စစ်ကိုင်းတောင်ဖိတ်ခေါ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

စစ်ကိုင်း  ၂၁ ဒီဇင်ဘာ    

စစ်ကိုင်းမြို့တွင် အပျော်တမ်း စစ်ကိုင်းတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ် TWITTER Myanmar စက်ဘီးကုမ္ပဏီနှင့် CAS (Cycling Association Of Sagaing ) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း CAS (Cycling Association Of Sagaing ) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးထံမှ သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အတန်း အမျိုးအစားများ ခွဲခြားထားကာ  အမျိုးသားစက်ဘီးစီးပြိုင်ပွဲကို အသက် (၂၅)နှစ်အောက်၊အသက် ၂၅ နှစ်မှ ၄၀ နှစ်၊အသက်၄၀ နှစ်အထက် အတန်းဟူ၍ အတန်းသုံးတန်း ခွဲထားကြောင်းနှင့် အမျိုးသမီး အလွတ်တန်းဟူ၍ စုစုပေါင်း အတန်း ၄ တန်း လူဦးရေ ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း CAS (Cycling Association Of Sagaing ) သိရသည်။

ပြိုင်ပွဲလမ်းကြောင်း အနေဖြင့်  စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့မှ စတင်တာလွတ်မည် ဖြစ်ပြီး ထိုမှ တစ်ဆင့် - စစ်ကိုင်း -ရွှေဘို - မုံရွာ ကားလမ်းမကြီးအတိုင်းမှ ခရိုင်ချင်းဆက်လမ်း၊စကျင်းကျေးရွာမှ ရေခါးအင်း အတိုင်း ဖြတ်သန်းစီးနင်းရမည်ဖြစ်ပြီး ပတ္တမြားစေတီတောင်ပေါ်တွင် ပန်းဝင်မည်ဖြစ်ကြောင်း CAS (Cycling Association Of Sagaing ) သိရသည်။

ဆုကြေးများ အနေဖြင့် အတန်းတိုင်းတွင် ပထမဆုငွေကျပ် တစ်သိန်းခွဲနှင့် စက်ဘီးပစ္စည်းများ၊ဒုတိယဆု  ငွေကျပ် တစ်သိန်းနှင့် စက်ဘီးပစ္စည်းများ၊ တတိယဆုငွေကျပ်  ခုနစ်သောင်းခွဲနှင့် စက်ဘီးပစ္စည်းများ၊ စတုတ္တဆု ငွေကျပ်ငါးသောင်းနှင့် စက်ဘီးပစ္စည်းများ၊ပဉ္စမဆု ငွေကျပ်  သုံးသောင်းနှင့် စက်ဘီးပစ္စည်းများ၊ဆဋ္ဌမ မှ ဒသမ အထိ ပန်းဝင်သူတိုင်းကို ငွေကျပ် နှစ်သောင်းစီ  ချီးမြှင့်ပေးသွားမည် ဖြစ်သည့် အပြင် ပန်းဝင်သူတိုင်းကို ဆွဲပြားများ အမှတ်တရ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း CAS (Cycling Association Of Sagaing ) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောပြသည်။

လက်ရှိတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် စက်ဘီးစီးအားကစားသမားများကို ဖိတ်ခေါ်ထားကြောင်းနှင့် ယခု အကြိမ် ကျင်းပမည့် အပျော်တမ်း စစ်ကိုင်းတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊၂၀၁၆ ခုနှစ်က ပထမအကြိမ် အဖြစ် အပျော်တမ်း စစ်ကိုင်းတောင်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။  

 
ကိုမင်း(အင်းတော်)