CB KMA Foundation မှ ပဲခူးခရိုင်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ အသုံးပြုနိုင်ရန် အလှူငွေပေးအပ်

ပဲခူး ၁၃ အောက်တိုဘာ

ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ အသုံးပြုရန်နှင့် ပဲခူးမြို့နယ် Quarantine စခန်းများတွင် အသုံးပြုနိုင်ရေးအတွက် CB KMA foundation မှ အလှူငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ အလှူငွေပေးအပ်ရာတွင် CB Bank (ပဲခူးဘဏ်ခွဲ) မန်နေဂျာနှင့် တာဝန်ရှိသူများက ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေကျပ် သိန်း(၃၀၀)အား ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် ထံသို့လည်းကောင်း၊ ပဲခူးမြို့နယ် Quarantine စခန်းများတွင် အသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း(၁၀၀)အား ပဲခူးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီမှ ဦးကိုကိုနိုင်ထံသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့သည်။

အခမ်းအနားတွင် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပဲခူးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီတို့က ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)