စစ်ကိုင်းပညာရေးတက္ကသိုလ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၃၀

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာ ပေးဟောပြောပွဲ အခမ်းအနားကို ဇွန် ၂၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

 အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမြတ်မြတ်သော်က မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူညွန့်တုံးစေပြီး အသက်အန္တရာယ်ဖြစ်စေ‌ကြောင်း၊ တရားဥပဒေနှင့် ငြိစွန်းနိုင်ကြောင်းနှင့် စာရိတ္တမဏ္ဍိုင်ကို ယိမ်းယိုင်စေ၍ ဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အမှတ်(၈) မူးယစ်တပ်ဖွဲ့စု မုံရွာ-စစ်ကိုင်း လှုပ်ရှားမူအဖွဲ့မှ ဒုတိယရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါးပြဿနာများ၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသောဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး  မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် နည်းနာနိဿယများကို အသိပညာပေးဟောပြောသည်။

 

ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်က ဒုတိယရဲမှူးအောင်ကျော်စိုးကို အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။

 

အခမ်းအနားတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ စီမံအရာရှိများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

 

ဇွန် ၂၇ ရက် မွန်းလွဲပိုင်းကလည်း စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား ကျောင်းသူ ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)