စာသင်ကျောင်းမီးလောင်ရာသို့သွားသော မီးသတ်ယာဉ်တိမ်းမှောက်သဖြင့် သန္ဓေမီးသတ်သမားနှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ

အင်းတော်၊ ၂၆ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ခရမ်းစပ်ကုန်းအုပ်စု၊ စက်‌တောကုန်းကျေးရွာ၌ မေ ၂၅ ရက် ည ၁၁ နာရီခန့်က စာသင်ကျောင်းမီးလောင်ရာသို့ မီးငြှိမ်းသတ်ရန်သွားရောက်သည့် မီးသတ်ကားတိမ်းမှောက်သဖြင့် သန္ဓေမီးသတ်သမား (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၅ ရက် ည ၁၁ နာရီခန့်က အင်းတော်မြို့နယ်၊ မဲဇာဒေသ၊ ခရမ်းစပ်ကုန်းအုပ်စု၊ စက်တောကုန်းစာသင်ကျောင်း မီးလောင်မှုသတင်းအရ မီးငြှိမ်းသတ်ရန် ထွက်ခွာလာသော အင်းတော်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးနှင့် မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့သည် သံပိုကျေးရွာအနီး မိုင်တိုင်အမှတ် 226Km နှင့် 227Km ကြား ကုန်းဆင်းတံတားအနီး အရောက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ ယာဉ်မောင်း၏ဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်တိမ်းမှောက်ခဲ့ရာ ကားအောက်တွင် ပိမိနေသော သန္ဓေတပ်ဖွဲ့ဝင်တစ်ဦးမှာ နေရာတွင်သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် (၄)ဦး ဒဏ်ရာရရှိခဲ့သောကြောင့် အင်းတော်ဆေးရုံသို့ ပို့‌ဆောင်ကုသခဲ့သည်။ ထို့နောက် ကသာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးစဉ် လမ်းခရီး၌ သန္ဓမီးသတ်သမားတစ်ဦးမှာ ထပ်မံသေဆုံးခဲ့သည်။

အဆိုပါ စာသင်ကျောင်းမီးလောင်မှုအား မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မြို့နယ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးနှင့် မဲဇာအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် မီးသတ်ယာဉ်အား မေ ၂၆ ရက် နံနက် ၄ နာရီ ၂၃ မိနစ်တွင် လွတ်ကင်းရာသို့ ရွှေ့ပြောင်းသယ်ဆောင်ကာ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါယာဉ်တိမ်းမှောက်ခဲ့သဖြင့် သန္ဓေမီးသတ်ဒုတပ်ကြပ် ဉာဏ်ထက်ဦး (ယာဉ်အောက်ပိ၍သေဆုံး)၊ သန္ဓေမီးသတ်တပ်သား အာကာဖြိုး (ကသာဆေးရုံပို့/လမ်းတွင်သေဆုံး)၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြစ်သည့် ဒုဦးစီးမှူး ဦးကျော်လွင်ဦးမှာ ဝမ်းဗိုက်ဒဏ်ရာနှင့် အသက်ရှူကျပ်ခြင်း (ကသာဆေးရုံ၌ ဆေးကုသမှုခံယူ)၊ တပ်ကြပ်ကြီး အောင်ကျော်မိုး (ပွန်းပဲ့ဒဏ်ရာ/မစိုးရိမ်ရ)၊ ဒုတပ်ကြပ်ခင်မောင်သန်း (ပွန်းပဲ့ဒဏ်ရာ/မစိုးရိမ်ရ)တို့အား ဆက်လက်ကုသ ဆောင်ရွက်ထားကြောင်း သိရသည်။

၀၇၈ (နီတိုး)

mdn