဏ်ရည်” (Aesthetic Skill) ဖြင့် “စာပေ” ဟုခေါ်သည့် သင်္ကေတဘာသာစကား တီထွင်နိုင်ခဲ့ခြင်း ကြောင့်ပါ။ တီထွင်နိုင်ရုံတင်မဟုတ်၊ လူ့အဖွဲ့အစည်း၏ ဖြစ်ပျက်မှုအစုံစုံကို မှတ်တမ်းတင်နိုင်ခြင်းဖြင့် အသုံးချခဲ့သည်။ နောက်မျိုးဆက် အဆက်ဆက်ကလည်း အရင်မျိုးဆက်များ၏ မှတ်တမ်းကို ဖော်ထုတ်၏၊ ဖော်ထုတ်ခြင်းအလုပ်သည် စာဖတ်ခြင်းမည်ပေသည်။ စာပေရှိ၍ စာဖတ်တတ်သော လူသားသည် စာပေမရှိ၊ စာမဖတ်တတ်သော တိရစ္ဆာန်လောကထက် အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်။

တိရစ္ဆာန်လောကသည် စာပေမရှိ၊ စာမဖတ်တတ်၍ သိသိသာသာမတိုးတက်ခဲ့ပေ။ လူသားအချင်းချင်းတွင်လည်း စာဖတ်သူများက တိုးတက်၏။ ကြီးပွား၏၊ စာမဖတ်သူများမှာ ဆင်းရဲတွင်းမှာ ကျန်ခဲ့၏။ ဆင်းရဲတကာ့ဆင်းရဲခြင်းတွင် “အသိဉာဏ် ဆင်းရဲခြင်းသည် အဆိုးဆုံး ဖြစ်၏”။ ပညာဉာဏ်ချင်း စီးချင်းထိုးပြိုင် နေကြသည့်ခေတ်တွင် အသိဉာဏ်မဲ့သူက အကောင်းထက် အဖျက်ဘက်သို့ ဦးတည်၏၊ တိရစ္ဆာန်သည်ပင်လျှင် သူ့အဖွဲ့အစည်းကိုမဖျက်၊ စာမဖတ်၍ အသိဉာဏ်ဆင်းရဲသူက လူ့အသိုင်းအဝိုင်းကို တည်ဆောက်ရမည့်အစား ဖျက်ဆီး၏။ တကယ်တော့စာပေရှိ၍ စာဖတ်နိုင်သူဟူသည့် အမြင့်လမ်းကို လူ့ဘဝစတင်ရရှိကတည်းကပင် လျှောက်လှမ်းနိုင်ပါလျက်နှင့် စာပေလေ့လာမှုကင်းခြင်းက အဝီစိဆီသို့ မိမိကိုယ်ကို တွန်းပို့နေပေ၏။ ဤကဲ့သို့ စာမဖတ်သည့်လူမျိုးများ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပပျောက်စေခြင်းငှာ၊ “စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း” နှင့် စာဖတ်နိုင်သည့် နေရာဖြစ်သည့် “စာကြည့်တိုက် ဖွံ့ဖြိုးရေးလုပ်ငန်း” ကို နိုင်ငံတော်က အားသွန်ခွန်စိုက် ဆောင်ရွက်နေပါသည်။

စာဖတ်သူ ပြည့်ဝနိုင်ငံသားများ ခင်ဗျာ, သင့်ရပ်ကွက်၊ သင့်ရွာ၊ သင့်မြို့၊ သင့်ဆွေမျိုးမှာ စာမဖတ်၍ တိရစ္ဆာန်ကဲ့သို့ “အသက်တစ်သက်ဖြင့် အသက်ရှင်နေကြသူများ” မရှိစေရန် ငါတို့မှာလည်း တာဝန်ရှိသည်ဟု တာဝန်သိနိုင်ငံသားတစ်ယောက်အဖြစ်ခံယူကာ ကူညီလုပ်ဆောင်ပေးကြပါ။ ယခုလုပ်ငန်းဟာ အမျိုးသားရေးအလုပ်ပါ။ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်လိုသူ မည်သူမဆိုလုပ်ကိုလုပ်ရမည့် သမိုင်းပေးတာဝန်လို့မြင်ပြီး “ကိုယ်ပိုင်စာပေရှိ၍ စာဖတ်နာသဖြင့် တိုးတက်သည့်လူမျိုးနှင့် စာဖတ်သည့် တိုင်းရင်းသားများ ကြွယ်ဝကာ အောင်လံတလူလူ လွှင့်ထူနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဝ” ရောက်ရှိအောင် နိုင်ငံသားအားလုံး ပါဝင်အကောင် အထည်ဖော်ပေးကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။