“စာတတ်သူတိုင်းစာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနား တတိယနေ့ ဆက်လက်ကျင်းပ

“စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနား တတိယနေ့ကို ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။

 

ယနေ့သည် ရုံးပိတ်ရက်ဖြစ်သည့် အားလျော်စွာ နေပြည်တော်ရှိ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စာပေလေ့လာလိုသူများ၊ စာအုပ်စာပေချစ်မြတ်နိုးသူများ လာရောက်လေ့လာကြသည်။ 

 

စောဦးစာပေမှ မတင်တင်မော်က “ကျွန်မတို့ဆိုင်မှာ တိုက်ပေါင်းစုံမှ စာအုပ်တွေ ပြသရောင်းချလျက် ရှိပါတယ်။ နိုင်ငံတစ်ဝန်းက စာကြည့်တိုက်တွေအနေနဲ့ ကျွန်မတို့ စောဦးစာပေကို စာအုပ်တွေ မှာယူမယ်ဆိုရင် တစ်ဆယ်ရာခိုင်နှုန်း လျှော့ပြီးရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ရုံးပိတ်ရက်ဖြစ်လို့ ဝန်ထမ်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်လေ့လာကြတာ အရင်ရက်တွေထက် ပိုများတယ်လို့ ကျွန်မထင်တယ်။ အထူးသဖြင့် ကျွန်မတို့ဆိုင်ကနေ ဆရာမ ခင်နှင်းယု၊ ဆရာ လင်းသိုက်ညွှန့်၊ ဆရာညီညီနိုင်၊ ဗန်းမော်သိန်းဖေ၊ လင်္ကာရည်ကျော်၊ ဆရာ ကျော်ကျော်နိုင်နဲ့ ဆရာတင်ညွှန့်တို့ရေးသားတဲ့ စာအုပ်တွေ ပိုရောင်းရပါတယ်။ ပွဲစီစဉ်ပေးသူတွေကို အထူးကျေးဇူးတင်ပါတယ်။ ဗဟုသုတရမယ့် စာအုပ်စာပေတွေကို များများဖတ်စေချင်ပါတယ် ” ဟုပြောသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒေါ်မေမြတ်နိုးနိုင်က “စာတတ်သူတိုင်း စာဖတ်ရေး လှုပ်ရှားမှုအခမ်းအနား ကျင်းပတာသိသိချင်း လာချင်ပါတယ်။ ဒါပေမယ့် အခုလိုရုံးပိတ်ရက်မှာပဲ လာရောက်လေ့လာဖြစ်တယ်။ ကျွန်မစိတ်ကြိုက်စာအုပ်တွေကို စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူခွင့်ရလို့ ဝမ်းသာရပါတယ်။ ဒီအခမ်းအနားမှာ အမျိုးသားမော်ကွန်းတိုက်ရဲ့ စာအုပ်စာပေထိန်းသိမ်းမှုတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခင်းကျင်းပြသမှုတွေနဲ့ နှစ်စဉ်တစ်နိုင်ငံလုံးက ထုတ်ဝေတဲ့ စာအုပ်စာရင်းတွေတွေ့ရလို့ ကျွန်မရဲ့အသိပညာ ဗဟုသုတကို ပိုပြီးတိုးပွားစေပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးတွေ များများလုပ်စေချင်ပါတယ်” ဟု ပြောသည်။

 

ပျဉ်းမနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဆဋ္ဌမတန်း ကျောင်းသား မောင်ဇေပိုင်ပိုင်ဗိုလ်က “ဒီလှုပ်ရှားမှုအခမ်းအနားမှာ ခင်းကျင်းပြသထားတဲ့ပြခန်း၊ ပြကွက်တွေကို အသေးစိတ်ကြည့်ရှုလေ့လာခဲ့ပါတယ်။ အဓိကအားဖြင့် သမိုင်းမှတ်တမ်းတွေပြတဲ့ ပြခန်းကို အနှစ်သက်ဆုံးပါပဲ။ ကျန်နေတဲ့သူငယ်ချင်းတွေကိုလည်း ဗဟုသုတရအောင် အခုလိုစာပေလှုပ်ရှားမှု အခမ်းအနားတွေကို လာရောက်လေ့လာစေချင်တယ်” ဟု ပြောသည်။

 

ဆဋ္ဌမတန်းကျောင်းသူ မထွန်းပိုပိုအောင်က “အခုလိုလေ့လာခွင့်ရတဲ့အတွက် ဗဟုသုတတွေ ရရှိပါတယ်။ ဒီလှုပ်ရှားမှုအခမ်းအနားမှာ သုတ၊ ရသစာပေတွေ အပါအဝင် ကလေးတွေနဲ့ ပတ်သက်တဲ့ စာအုပ်စာပေတွေကိုပါ ခင်းကျင်းပြသ ရောင်းချတာတွေ့ရလို့ ကျွန်မဝမ်းသာကြည်နူးရပါတယ်။ ကျောင်းစာကြည့်တိုက်က စာအုပ်စာပေတွေကိုလည်း ကျွန်မဖတ်ပါတယ်။ ဒီလှုပ်ရှားမှု ပြခန်းတွေထဲမှာ စာရေးဆရာတွေရဲ့ ဓာတ်ပုံတွေပြထားတဲ့ ပြခန်းကို ကျွန်မအနှစ်ခြိုက်ဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာစီစာကုံးတွေရေးဖို့အတွက် အဲဒီစာရေးဆရာကြီးတွေရဲ့ စာအုပ်စာပေတွေကို ရှာဖွေဖတ်ရှုသွားမှာ ဖြစ်ပါတယ် ” ဟုပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မမြသန္တာထွန်းက “ဒီလှုပ်ရှားမှု အခမ်းအနား တစ်ရက်ထပ်တိုးတဲ့နေ့ဟာ ရုံးပိတ်ရက်ဖြစ်လို့ ကျွန်မဝမ်းသာတယ်။ တစ်နေရာတည်းမှာ စာရေးဆရာအမျိုးမျိုးရဲ့ စာအုပ်စာပေတွေကို လေ့လာကြည့်ရှုခွင့် ရတဲ့အတွက် ကြည်နူးမိပါတယ်။ ကျွန်မကြိုက်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း ဝယ်ယူခဲ့ပါတယ်။ အထူးခြားဆုံးက မျက်မမြင်ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဗဟုသုတဖြစ်စေမယ့် စာအုပ်စာပေ၊ ကဗျာ၊ ဆောင်းပါးတွေကို အသံနဲ့ လှူဒါန်းနိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့လည်း အသံပါဝင်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးကို ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ ရက်ရှည် ကျင်းပပေးသွားစေချင်ပါတယ် ” ဟုပြောသည်။ 

 

ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးကျော်ဝင်းထွန်းက “ဒီလှုပ်ရှားမှု ရက်ထပ်တိုးတာ သိရလို့ ကျွန်တော်ဝမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် ကျွန်တော်နှစ်သက်တဲ့ စာအုပ်စာပေတွေကို ရွေးချယ်ဝယ်ယူနိုင်မှာမို့ ဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ခင်းကျင်းပြသထားမှုတွေဟာ ကျွန်တော့်ကို ဗဟုသုတတွေ တိုးပွားစေပါတယ်။ လူကြီးတွေအပါအဝင် ကလေးတွေရက်ရှည် လေ့လာနိုင်ဖို့အတွက် အဆင်ပြေမယ့်ရက်တွေကို စီစဉ်ပေးစေချင်ပါတယ်။ ဒီလှုပ်ရှားမှုကနေ ဗဟုသုတအသိအမြင်တွေ ပိုမိုကျယ်ပြန့်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

 

မင်းမင်းဇော်(ကလေး)
ဓာတ်ပုံ - လူမော်