စာသင်နှစ်အစနှင့် ဒုတိယလှိုင်း

၂၆ ဇူလိုင်

 

ကျန်းမာရေးဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၃၉၉၉ ကျောင်းကို ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ကျောင်းသူ ကျောင်းသား တစ်သန်းကျော် ကျောင်းအပ်နှံခဲ့ကြပြီ ဖြစ်သည်။ တစ်ပတ်ခြား ကျောင်းတက်ရက် အစီအစဉ်အရ ကျောင်းသူ ကျောင်းသား ငါးသိန်းခွဲ ကျော်ကျော်တို့ တစ်ပတ်ခြား တစ်လှည့်စီ ကျောင်းတက်နေကြပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံမှန်ပြုလုပ်မြဲပုံစံများကို ပြောင်းလဲကြရာတွင် ပညာသင်နှစ်အစ ကျောင်းဖွင့်ရက်များ နောက်ကျခဲ့သလို တစ်ပတ်ခြား ကျောင်းတက်ကြရမည့် အခြေအနေ များအရလည်း ကျောင်းသူကျောင်းသားတို့၏ ပညာရည်ပြည့်ဝရေး အတွက် မိဘ၊ ဆရာနှင့် ကျောင်းသား ကျောင်းသူတို့ သုံးဦး သုံးဖလှယ် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဟု ရှုမြင်မိ သည်။ တစ်ဖက်တွင်လည်း အသိရခက်သည့်ကူးစက်မြန်ကပ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးကို သတိကြီးကြီးထားကာ မလျှော့စတမ်း ဆက်လက်ဆောင်ရွက်နေကြဦးမှာလည်း ဖြစ်သည်။

 

တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အတည်ပြု လူနာ ၁၆ သန်းခန့်ရှိလာသလို သေဆုံးသူ ခြောက်သိန်းခန့် ရှိလာ နေပြီး ကူးစက်ပျံ့နှံ့မှုမှာလည်း ရပ်တန့်မသွားဘဲ အရှိန်အဟုန် ကောင်းနေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများထဲတွင် ရောဂါပိုးကူးစက်ခံလာရသူများ အနည်းငယ်ပါလာနေခြင်းနှင့်အတူ ရောဂါကူးစက်နေကြောင်း ဓာတ်ခွဲအတည်ပြုသည့် လူနာအရေအတွက်မှာ ၃၅ဝ နီးနီး ရှိလာ နေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် တွေ့ရှိနေရသည့် ဓာတ်ခွဲအတည် ပြုလူနာအများစုမှာ ရောဂါလက္ခဏာမပြသကြောင်း တွေ့ရှိနေရ ခြင်းက ရုတ်တရက် လူအမြောက်အမြား ရောဂါကူးစက်ပျံ့နှံ့ ထွက်ပေါ်လာနိုင်သည့်အခြေအနေ ဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြရသည်။ ပြည်တွင်းကူးစက်လူနာမတွေ့ရတော့ဘဲ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူအချို့တွင်သာ ရောဂါကူးစက်ခံထားရကြောင်း တွေ့နေရခြင်းက မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ပထမလှိုင်းကို အောင်မြင်စွာ ခုခံကာကွယ်နိုင်ခဲ့ကြောင်း ပြသနေခြင်းဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း ရိုက်ခတ်လာနိုင်သည်ကို မျှော်တွေးပြီး ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာရန်အချက်များကို အလေးအနက်ထား လိုက်နာကြရန် လိုအပ်လျက်ရှိနေသေးသည်။ တစ်နည်းအားဖြင့် ပြည်သူတစ်ဦးချင်းစီက ရောဂါကူးစက် မခံရရေးအတွက် မိမိကိုယ်ကိုယ် ကာကွယ် ကြရန်ပင်ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ရိုက်ခတ်မှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အချက်(၄)ချက်ကို ထုတ်ပြန်ထားရာ တတ်နိုင်သမျှ အိမ်မှာသာနေပြီး မလိုအပ်ဘဲ လူစုလူဝေးနေရာများသို့ လုံးဝမသွားရန်၊ အပြင်ထွက်တိုင်း၊ လူစုလူဝေးရှိရာသွားတိုင်း ပါးစပ်နှာခေါင်းစည်းတပ်ဆင် ရန်၊ အခြားသူများနှင့် ခပ်ခွာခွာ(အနည်းဆုံး၆ ပေအကွာ)မှ နေထိုင်ပြောဆိုကြရန်၊ လက်ကို သန့်စင်အောင် စနစ်တကျ မကြာမကြာ ဆေးရန်ဟူ၍ဖြစ်သည်။ ယင်းအချက်များက ကျောင်းသူ ကျောင်းသားများ ပညာသင်ကြားကြရာတွင် အိမ်မှထွက်၍ ကျောင်းသို့ သွားချိန်၊ ကျောင်း၌ စာသင်ချိန်နှင့် ကျောင်းမှအိမ်သို့ ပြန်ချိန်များတွင်ပါ လိုက်နာကျင့်သုံးကြခြင်းဖြင့် တစ်သန်းကျော်သော ကျောင်းသူ ကျောင်းသားတို့ ကိုဗစ်-၁၉ ရောဂါဘေးမှ ကင်းဝေးနိုင်မည်ဖြစ်သည်။

 

အခြေခံပညာအထက်တန်းကျောင်းပေါင်း ၇ဝဝဝ ကျော်ရှိသည့် အနက် ၄ဝဝဝခန့်သာ ဖွင့်လှစ်နိုင်သေးပြီး ကျန်ရှိသောကျောင်းများမှာ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပြီးမှ ဆက်လက် ဖွင့်လှစ်နိုင်ကြမည်။ ဖွင့်လှစ်ခွင့်ရထားပြီးဖြစ်၍ သင်ကြားနေကြပြီ ဖြစ်သည့် ကျောင်းများတွင်လည်း ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများမှာ နယူးနော်မယ် ပုံစံသစ်နှင့် အသားတကျ မဖြစ်သေး။ မည်သို့ပင်ဆိုစေကာမူ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ် ကုသဆေးတို့ ထွက်ပေါ်လာပြီး မိမိတို့နိုင်ငံသို့ ရောက်မလာမီ အချိန်တွင် မိမိတို့အားလုံး ပုံစံသစ်နှင့် နေကြရဦးမှာဖြစ်သည်။ ပညာလည်းသင်၊ ရောဂါကိုလည်း ဂရုစိုက်ကာကွယ်ခြင်းဖြင့် ကိုဗစ်-၁၉ ကာလကို ဖြတ်သန်းနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း