စစ်ကိုင်းမြို့တွင် ငွေကျပ် ၁,၂၃၂ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော် ဧပြီ ၃  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက် နံနက်  ၉ နာရီတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုးမင်းသန်း မောင်းနှင်ပြီး ထက်အောင်လိုက်ပါလာသော YUTONG အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာဖြင့် တင်ဆောင်လာသည့် ပါဆယ်ထုပ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၇၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာ(အရှေ့)ရပ်ကွက်ရှိ ကုန်တင်ဂိတ်တွင် သန်းဇော်မင်း (ခ) ချင်းမင်း အား ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဧပြီ ၂ ရက် ညနေ ၅ နာရီခွဲတွင် ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ဝက်ဖြူရေ ကျေးရွာအနီးရှိ ကလော - သာစည်သွား ကားလမ်းတွင် ကျော်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ လက်ဆွဲခြင်းအတွင်းမှ ဘိန်းစိမ်း ၄၀ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း  သိရသည်။

သတင်းစဉ်