စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင်စေတီတော်ကြီး အသံမစဲမဟာပဋ္ဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

မုံရွာ သြဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး အသံမစဲ မဟာပဋ္ဌာန်းကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို သြဂုတ် ၁၆ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်ကြီး အရှေ့ဘက်အာရုံခံ တန်ဆောင်းတွင်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော် ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နတ်ဗြဟ္မာများအား ပင့်ဖိတ်သော ဒေ၀နိမန္တန ဂါထာတော်အား စစ်ကိုင်းမြို့၊ ဇေယျညွန့် ကျောင်းတိုက်မှ ဆရာတော်က ပူဇော်ပင့်ဖိတ်ပြီး ပဋ္ဌာန်းအမွှမ်းဂါထာတော်ကို မြို့မဈေးကြီး ကျောင်းတိုက် ဆရာတော်မှ ရွတ်ဖတ်ပူဇော်ကာ ဆရာတော်ကြီးများနှင့် သြဝါဒါစရိယ ဆရာတော်ကြီး များက မေတ္တသုတ် ပရိတ်တရားတော်နှင့် ရတနသုတ်တော်တို့အား ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြပြီး အလှည့်ကျဆရာတော်များက ပဋ္ဌာန်းကျမ်းတော်မြတ်ကို ဆက်လက်ရွတ်ဖတ် ပူဇော်ကြသည်။ ယင်းနောက် ပင့်သံဃာ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သြဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ရည်မှန်းချက်တာဝန်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့ဌာနများ အလိုက် ဆောင်ရွက်လျက်ရှိသော အခွန်ကောက်ခံရရှိမှု အခြေအနေများ၊ ကောက်ခံရန် ကျန်ရှိသည့် အခွန်ကြွေးကျန်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တိုင်းဒေသကြီးအတွင်း သာယာဝပြောရေး၊ စားရေရိက္ခာ ပေါများရေး၊ ဒေသတည်ငြိမ် အေးချမ်ရေးနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)