“Capital Hypermarket ရဲ့ Food court အသစ်လေး”

Mall တွေသွားတိုင်း နေ့လယ်စာ စားချိန်ရောက်ပြီဆို အပြင်မထွက်ချင်တဲ့ Admin အတွက် Food court တွေ ပေါ်လာတာက အရမ်းပဲ ဝမ်းသာစရာ ကောင်းပါတယ်။ တစ်ရက် Capital ကို သွားရင် ဗိုက်ဆာလာတော့ လျှောက်ကြည့်လိုက်တာ Food court အသေးလေးတစ်ခု တွေ့ခဲ့ပါတယ်။ ဆိုင်တွေကတော့ အများကြီးမရှိဘူး (၄) ဆိုင်ထဲပါ။ ဒါပေမယ့် ဆိုင်လေးတွေက ကိုယ်ကြိုက်ပြီးသား ဆိုင်တွေဆိုတော့ ဝင်သွားလိုက်တဲ့အခါ Ya Kun, Titu’s, What A Chicken နှင့် Mogoke Daw Shan တို့ရှိနေတာ တွေ့ရပါတယ်။ ဆိုင်ကလည်း အများကြီး မဟုတ်တော့ (၄)ဆိုင်လုံးက မြည်းစမ်းကြည့်ဖြစ်ခဲ့တာတွေကို ပြန်ဝေမျှပေးမယ်နော်..

 

Ya Kun

 

အားလုံးသိပြီးသား Ya Kun ပေမယ့် Admin စားနေကျဆိုင်မို့ မှာစားခဲ့ပါသေးတယ်။ အရမ်းအံ့သြသွားတာ တစ်ခုကတော့ တခြားဆိုင်ခွဲတွေနဲ့ ဈေးကွာနေတာပါပဲ။ Portion လည်း အတူတူ၊ အရသာလည်း အတူတူကို ဈေးတွေချပေးထားတာပါ။ ဒီမှာ စားခဲ့တာတွေက Curry Potato Sandwich နဲ့ Kampung Fried Rice with Chicken Wings! Yan Kun ရောက်တိုင်း sandwich တစ်ခုခုကို မှာစားနေကျမို့ ဒီတခါလည်း Curry Potato Sandwich ကို ရွေးချယ်ခဲ့တာပါ။ ဈေးနှုန်းက ၂၅၀ဝ ကျပ်ဖြစ်ပြီးတော့ Sandwich ကို အသားတွေနဲ့ စားရတာ ရိုးတဲ့လူတွေအတွက် အဆင်ပြေမှာပါ။ Curry Potato ရဲ့ဆိမ့်နေတဲ့ အရသာရယ်၊ အသီးအရွက်တွေရယ်၊ ပေါင်မုန့်လေးရယ်ကို အာလူးချောင်းကြော်နဲ့ ဆော့စ်လေးနဲ့ တွဲစားလိုက်တာပဲ။ နောက်တခုက Kampung Fried Rice with Chicken Wings ပါ။ ဒီ Food court က Admin စားခဲ့သမျှထဲ အကြိုက်ဆုံးပါ။ ထောပတ်နဲ့ ကြော်ထားပြီး အေးသွားတာတောင် မမာသွားတဲ့ ထမင်းကြော်ရယ်၊ အပေါ်ယံလေး ကြွပ်နေပြီး အထဲက နူးညံ့နေတဲ့ ကြက်သားကြော်ရယ်က တော်တော်လေး စားလို့ကောင်းတယ်။ သူကလည်း တစ်ပွဲကို ၂၅၀ဝ ကျပ်ပါပဲ။ အအီပြေအောင်ဆိုပြီး orange juice လေးမှာ သောက်ရင်း Ya Kun ရဲ့နာမည်ကြီး Rose Merry Frostyz ကိုမြည်းစမ်းကြည့်တော့ ပူပြင်းတဲ့ ရာသီဥတုမှာ အမောကို ပြေသွားတာပဲ။ သူကတော့ ၂၀ဝ၀ ကျပ်ပါ။

 

 

Titu’s

 

ဒန်ပေါက်တွေ နံမည်ကြီးတဲ့ ဒီဆိုင်ရောက်တော့ မှာကြည့်လိုက်တဲ့အခါ မရသေးဘူး ဆိုတာနဲ့ပဲ စိတ်မကောင်းစွာနဲ့ ဆိတ်သားပလာတာလိပ်ကိုပဲ စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယစတိုင် ဆိတ်သားကို ပလာတာနဲ့ လိပ်ထားတာဖြစ်ပြီးတော့ ရိုးရိုးဆိတ်သားပလာတာ စားရတာ ရိုးတဲ့ လူတွေအတွက် အသစ်အဆန်း ဖြစ်စေမှာပါ။ ဈေးနှုန်းက ၂၈၀ဝကျပ်ပါ။ နောက်တစ်မျိုးက စမူဆာသုတ် သူက တစ်ပွဲ ၁၅၀ဝ ကျပ်။ စမူဆာ အကြီးကြီးကို ပဲတွေ၊ အာလူးတွေနဲ့ လုပ်ထားတဲ့ curry ရယ်၊ ဂေါ်ဖီတို့၊ မုန်လာဥနီတို့နဲ့ ရောနယ်စားရတာ ခံတွင်းတွေ့ခဲ့တယ်။ အရမ်းပွမသွားခင် စားဖို့တော့ လိုတယ်နော်။

 

What A Chicken (Yangon’s Best Chicken Rice)

 

“What A Chicken” မှာတော့ ကြက်ဆီထမင်း မဟုတ်တာ စားကြည့်အုံးမယ်ဆိုပြီး အုန်းမွှေးထမင်းနှင့် ကြက်စပ်ကြော်ဆိုတာ မှာစားခဲ့ပါတယ်။ အုန်းသီး အနံ့လေး မွှေးနေတဲ့ထမင်းကို သေချာနှပ်ပြီး ကြော်ထားတဲ့ ကြက်သား အစပ်ကြော်လေးနဲ့ပဲစားစား၊ သူ့မှာပါတဲ့ ငါးခြောက်ကြော်တို့၊ မြေပဲကြော်တို့နဲ့ပဲစားစား အရသာရှိတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ဂျင်ဆင်းနဲ့ပေါင်းထားတဲ့ နူးညံ့နေတဲ့ ဆေးကြက်ဥလေးနဲ့ စားလည်းကောင်းတယ်။ အုန်းမွှေးထမင်းနှင့် ကြက်စပ်ကြော်ကတော့ ၂၅၀ဝ ကျပ်ဖြစ်ပြီးတော့ ဆေးကြက်ဥကတော့ ၄၀ဝ ကျပ်ပါ။

 

 

Mogoke Daw Shan

 

မိုးကုတ်ဒေါ်ရှန်လို့ ဆိုလိုက်တာနဲ့ လူကြီးတွေ ပိုကြိုက်ကြမယ် ထင်တယ်နော်။ ဒီမှာ နာမည်ကြီးတာ ဘာလဲမေးလိုက်တော့ ဝက်စတူးလို့ ပြောတာနဲ့ ကဲဝက်စတူးပေါ့ လာချပေးတော့ အရည်လေး အရင်မြည်းကြည့်လိုက်တဲ့အခါ အားပြည့်စေမယ့် စွပ်ပြုတ်ရည် အရသာလေးရတယ်။ ခေါက်ဆွဲသား နူးနူးညံ့ညံ့လေးရယ်၊ လတ်ဆတ်တဲ့ မုန်ညင်းလေးရယ်၊ အချဉ်လေးနဲ့ တို့စားလို့ရတဲ့ မအီတဲ့ ဝက်လက်အိအိလေးရယ်က ရှယ်ပါပဲ။ ကလေးတွေနှင့် လူကြီးတွေစားဖို့လည်း အဆင်ပြေတယ်။ ဝက်စတူးကတော့ တစ်ပွဲ ၂၅၀ဝကျပ်ပါ။ နောက်ထပ်ကတော့ ဗီယက်နမ် ကော်ပြန့်စိမ်း ကြက်အူချောင်းနှင့် ဂဏန်းချောင်း၊ မုန်လာဥနီနှင့် ဆလတ်ရွက်တို့က ပေးတဲ့ လတ်ဆတ်တဲ့ အရသာက ဆွဲဆောင်မှုတစ်ခုပါပဲ။ တစ်ပွဲ ၁၆၀ဝ ကျပ်တည်းနဲ့ ရိုးရိုးရှင်းရှင်း စားလို့ရတဲ့ ကော်ပြန့်စိမ်းလေးပါ။

 

 

တော်တော်လေးတော့ စုံသွားပြီထင်တယ်နော်။ ဒီ Food court လေးကတော့ အမှတ် 14-E, မင်းနန္ဒာလမ်း, ဒေါပုံမြို့နယ်မှာရှိတဲ့ Capital Hypermarket အောက်ဆုံးထပ်မှာပါ။ ဒီတစ်ခေါက်လည်း My Lann ကနေ အသစ်အသစ်သော စားသောက်ဆိုင်တွေကို  ဖော်ပြပေးလိုက်တယ်နော်။

 

MYO (My Lann)