စားသုံးဆီကြောင့် ဘေးမဖြစ်စေလို

 

ဒေါက်တာပြည့်ထူး (FDA)

 

မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင် စားသုံးဆီသည် အဓိက အခန်းကဏ္ဍမှ   မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။  ရှေးမြန်မာများလက်ထက်ကပင် “ဆီရွှဲ  ဖွဲ‌ တောင်ဟင်းဖြစ် ဟု   တင်စားရလောက်အောင်   စားသုံးဆီကိုနှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏  လူဦးရေတိုးတက်လာမှုနှင့်အတူ  ခေတ်နှင့်အညီ  ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှ မှာယူတင်သွင်းရသော စားသောက်ကုန် အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။

 

စားသုံးဆီဆိုသည်မှာ

စားသုံးဆီဆိုသည်မှာ လူတို့ချက်ပြုတ်ကြော်လှော် စားသုံးရာတွင် အဆိပ်အတောက်မဖြစ်ပေါ်စေဘဲ စားသုံးရန်  သင့်လျော်သောဆီ ဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil)နှင့် တိရစ္ဆာန်ထွက်ဆီ (Animal Fat)ဟူ၍ နှစ်မျိုးခွဲခြားထားပါသည်။ အမှန်စင်စစ်အားဖြင့် စားသုံးဆီတို့သည် ဓာတု‌ဗေဒ ဖွဲ့စည်းပုံအရ အဆီအက်စစ် (Fatty Acid) အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး ပြည့်ဝအဆီ အက်စစ်  (Saturated Fatty Acid)၊  မိုနို  မပြည့်ဝအဆီအက်စစ် (Mono Unsaturated Fatty Acid)၊ ပိုလီ မပြည့်ဝအဆီအက်စစ် (Poly Unsaturated Fatty Acid) တို့ အချိုးအဆအမျိုးမျိုး ပေါင်းစပ်ပါဝင်နေသောကြောင့် စားသုံးဆီတို့၏ အရည်အသွေးများ ကွဲပြားနေရခြင်းဖြစ် ပါသည်။ မြန်မာလူမျိုးများအနေဖြင့် ဟင်းချက်ရာတွင် အသုံးများသော စားသုံးဆီများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြစ်ပြီး ဖွဲနုဆီနှင့် ကနိုလာဆီတို့ကိုမူ အနည်းငယ်သာ အသုံးပြုကြရာ ယေဘုယျအားဖြင့်  အပင်ထွက်ဆီ  (Vegetable Oil)  များကိုသာ စားသုံးဆီအဖြစ် အသုံးပြုကြသည်ဟု ဆိုနိုင်ပေသည်။

ကမ္ဘာ့စားသုံးဆီဈေးကွက်ကို လေ့လာကြည့်ပါက ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းကျော်မှာ စားအုန်းဆီ ဖြစ်ပြီး ပဲပိစပ်ဆီသည် ဒုတိယနေရာတွင်ရှိနေသည်ကို တွေ့ရှိရပါသည်။ နေကြာဆီမှာမူ ကမ္ဘာ့ စုစုပေါင်းတင်ပို့မှု၏ ၄၇ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံ၌  ဆီထွက်သီးနှံများ ဖြစ်သော  မြေပဲ၊  နှမ်း၊  နေကြာ၊  ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့ စိုက်ပျိုးကြပြီး မိရိုးဖလာအရ မြေပဲဆီနှင့်နှမ်းဆီတို့ကို အဓိကထားစားသုံးခဲ့ကြကာ နောက်ပိုင်းတွင် နေကြာဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲလာကြသည်။

 

ဆီစားသုံးမှုမြင့်မားသောနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေ

မြန်မာတို့သည် ဆီကိုလိုအပ်သည်ထက် ပိုမိုထည့်သွင်းစားသုံးတတ်သည့်လူမျိုးဖြစ်သည့်အလျောက် မြန်မာနိုင်ငံမှာ ဆီစားသုံးမှုမြင့်မားသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါသည်။ လက်ရှိတွင် ပြည်တွင်း၌ ပြည်တွင်းစားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းမှာ အရည်အသွေးမပြည့်မီသော  ရောနှောဆီများ ရောင်းချခြင်းနှင့်  ပြည်တွင်းဈေးကွက်၌  ပုံမှန်ယှဉ်ပြိုင်မှုမရှိသည့်အတွက်  ရပ်ဆိုင်းခဲ့ရသည်ဟု မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှပေးပို့သော အချက်အလက်များမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဆီလိုအပ်မှုမှာ ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းသုံး အားလုံးပေါင်းအတွက် နှစ်စဉ် ဆီတန်ချိန်  ၁၁ သိန်းခန့်လိုအပ်လျက်ရှိရာ ပြည်တွင်းဆီ ထုတ်လုပ်မှု သာမက ပြည်ပမှဆီအမျိုးမျိုးကို နှစ်စဉ်ဆီတန်ချိန် ၉ သိန်းခန့် လိုအပ်နေကြောင်း သိရှိရသည်။ ပြည်တွင်းလိုအပ်ချက်ပြည့်မီရန်အတွက် ပြည်ပမှ စားသုံးဆီအမျိုးအမျိုးကို တင်သွင်းနေလျက်ရှိရာ ၉၀ ရာခိုင်နှုန်းကျော်မှာ စားအုန်းဆီဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်ရှိ ကာလပေါက်ဈေးအရ နေကြာဆီသည် စားအုန်းဆီထက် ဈေးနှစ်ဆနှင့် နှမ်းနှင့်မြေပဲဆီမှာ စားအုန်းဆီထက် ဈေးသုံးဆခန့် ပိုမိုများပြားလျက်ရှိ ပါသည်။ ထို့ကြောင့် ဈေးကွက်အနေအထားအရ စားအုန်းဆီမှာ အခြား ဆီများထက် ဈေးကွက်နေရာ ပိုမိုရရှိနေသည်ပင်ဖြစ်သည်။

 

ကျန်းမာရေးရှုထောင့်မှ သက်ရောက်မှု

မြန်မာနိုင်ငံကဲ့သို့ ဆီစားသုံးမှုများပြားသည့် နိုင်ငံတွင် စားသုံးဆီအမျိုးမျိုးကို စားသုံးနေကြသည့် အလျောက် နေ့စဉ်စားသုံးနေသည့် စားသုံးဆီများနှင့်ပတ်သက်သည့် ကျန်းမာရေးရှုထောင့်မှ သက်ရောက်မှုကိုလည်း လေ့လာသင့်သည်။ စားသုံးဆီများတွင် ပုံပြောင်းအဆီ အက်ဆစ်များ  (Trans Fatty Acid)နှင့် ကျန်းမာရေးနှင့်ကိုက်ညီမှုမရှိသော အခြားဓာတ်သဘာဝ (ဥပမာ- အာဖလာတော့ဆင်မှိုဆိပ်) များပါရှိနိုင်သည်။ ထိုကဲ့သို့သော စားသုံးဆီများကြောင့် သွေးအတွင်း ကိုလက်စထရောများ မြင့်တက်လာပြီး နှလုံးနှင့်အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းစသည့် ကုသရန်ခက်ခဲသောဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါသည်။ ရှောင်ရှားသင့်သည့် အဆီအမျိုးအစားများမှာ Trans-fat နှင့် saturated fat တို့ပင်ဖြစ်သည်။ ယင်းအဆီများသည် ခန္ဓာကိုယ်အတွက် အကျိုးမပြုသော ကိုလက်စထရော (Low-density Lipoprotein- LDL) ကို တိုးစေပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုသော ကိုလက်စထရော (High-density Lipoprotein- HDL)ကို လျော့ကျစေ နိုင်ပါသည်။

မပြည့်ဝဆီများဖြစ်ကြသည့် အိုမီဂါ သရီး၊ အိုမီဂါဆစ်၊ oleic acid နှင့် linoleic acid များသည် ခန္ဓာကိုယ်အတွက် အကျိုးပြုသည့်အဆီများ ဖြစ်ကြပြီး ယင်းကဲ့သို့သောအဆီများကို နေ့စဉ် စားသုံးသည့် အစားအစာများတွင် ထည့်သွင်းစားသုံးပေးခြင်းဖြင့် အဝလွန်ခြင်းကို ကာကွယ် နိုင်စေမည် ဖြစ်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်အနေဖြင့် ဗီတာမင် A ၊ D ၊ E နှင့် K တို့ကဲ့သို့သော ဗီတာမင်ဓာတ်များကို စုပ်ယူနိုင်ရန်အတွက် အဆီဓာတ်ကို လိုအပ်ပေသည်။ အဆီမရှိလျှင် ခန္ဓာကိုယ်က ယင်းဗီတာမင်များကို စုပ်ယူနိုင်မည်မဟုတ်ပေ။ လူအများစုသည် အဆီဆိုသည့် အရာမှာ ခန္ဓာကိုယ်အတွက် မကောင်းသောအရာဟု တရားသေ သတ်မှတ်ထားတတ်ကြပြီး ၎င်းတို့ နေ့စဉ်စားသုံးသည့် အစားအစာများ တွင် ပါဝင်သည့်အဆီများကို ချေဖျက်နိုင်ရန်အတွက် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်လေ့ရှိကြပါသည်။ အမှန်ဆိုရလျှင် ကျန်းမာသော ကိုယ်အလေးချိန် ထိန်းသိမ်းရန်အတွက်လည်း အဆီဓာတ်ကို ပမာဏတစ်ခုအထိ လိုအပ်ပါသည်။

အခြေခံအားဖြင့် စားသုံးဆီတွင်ပါဝင်သည့်အဆီကို ပြည့်ဝဆီနှင့် မပြည့်ဝဆီဟူ၍ နှစ်မျိုး ခွဲခြားထားကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အဆီအုပ်စုတစ်ခုချင်းစီ၌ အဆီအမျိုးအစားများစွာ ပါဝင်နေလျက်ရှိသည်။ မပြည့်ဝဆီများတွင် polyunsaturated fatty acid နှင့် monounsaturated fat တို့ ပါဝင်နေပါသည်။ ယင်းတို့ကို အတန် အသင့်စားသုံးသည့်အခါ ခန္ဓာကိုယ်အတွင်းရှိ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး နှလုံးရောဂါခံစားရနိုင်ခြေကို လျော့ကျစေနိုင်ပါသည်။ Polyun-saturated fat ကို ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီကဲ့သို့သော အသီးအရွက်ဆီများတွင် တွေ့ရတတ်ပြီး သွေးတွင်းကိုလက်စထရော ပမာဏနှင့် triglyceride ပမာဏကို လျော့ကျစေပါသည်။ polyun-saturated fat တစ်မျိုးမှာ အိုမီဂါသရီး ဖက်တီးအက်ဆစ်ဖြစ်ပါသည်။ ယင်းကို အဆီများသည့် ဆယ်လ်မွန်၊ မက်ကာရယ်နှင့် ငါးခူကဲ့သို့သော ငါးများ၊ နှမ်းကြတ်စေ့ဆီနှင့် သစ်ကြားသီးများတွင် တွေ့ရှိရတတ်ပါသည်။ ထိုကဲ့သို့သော အိုမီဂါသရီးဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အစားအစာများကို တစ်ပတ်လျှင်နှစ်ကြိမ် စားသုံးပေးသင့်ကြောင်း အမေရိကန် နှလုံးအဖွဲ့က အကြံပြုထားပါသည်။

 

စားသုံးရန်မသင့်သည့် အဆီနှစ်မျိုး

စားသုံးရန်မသင့်သည့် အဆီနှစ်မျိုးမှာ ပြည့်ဝဆီများဖြစ်ကြသည့် saturated fat နှင့် trans fatty acid များဖြစ်ကြပြီး ၎င်းတို့သည် သွေးတွင်းကိုလက်စထရောပမာဏကို တိုးစေပြီး သွေးကြောများကို ပိတ်ဆို့စေသကဲ့သို့ နှလုံးရောဂါများဖြစ်နိုင်ခြေကိုလည်း တိုးပွားစေပါသည်။ ပြည့်ဝဆီများကို တိရစ္ဆာန်များမှရရှိသည့် စားသောက်ကုန်များဖြစ်ကြသော အသားများ၊ နို့နှင့် ဥအမျိုးမျိုးတွင် တွေ့ရှိနိုင်ပါသည်။ ထို့အပြင် အုန်းဆီနှင့် စားအုန်းဆီများတွင်လည်း ပြည့်ဝဆီများ ပါဝင်နေသည်ကို သတိပြုသင့်ပေသည်။ ပြည့်ဝဆီများကို အခါခါပြန်ကြော် ချက်သည့်နေရာတွင် အသုံးပြုလျှင် ကင်ဆာအမျိုးမျိုးကို ဖြစ်ပေါ်ခံစားရစေသောကြောင့် ကျန်းမာရေးနှင့်သင့်တော်သည့် မပြည့်ဝဆီများကို သာ အဓိက စားသုံးသင့်ပေသည်။

စားသုံးဆီ ၁ ဂရမ်( 1 gram) ကို စားပြီးတိုင်း အင်အားဓာတ် (စွမ်းအင်) ၉ ကီလိုကယ်လိုရီ ( 9 Kcal/gm) ရရှိစေပြီး ထိုရရှိလာသော စွမ်းအင်ကို နေ့စဉ်လှုပ်ရှားသွားလာမှုများတွင် အသုံးပြု ကြရပါသည်။ ထို့‌ကြောင့် စားသုံးဆီသည် လူတို့အတွက် အင်အားဖြစ်စေသောအစာ အုပ်စုဝင် ဖြစ်သော်လည်း လိုအပ်သည့်ပမာဏထက် ပို၍စားသုံးမိပါက အင်အားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးလာနိုင်သည်နှင့်အမျှ အဝလွန်လာကာ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ အဆစ်ရောင်ရောဂါစသည့် နာတာရှည်ဝေဒနာများ ဖြစ်ပေါ်လာ စေနိုင်ပါသည်။ စားသုံးဆီကို အလွန်အကျွံစားသုံးသောကြောင့် ဖြစ်ပေါ်စေနိုင်သည့် ရောဂါဆိုးများမှ ရှောင်ရှားနိုင်ရန်အလို့ငှာ အသက်အုပ်စုအလိုက် တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်သော စားသုံးဆီ ပမာဏကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အာဟာရဌာနခွဲ) က အောက်ပါဇယားအတိုင်း လမ်းညွှန်မှုပြုထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်-

 

 

လိုက်နာသုံးစွဲခြင်းဖြင့် ကုသရန်ခက်ခဲသော နာတာရှည်ရောဂါ ဝေဒနာဆိုးများမှ ကင်းဝေးစေခြင်းကြောင့် ဆေးကုသမှုအတွက် အသုံးပြုရမည့် ကုန်ကျစရိတ်သက်သာခြင်းနှင့် မိသားစုဝင်များ စိတ်ချမ်းသာမှုကို ရရှိနိုင်ပေသည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူတစ်ဦး တစ်ယောက်ချင်းမှ အစပြု၍ မိသားစုပေါင်းများစွာက စားသုံးဆီကို လိုအပ်သလောက်သာ သုံးစွဲလိုက်ခြင်းအားဖြင့် ပြည်သူများကျန်းမာသန်စွမ်းပြီး နာတာရှည် ရောဂါများကင်းဝေးကာ မိမိတို့၏ လုပ်ငန်းဆောင်တာများကို စွမ်းအားပြည့် ဆောင်ရွက်လာနိုင်ခြင်းနှင့်အတူ စားသုံးဆီ တင်သွင်းမှုအတွက် အသုံးပြုရသော နိုင်ငံခြားငွေချွေတာလာနိုင်ခြင်းကြောင့် အခြားပြည်တွင်း လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းတိုးချဲ့ဆောင်ရွက်လာ နိုင်မည်လည်း ဖြစ်ပါသည်။

 

စားသုံးသူပြည်သူများ၏ ကျန်းမာရေးသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်စွာအရေးပါသည်ဖြစ်ပေရာ လူတိုင်းကိုယ်စီ

စားသုံးဆီနှင့် ကျန်းမာရေးဆက်နွှယ်မှုကို ဂရုပြုကြခြင်းဖြင့် စားသုံးဆီကြောင့် ဖြစ်ပွားတတ်သော နာတာရှည်ရောဂါဝေဒနာများမှ ကင်းဝေးကြစေရန် အရည်အသွေး စစ်ဆေးပြီးသော စားသုံးဆီများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းညွှန်ထားသောပမာဏနှင့်အညီ လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲသင့်ကြောင်း တိုက်တွန်းလိုပါသည်။

စားသုံးဆီတင်သွင်းသူ၊ ထုတ်လုပ်သူ၊ ဖြန့်ချိသူများအနေဖြင့်လည်း သတိမမူဂူမမြင်မဖြစ်စေဘဲ စားသုံးဆီ၏ အန္တရာယ်နှင့် စားသုံးဆီများအကြောင်း ဂဃနဏသိရှိစေရန် ကြိုးပမ်းသင့်ပေသည်။ ထို့အပြင် မိမိ၏ စီးပွားရေးအား ငွေကြေးအကျိုးအမြတ် (Profit) ကိုသာ ဦးတည်သည့် လုပ်ငန်းမဖြစ်စေဘဲ စားသုံးသူ (Consumers) အား ရှေးရှုသည့် ကျင့်ဝတ်နှင့်ညီသော လုပ်ငန်းများ (Ethical Business) ဖြစ်စေရေး အလေးထားရန်လိုအပ်မည်ဖြစ်သလို နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများ၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

 

စားသုံးဆီနှင့်ပတ်သက်သည့် အမိန့်ကြေညာစာများ

နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာများအနေဖြင့်လည်း ရေရှည်တည်တံ့သောတိုးတက်မှု (Sustainable Development) ကို ဦးတည်၍ မူဝါဒများ၊ ညွှန်ကြားချက်များချမှတ်လျက်ရှိသည်။ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် (၂၀၃၀) ၏ ပန်းတိုင် (၃) ဖြစ်သည့် ကျန်းမာရေးနှင့် လူမှုဘဝ ကောင်းမွန်ရေး (Good Health and Well-being) အား ဖော်ဆောင်နိုင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါ ဘယကင်းရှင်းရေးအား ပြည့်မီရန် အတွက် အထောက်အကူပြုမည့် စားသုံးဆီနှင့်ပတ်သက်သည့် အမိန့်ကြေညာစာများ ထုတ်ပြန်ထားရှိပါသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အမိန့်အမှတ် ၂/၂၀၂၄ ဖြင့် ရောနှောဆီ (Blended Oil) အဖြစ် အစားအသောက်ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရမည့် အချက်များကို ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်အရ ဟင်းသီးဟင်းရွက် ဆီများကို ရောနှောဆီ (Blended Oil) အဖြစ် ရောစပ်ရာတွင် အမျိုးအစား (၂) မျိုးသာ ရောစပ်ရမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီတစ်မျိုးသည် အနည်းဆုံး ၄၀ ရာခိုင်နှုန်း ပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် အနံ့တုများ ထည့်သွင်းခြင်းမပြုရသည့်အပြင် တိရစ္ဆာန်အဆီနှင့် ဝါစေ့ဆီကြမ်းတို့ကို ရောနှောဆီအဖြစ် အသုံးပြုခွင့်မပြုကြောင်း ညွှန်ကြားထားပြီးဖြစ်သည်။

ယင်းညွှန်ကြားချက် မထွက်ရှိမီအချိန်က စားသုံးဆီများကို သင့်သလို ရောနှောခဲ့သဖြင့် ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်သော်လည်းကောင်း၊ စီးပွားရေးရှုထောင့်မှ ကြည့်လျှင်သော် လည်းကောင်း စိန်ခေါ်မှုများ၊ ပြဿနာများရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ကျန်းမာရေး ရှုထောင့်အရဆိုရလျှင် ပြည့်ဝဆီနှင့် မပြည့်ဝဆီများအား အထိန်းအကွပ်မဲ့ ရောစပ်ခြင်းအားဖြင့် မည်သည့်ဆီ မည်သည့်ပမာဏ ပါဝင်နေသည်ကို မသိရှိနိုင်ပေ။ ပြည့်ဝဆီများ ပိုမိုပါဝင်သော စားသုံးဆီများကို ပြန်ကြော်ဆီများအဖြစ် အသုံးပြုမိလျှင် အထက်တွင်ဖော်ပြခဲ့သော ကျန်းမာရေးဆိုးကျိုး အမြောက်အမြား ဖြစ်ပေါ်နိုင်ပေသည်။ စီးပွားရေး ရှုထောင့်မှ ကြည့်လျှင်လည်း စားအုန်းဆီကဲ့သို့သောဆီများကို ဓာတုအနံ့များထည့်ကာ ပဲဆီ၊ နှမ်းဆီဟု စားသုံးသူများအား လိမ်ညာရောင်းချခြင်းမှ ၎င်းဆီ၏ တန်ဖိုးသည် ပဲဆီ၊ နှမ်းဆီအစစ်များကဲ့သို့ မြင့်မားလာ သည့်အတွက် Shadow Inflation ကို ဖြစ်ပေါ်စေမည်ကို တွေ့ရှိရသည်။ ၎င်းတို့ကို ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ယခုထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာသည် ထိရောက်မှု အပြည့်အဝရှိသည့် ညွှန်ကြားချက်တစ်ရပ်ပင်ဖြစ်သည်။ ခေတ်စနစ်နှင့်ညီ‌သော အပြစ်ပေး အရေးယူမှုများလည်း ထည့်သွင်းထားသည်ဖြစ်ရာ စားသုံးဆီ ထုတ်လုပ်တင်သွင်း ဖြန့်ဖြူးရောင်းချသူများ အနေဖြင့် တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ပူးပေါင်းပါဝင်သင့် ပေသည်။ သတိမမူ ဂူမမြင် ပြုလုပ်နေပါက တိကျပြင်းထန်သည့် အရေးယူမှုများချမှတ် ခံရနိုင်သည်ကို သတိချပ်သင့်ပေသည်။

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် စားသုံးဆီသည် ပြည်သူများ၏ ကျန်းမာရေးအခန်းကဏ္ဍတွင်သာမက နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင်ပါ အဓိကမဏ္ဍိုင်အဖြစ် ပါဝင်နေသည့်အတွက် ၎င်းမဏ္ဍိုင် ရေရှည် တည်တံ့ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပေသည်။ ဌာနဆိုင်ရာအဖွဲ့ အစည်းများအနေဖြင့်လည်း ယခုကဲ့သို့သော ညွှန်ကြားချက်များ အခါအားလျော်စွာ ထုတ်ပြန်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ပညာပေးခြင်း၊ စားသုံးသူပညာပေးခြင်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ် သလို စီးပွားရေးလုပ်ငန်းရှင်များကလည်း အမျိုးသားရေးတာဝန်အသိ ဖြင့် လိုက်နာကျင့်သုံး ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် စားသုံးသူများကလည်း မှန်ကန်သောအသိ၊ သတိတို့ဖြင့် ချင့်ချိန်ရွေးချယ် စားသုံးတတ်သည့် အလေ့အကျင့်ဖြစ်ထွန်းလာရေး တစ်ဦးချင်းစီ ပြုပြင်ပြောင်းလဲရမည်ဖြစ်သည်။ သို့မှသာ မဝေးတော့သည့်အနာဂတ်၌ စားသုံးသူ အခန်းကဏ္ဍတွင် နိုင်ငံတော်၊ နိုင်ငံသားနှင့် စီးပွားရေးလုပ်ငန်းရှင်များ သုံးဦးသုံးဖလှယ် အကျိုးရှိလာနိုင်မည်ဖြစ်ကြောင်း ရေးသား ဖော်ပြအပ်ပါသည်။