စစ်ကိုင်းမြို့မှ သောက်ရေအိုးလုပ်ငန်းလုပ်ကိုင်သူများ အဆင်မပြေ

စစ်ကိုင်း ၃၁ မေ 


စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှ သောက်ရေအိုးလုပ်ငန်းလုပ်ကိုင်သူများသည် မြေနီကုန်ကြမ်းရှားပါးလာခြင်း၊ အိုးလုပ်သည့်ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာခြင်း၊ သယ်ယူစရိတ်မြင့်တက်လာခြင်းနှင့် အလုပ်သမားရှားပါးလာခြင်းတို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူများ အဆင်မပြေကြောင်း သိရသည်။


“စစ်ကိုင်းအိုးလုပ်ငန်းကို လုပ်ကိုင်သူ တစ်နှစ်ထက်တစ်နှစ် နည်းပါလာတယ်၊ အဓိကကတော့ ကုန်ကြမ်းမြေနီ ရှားပါလာတာပေါ့၊ အိုးလုပ်ငန်းက မြေမကောင်းရင် မီးဖုတ်တဲ့အခါ အိုးကွဲတာများတယ်၊ တစ်ဖိုကို အိုးအလုံးသုံးရာလောက် ဖုတ်တာ တစ်ရာငါးဆယ့်လောက်ကွဲတော့ ဘယ်လိုမှ အဆင်မပြေဘူး၊ အိုးလုပ်ငန်းရဲ့ အဓိကကုန်ကြမ်းက မြေနီနဲ့မြေနက် နှစ်မျိုးပါ၊ မြေနက်က ကောင်းမှုတော်ဘုရားအနောက်ဘက် မှာ လိုသလောက်ဝယ်ယူလို့ရပေမယ့်၊ မြေနီကုန်ကြမ်းရှားပါး လာတဲ့အတွက် ထော်လာဂျီတစ်စီးကို သုံးသောင်းခွဲနဲ့ဝယ်တာတောင် လာပို့မယ့်သူနည်းတယ်၊နောက်ပြီးသယ်ယူစရိတ် တွေကလည်း မြင့်လာတယ်၊ အိုးဈေးနှုန်းကြတော့ မြင့်မလာဘူး၊ ဒါကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာပြီး လုပ်ငန်းလုပ်ကိုင်နေသူများလည်းအဆင်မပြေကြတာပါ” ဟု စစ်ကိုင်းမြို့အိုးဘိုရပ်ကွက် နှစ်ပေါင်း(၂၀)ကျော်အိုးလုပ်ငန်း လုပ်ကိုင်သူ ဒေါ်တင်မိုးလှိုင် က ပြောသည်။


စစ်ကိုင်းမြို့မှ ထွက်ရှိသော သောက်ရေအိုးများကို မြန်မာနိုင်ငံအရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိ သောက်ရေအိုးတစ်လုံးလျှင် ငွေကျပ်(၁၃၀ဝ/၁၅၀ဝ) ဖြင့် အရောက်ပို့ကာ ဖောက်သည်ပေးရောင်းချလျက်ရှိကြောင်း၊ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် ယခင်က လုပ်ကိုင်သူများပြားပြီး နှစ်ပတ်လည်ပြုလုပ်ကြသော်လည်း ယခုအခါလုပ်ကိုင်သူ နည်းပါးကာ တန်ဆောင်မုန်းလမှ တပို့တွဲလအထိသာ အများဆုံးလုပ်ကိုင်ကြကြောင်း၊  ပြာသိုလတွင် ပြုလုပ်သော သောက်ရေအိုးမှာ အကောင်းဆုံးဖြစ်ပြီး အေးမြလျက်ရှိကြောင်း သိရသည်။ 


သန်းဇော်မင်း(ပြန်/ဆက်)

 

1