စစ်ကိုင်းမြို့တွင် ဓားပြ၍ ရွှေထည်ပစ္စည်းများကို လုယူသွားသူအား ဖမ်းဆီးအရေးယူ

နေပြည်တော် ၂၈  မတ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မယ်ထက်စုကျေးရွာနေ မစန်းယုဖြိုး (ဓာတ်ခွဲခန်း ကျွမ်းကျင်၊ လူထုဓာတ်ခွဲခန်း)သည် မတ် ၉ ရက် နံနက် ၆ နာရီခန့်က ယခင်သိရှိခဲ့သော ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာနေ ထက်နေအောင်(ခ)ထက်မြက်အောင်မှ စစ်ကိုင်းမြို့ဘက်သို့ ဘုရားဖူး သွားလိုသဖြင့် လိုက်ပါပို့ဆောင်ပေးရန် အကူအညီတောင်းခံသောကြောင့် ထက်နေအောင်(ခ) ထက်မြက်အောင်၏ ဆိုင်ကယ်ဖြင့် လိုက်ပါသွာခဲ့သည်။

ကောင်းမှုတော်ဘုရား မြောက်ဘက် တောလမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး လူပြတ်သည့် နေရာအရောက် ဆိုင်ကယ်ကို ရပ်တန့်ကာ မစန်းယုဖြိုး ဝတ်ဆင်ထားသော အလေးချိန် ၆ ပဲ၊ ၁ ရွေးခန့်ရှိ အဝိုင်းပုံလက်စွပ် တစ်ကွင်းနှင့် လည်ပင်းတွင်ဆွဲထားသည့် အလေးချိန် ၄ ပဲ၊ ၁ ရွေးခန့် ဘောလုံးပုံ ဆွဲသီးပါ အလေးချိန် ၁၂ ပဲ၊ ၂ ရွေးခန့်ရှိ ဇောင်းကျိုးပုံ ရွှေဆွဲကြိုးတစ်ကုံး တို့အား ဆွဲဖြုတ်လုယူသဖြင့် အော်ဟစ်အကူ အညီတောင်းခံစဉ် ထက်နေအောင်(ခ)ထက်မြက်အောင်မှ ခါးကြားရှိ ဓားမြှောင်တစ် ချောင်းအား ထုတ်ပြကာ ရွှေထည်စ္စည်းများကို ယူဆောင်ထွက်ပြေးသွားသောကြောင့် အရေးယူပေးရန် တိုင်တန်းချက်အရ ၎င်းအား စစ်ကိုင်းမြို့မရဲစခန်းမှ  ဖမ်းဆီးအရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MDN