စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ၏  ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၉

 စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး ကော်မတီ၏ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝင်းရှိန် ၊ ဦးလှမိုး ၊ ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အချိန်တိုတိုအတွင်း တိုးချဲ့စိုက်ပျိုးနိုင်ပြီး တစ်ဧက ဆီထွက်နှုန်း ကောင်းမွန်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေးစီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ  ဆောင်းနေကြာ စိုက်ပျိုးရာသီကုန်ကာလ နီးပြီဖြစ်၍ လျာထားဧကပြည့်မီရေး ဝိုင်းဝန်းကြိုးပမ်းကြရန်လိုကြောင်း၊ နေကြာသီးနှံ စိုက်ပျိုးဧရိယာ တိုးချဲ့ရေးသာမက တောင်သူများ စီးပွားရေးအရ တွက်ချေကိုက်ရန် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးနည်း စနစ် မှန်ကန်ရေး၊ ချေးငွေနှင့် သွင်းအား စုများအချိန်မီ ရရှိရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးတို့ကို အလေး ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က နိုင်ငံတော်မှ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေးအတွက် ခွင့်ပြုပေးထားသော ရန်ပုံငွေကို ထိထိရောက်ရောက်သုံးစွဲနိုင်ရေး ၊ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးနိုင်သည့် ရာခိုင်နှုန်း နည်းရသည့်အကြောင်းအရင်းကို စိစစ်သုံးသပ်ပြီး  ထိရောက်မြန်ဆန်စွာ သုံးစွဲနိုင်သည့်စနစ် ပြောင်းလဲ ကျင့်သုံးနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ထွက်ရှိလာသော နေကြာအပါအဝင် ဆီထွက်သီးနှံများ ဈေးကွက်ရရှိ ရေး နှင့် အရည်အသွေး ပြည့်ဝသော စားသုံးဆီ ထုတ်လုပ်နိုင်ရေးအတွက် ဆီစက်များ အရည် သွေးမြှင့်တင်ရေး၊ ဈေးကွက်ရရှိမှု ဖော်ဆောင်ပေးခြင်းဖြင့် တောင်သူများ၏ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးလိုမှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုနှင့် စိုက် ပျိုးစရိတ်ချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေ စသည့် စီမံကိန်းအောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် သွင်းအားစုများ အချိန်မီရရှိနိုင်ရေး၊ ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ က ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေးစီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် လက်ရှိ စိုက်ပျိုးသည့် နေကြာစိုက်ဧရိယာနှင့် သီးနှံထွက်ရှိမှု ၊ ဈေးကွက်အလားအလာတို့၏ အား နည်းချက် အားသာချက်များကို လေ့လာသုံးသပ်ပြီး ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်း အစီအစဉ်များကို အသေးစိတ်ရေးဆွဲရန်နှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၊တိုင်း ဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အားလုံး တို့က ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်