စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

ပဲခူး  ဇူလိုင်  

 

အခြေခံ စားနပ်ရိက္ခာဖူလုံရေးတွင် အဓိကကျသည့် စားသုံးဆီပိုလျှံအောင် ထုတ်လုပ်နိုင်ရေးအတွက်  ဆီထွက် သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများအား တိုးချဲ့စိုက်ပျိုးနေပြီဖြစ်ကြောင်း၊ လာမည့် ဆောင်းရာသီတွင် ဆီထွက်သီးနှံ ကောင်းမျိုးသန့်နေကြာများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 

ဇူလိုင် ၈ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပဲခူးတိုင်းဒေသကြီးအတွင်း စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဆီစက်လုပ်ငန်းရှင်များတွေဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိလာမည့် ဆီထွက်သီးနှံ ပမာဏအများအပြား ကြိတ်ခွဲထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်များ စက်စွမ်းအားပြည့် ကြိတ်ခွဲနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားရန်ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊  ပြည်တွင်း စာသုံးဆီဖူလုံရေးနှင့် ဆီစက်များ စွမ်းအားပြည့်လည်ပတ် နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဖြည့်စွက် ရှင်းလင်းသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဆီစက်လုပ်ငန်းရှင်များက လျှပ်စစ်မီးရရှိရေး၊ ဆီစက်များ မှတ်ပုံတင်ရရှိရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဖြန့်ဖြူးပေးရန်၊ ပြည်တွင်းထုတ်စားသုံးဆီ ဈေးကွက် ခိုင်မာမှုရရှိရေး၊ ဆီစက်များ ပြန်လည်အဆင့်မြှင့်တင်နိုင်ရေးနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များ တိုးတက် ထွန်းကားလာနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည် ရှင်းလင်းဖြေကြားကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)