မင်းရွှေအုပ်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံ၏အမျိုးမျိုးသော ဒေသရေမြေ ရာသီဥတု သဘာဝအရ စိုက်ပျိုးနိုင်သောသီးနှံများကို ရွေးချယ်စိုက်ပျိုးလျက်ရှိရာတွင် ဆန်စပါးသာမက ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များ၊ စက်မှုကုန်ကြမ်း သီးနှံများ၊ ဆီထွက်သီးနှံများ စသည်ဖြင့် သက်ဆိုင်ရာ ဒေသများအလိုက် အထူးပြု စိုက်ပျိုးထုတ်လုပ် လျက်ရှိပါသည်။

စားသုံးဆီအတွက် အဓိကအားထားရသော သီးနှံများမှာ မြေပဲ၊ နှမ်း၊ နေကြာ စသည့်သီးနှံများ ဖြစ်ကြပြီး ယင်းသီးနှံများအနေဖြင့် ရာသီသဘာဝ အပေါ်အမှီပြု၍ စိုက်ပျိုးထုတ်လုပ်မှု အတက်အကျ များပြားမှုရှိသည့် သီးနှံများဖြစ်ကြပါသည်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို ဆီထွက်သီးနှံများ အနေဖြင့် လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ခြင်းမရှိသေးသဖြင့် လိုအပ်သောပမာဏအား နှစ်စဉ်ပြည်ပမှ တင်သွင်းနေရပါသည်။

ဆီအုန်းတစ်ဧကမှ ဆီသီးခိုင်ပျမ်းမျှ ငါးတန်ထွက်ရှိနိုင်

ဆီထွက်သီးနှံများအနက် တစ်ဧက ဆီထွက်နှုန်းကောင်းသော ဆီအုန်းစိုက်ပျိုးခြင်းမှ စားသုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ ရေမြေရာသီဥတုအရ ဆီအုန်းတစ်ဧကမှ ဆီသီးခိုင်ပျမ်းမျှ ငါးတန်ထွက်ရှိနိုင်ပါသည်။ အဆိုပါ ဆီသီးခိုင် ငါးတန်မှ ဆီကြမ်းတစ်တန်ခန့်ထုတ်လုပ်ရရှိမည်ဖြစ်ပါသည်။ ဆီကြမ်းတစ်တန်ကို သန့်စင်ပါက စားဆီချော ၁/၃ တန်ခန့် ရရှိမည်ဖြစ်ပါသည်။

စားအုန်းဆီ တန်ချိန် တစ်သိန်း လိုအပ်ပါက ဆီအုန်းစိုက်ဧက သုံးသိန်းစိုက်ပျိုးရန် လိုအပ်ပါသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း လုံလောက်မှု မရှိသေးသဖြင့် နိုင်ငံတော်က ၁၉၉၉ ခုနှစ်တွင် ဆီအုန်းစိုက်ပျိုးရန် သင့်တော်သောရာသီဥတုရှိသည့် တနင်္သာရီတိုင်းဒေသကြီးတွင် “တနင်္သာရီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီး ဖြစ်ရ မည်” ဟု ရည်မှန်းချက်ထားပြီး ဧကငါးသိန်း တိုးချဲ့စိုက်ပျိုးရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ သည်။ သို့ဖြစ်၍ ဆီအုန်းစိုက်ဧကများ တိုးတက်လာခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆီအုန်း ၃၉၆၈၆၅ ဧက စိုက်ပျိုးထားရှိပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း စတင်စဉ်ကာလများတွင် ပြည်တွင်း၌ ဆီအုန်းစပ် မျိုးစေ့များ ထုတ်လုပ်နိုင်မှုမရှိသေး၍ ဆီအုန်းမျိုးစေ့များကို မလေးရှား၊ ကော်စတာရီကာ၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံများမှ ဈေးကြီးပေး၍ ဝယ်ယူတင်သွင်း စိုက်ပျိုးနေရသဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မှုကို နှောင့်နှေးစေခဲ့ပါသည်။

ထို့ပြင် ဝယ်ယူတင်သွင်းသော ဆီအုန်းမျိုးစေ့များက မြန်မာနိုင်ငံ ဒေသရေမြေ ရာသီဥတုနှင့် သင့်လျော်မှု ရှိ/မရှိ သေချာမှုမရှိသေးဘဲ စိုက်ပျိုးခဲ့ကြရပါသည်။ ယခင်စိုက်ပျိုးခဲ့သည့် ဆီအုန်းဧရိယာ များ စီးပွားရေးသက်တမ်းပြည့်မီ၍ ပြန်လည်စိုက်ပျိုးချိန်တွင် မြန်မာနိုင်ငံ ရေမြေရာသီဥတုနှင့် သင့်လျော် ကိုက်ညီသည့် ဆီအုန်းမျိုးစေ့များဖြင့် စိုက်ပျိုးပါက အထွက်ပိုမိုလာနိုင်မည်ဖြစ်သည့်အပြင် ပြည်ပမှ ဆီအုန်းမျိုးစေ့ တင်သွင်းရမှုကို လျော့ကျသွားစေပြီး နိုင်ငံခြားငွေသုံးစွဲရမှုကို သက်သာစေမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြည်တွင်း၌ ဆီအုန်းမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးပေးရန် မဖြစ်မနေလိုအပ်နေပြီ ဖြစ်ပါသည်။

စပ်မျိုးစေ့များကိုသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုး

စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းမျိုးစေ့များသည် ရွေးချယ်မွေးမြူထားသော မိခင်မျိုးပင် ဒူရာ(Dura) နှင့် ဖခင်မျိုးပင် ပက်ဆီဖာရာ(Pisifera) တို့အား မျိုးစပ်ပေး၍ ရရှိသော စပ်မျိုးစေ့ (F1) တင်နရာ (Tenera) မျိုးစေ့များဖြစ်ပြီး အဆိုပါစပ်မျိုးစေ့များကိုသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရပါသည်။ စိုက်ကွက်ထဲမှ ရရှိသော ဆီအုန်းအသီးမှ ရရှိသည့် အစေ့များကို မျိုးအဖြစ် ပြန်လည်အသုံးပြု၍မရပါ။

မြန်မာနိုင်ငံ၏ ရေမြေသဘာဝ ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသော ပြည်တွင်းဆီအုန်းစပ်မျိုးများရရှိရေးအတွက် ကော့သောင်း ခရိုင်ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ(ဟတ်စဒင်း)တွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှစ၍ ဆီအုန်းမျိုးစေ့ခြံ တည်ထောင်ကာ ဆီအုန်းမိခင်မျိုးလိုင်းနှင့် ဖခင်မျိုးလိုင်းများ ရွေးချယ်ခြင်း၊ ဆီအုန်းမျိုးစပ်ခြင်းနှင့် စပ်မျိုးသစ်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

မိခင်မျိုးများ ရွေးချယ်မွေးမြူရာတွင် ပြည်ပမှ တင်သွင်းစိုက်ပျိုးထားသော ဆီအုန်းမျိုးအပင်များထဲမှ အသီးခိုင်အထွက်နှုန်း အကောင်းဆုံးအပင်များ ကိုရွေးချယ်ကာ ဝတ်မှုန်ကူးခြင်းပြုလုပ်ပြီး မိခင်မျိုး လိုင်း(ဒူရာ)ပင်၊ ဖခင်မျိုးလိုင်း(ပက်ဆီဖာရာ)ပင် များရရှိရန် ရွေးချယ်ထုတ်လုပ်ရပါသည်။ ယင်း ထုတ်လုပ်ရရှိသော ဒုတိယသားဆက် မိခင်မျိုးလိုင်း (ဒူရာ)ပင်များ၊ ဖခင်မျိုးလိုင်း(ပက်ဆီဖာရာ)ပင်များ ပွားများခြင်းနှင့် ဗီဇညံ့မှုများမရှိစေရန် အတွဲ အမျိုးမျိုးဖြင့် မျိုးစပ်ပြီး ရရှိသောစပ်မျိုးအတွဲများ(Genetic Crosses)အား တတိယသားဆက်များ ရရှိအောင်စမ်းသပ်ကွက်များကို နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ဟတ်စဒင်း) တွင် စိုက်ပျိုးထားရှိပြီးဖြစ်ပါသည်။

ဆီအုန်းစပ်မျိုးစေ့များ ထုတ်လုပ်နိုင်သည့် အခြေအနေတွင်ရှိ

မြန်မာနိုင်ငံ၌ ဆီအုန်းမျိုးရိုးဗီဇများ (Germplasm) လုံလောက်စွာ မရှိသေးသော်လည်း လက်ရှိအနေအထားဖြင့် ဆီအုန်းစပ်မျိုးစေ့များ ထုတ်လုပ်နိုင်သည့် အခြေအနေတွင် ရှိနေပြီးဖြစ်ပါ သည်။ ပြည်တွင်းတွင် လိုအပ်သော ဆီအုန်းမျိုးစေ့များ ထုတ်လုပ်သွားခြင်းအားဖြင့် ဆီအုန်းစိုက်ပျိုးရေး အခန်းကဏ္ဍသည်လည်း ပိုမိုအဆင့်မြင့်သည်ထက် မြင့်လာမည် ဖြစ်ပါသည်။

စီးပွားဖြစ်စိုက်ပျိုးသော ဆီအုန်းစပ်မျိုး (တင်နရာ) ထုတ်လုပ်ရရှိရန် (ဒူရာ) မိခင်ပင်နှင့် (ပက်ဆီဖာရာ) ဖခင်ပင်များကို ရွေးချယ်ရန် လိုအပ်ပါသည်။ ဒူရာမိခင်ပင် ရွေးချယ်ရာတွင် အသီးခိုင်အထွက်နှုန်းကိုအခြေခံထားပါသည်။ တစ်ပင်ချင်း ရွေးချယ်ခြင်း၊ အပင်အုပ်စုအလိုက် ရွေးချယ်ခြင်း နှစ်မျိုးစလုံးဆောင်ရွက်ရပါသည်။ အထွက်နှုန်း အကောင်းဆုံးအုပ်စုထဲမှ အထွက်နှုန်း အကောင်းဆုံး အပင်ကို ရွေးချယ်ရာတွင် တစ်နှစ်လျှင်တစ်ပင်မှ ဆီသီးခိုင် အထွက်များပြီး ပျမ်းမျှဆီသီးခိုင်အထွက် နှုန်း ၂၀၀ ကီလိုဂရမ်ကျော်သော အပင်များကို ရွေးချယ်ရပါသည်။

ဆီအုန်းစပ်မျိုးထုတ်လုပ်ရာတွင် အဓိကအရေးကြီးဆုံးမှာ ဖခင်မျိုးပင် (ပက်ဆီဖာရာ) ဖြစ်ပါသည်။ (ပက်ဆီဖာရာ)ဖခင်ပင်များသည် ပန်းခိုင်အထွက်များသော်လည်း အသီးတင်နှုန်း နည်းပါးပါသည်။ ထို့ကြောင့် မိခင်၊ ဖခင်စပ်မျိုးတူ အထွက်နှုန်း ကောင်းသော တင်နရာပင်ကို အခြေခံ၍ အဖိုပန်းခိုင် အစ်မပန်းခိုင် အချိုး (Sex Ratio) ရာခိုင်နှုန်း ကောင်းပြီး အပင်နိမ့်၍ မျိုးရိုးဗီဇသန့်သော ဖခင် မျိုးပင် (ပက်ဆီဖာရာ)(Sterile Pisifera) အပင်များကို ဦးစားပေး ရွေးချယ်ရပါသည်။

မိခင်ပင်နှင့် ဖခင်ပင်များကို သတ်မှတ်ထားသည့် အရည်အသွေးအတိုင်း ရွေးချယ်ပြီးသောအခါ လူဖြင့် ဝတ်မှုန်ကူး မျိုးစပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရပါသည်။ ဝတ်မှုန်ကူး မျိုးစပ်ရန်အတွက် ရွေးချယ်ထားသော (ပက်ဆီဖာရာ) ဖခင်မျိုးလိုင်းအပင်၏ အဖို ပန်းခိုင်များနှင့် (ဒူရာ) မိခင်မျိုးလိုင်းအပင်၏ အမ ပန်းခိုင်များကို ပန်းခိုင်ဖုံးများ မကွဲခင် ပန်းမပွင့်ခင် ခုနစ်ရက်ခန့် ကြိုတင်ပြီး ပြင်ပမှဝတ်မှုန်များ မဝင်ရောက်နိုင်သော နှစ်ဖက်မြင်ရသည့် ၂၄" x ၁၈" အရွယ်ရှိ အိတ်ကို ဝတ်မှုန်စွပ်အိတ်များဖြင့် မှောက်၍စွပ်ပေးရပါသည်။

ဝတ်မှုန်စွပ်အိတ်များစွပ်ရာတွင် အမပန်းပွင့်များပေါ်သို့ မလိုလားအပ်သောဝတ်မှုန်များ မကျ စေရေးအတွက် အထူးဂရုစိုက်ဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။ အဖိုပန်းပွင့်များ ပွင့်လာ သောအခါ ပန်းခိုင်ကိုဖြတ်ယူပြီး ဝတ်မှုန်များကို ပလတ်စတစ်အိတ်အတွင်းသို့ ခါချရပါသည်။ ရရှိ သောဝတ်မှုန်များကို ဆန်ခါဖြင့်စစ်၍ အမှိုက်များကို ဖယ်ရှားရပါသည်။ အမှိုက်စစ်ပြီး ဝတ်မှုန်ကို ၃၅-၄၀ ဒီဂရီစင်တီဂရိတ်တွင် ၂၄ နာရီ အခြောက်ခံပြီး ဖန်ဘူးအသေးများဖြင့် လေလုံပိတ်ကာ အအေး ခန်း(ရေခဲသေတ္တာ)တွင် သိုလှောင်ထားရပါသည်။

အိတ်စွပ်ထားသော အမပန်းခိုင်များ ပန်းပွင့်လာ သောအခါ ယင်းပန်းပွင့်များပေါ်သို့ အဖိုဝတ်မှုန်များ ကို ကူးပေးပါသည်။ ဝတ်မှုန်ကူးရာတွင် လေညှစ်ဘူးများကိုအသုံးပြုပြီး လေညှစ်အားဖြင့် မှုတ်ထုတ် ခြင်းဖြစ်ပါသည်။ ဝတ်မှုန်မကူးမီ အိတ်ကို ဖော်မလင်ဖြင့် ဖျန်းပေးရပါသည်။ အသုံးပြုသည့် ကိရိယာ အားလုံးကိုလည်း ပိုးသန့်ရပါသည်။ ဝတ်မှုန်ကို နေရာအနှံ့ရောက်အောင် တိတ်အကြည်စကိုခွာ၍ အပေါက်မှ ဝတ်မှုန်ဖြူးပေးရပါသည်။ ဝတ်မှုန်ကူးရာတွင်လတ်ဆတ်သည့် ဝတ်မှုန်များကိုသာ အသုံးပြု ရပါသည်။ တစ်လထက်ကျော်ပြီး သိုလှောင်ထားပါက ဝတ်မှုန်များ၏ အောင်မြင်မှုရာခိုင်နှုန်း အနည်း ငယ်ကျဆင်းပါသည်။ ဝတ်မှုန်ကူးခြင်းကို နံနက်ပိုင်း တွင်ပြုလုပ်ပြီး အသီးတင်နှုန်းကောင်းစေရန် အမ ပန်းခိုင်တစ်ခိုင်ပေါ်တွင် သုံးရက်ဆက်တိုက် ဝတ်မှုန်ခံ ပန်းရောင်အားလုံးဖြစ်သည်အထိ ဝတ်မှုန်ကူးရပါသည်။

ဝတ်မှုန်ကူးပြီး တစ်လခန့်ကြာသောအခါ အမ ပန်းခိုင်အား စွပ်ထားသောအိတ်များကို ဖြုတ်ပေးပါ သည်။ ဝတ်မှုန်ကူးပြီး ငါး-ခြောက်လကြာသောအခါတွင် ရင့်မှည့်သော ဆီသီးခိုင်များကို ခုတ်သိမ်းရပါ သည်။ ဆီသီးခိုင်မှ အသီးများကိုခြွေယူပြီး အခွံခွါရပါသည်။ အခွံခွာရာတွင် အသီးများကို ရေသန့်သန့်ဖြင့် ခုနစ်ရက်စိမ်ပြီး နေ့စဉ်ရေလဲကာ အခွံခွာရပါသည်။ အခွံခွာပြီးမျိုးစေ့ကို ရေစင်ကြယ်စွာဆေးပြီး မှိုသတ်ဆေးစိမ်ကာ အရိပ်တွင် လေသလပ်ပြီးထားရပါသည်။ အစိုဓာတ်ကို ၁၈ ရာခိုင်နှုန်းထက် မလျော့အောင် လေသလပ်ခံထားရပါသည်။

အဆင့်ဆင့် ဆီအုန်းစပ်မျိုးစေ့များ ထုတ်ယူကာ အပင်ဖောက်ခြင်း၊ အကြိုပျိုးခင်းနှင့် ပျိုးခင်းကြီး တည်ထောင်ခြင်းလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရပါသည်။ ထို့နောက် အကောင်းဆုံး ပျိုးပင်များ ရွေးချယ်စိုက်ပျိုးသွားခြင်းအားဖြင့် အထွက်နှုန်းပိုမိုကောင်းမွန်သော ဆီအုန်းစိုက်ခင်းများ ရရှိလာမည်ဖြစ်ပါကြောင်း ဆီအုန်းစိုက်ပျိုး ထုတ်လုပ်သော တောင်သူဦးကြီးများနှင့် ပြည်သူများအား နည်းပညာပေးတင်ပြလိုက်ရပါသည်။ ။