စစ်ကိုင်း၊ ရေတာရှည်နှင့်နောင်ချိုမြို့နယ်တို့တွင်  မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၁

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၉ ရက် ညနေ ၅ နာရီတွင်  စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မိုးသူရ မောင်းနှင်ပြီး ပြည့်စုံအောင် နှင့် ဇင်မင်းထွန်း တို့လိုက်ပါလာသည့် EXPRESS ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၈ ကီလိုကိုလည်းကောင်း၊ ထိုနေ့ ည ၉ နာရီခွဲတွင်  ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၁) ရပ်ကွက်အနီးတွင် ကျော်မြင့်မောင်းနှင်ပြီး ခန့်စည်သူကျော်(ခ)စည်သူနှင့် မမို့မို့မြတ်တို့ လိုက်ပါလာသည့် TOYOTA MARK II အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၆,ဝ၀ဝ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် TOYOTA WISH အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်း ဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၉၆ ကီလို၊ အက်တက်စီဆေးပြား ၄၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)