စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကိုနှင့် ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးဦး အပါအဝင် ရဲအရာရှိ၄ဦးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော်  ၂၆  ဇွန်    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ရေဝပ်ဧရိယာအတွင်း တရားမဝင် ရွှေမျောများနှင့်ပတ်သက်၍ အဂတိလိုက်စားသော ဌာနဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ လွှဲပြောင်း ပေးပို့ခဲ့သည်။

 

လွှဲပြောင်းစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးကိုကို (ပ/၅၁၉၉)သည် တရားမဝင် ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၃၀၀,၀၀ဝ ကိုလည်းကောင်း၊ ကျွန်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဦး (ရဲ ၄၃၀၂)သည် တရားမဝင်ရွှေမျောလုပ်ကိုင်သူများထံမှ ငွေကျပ် ၅၅၀,၀၀ဝ ကို နှစ်ကြိမ်ခွဲ၍ လည်းကောင်း၊ ကျွန်းလှမြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သန်းထိုက်(ရဲ ၅၀၀၃)သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၇၅၀,၀၀ဝ ကို သုံးကြိမ်ခွဲ၍ လည်းကောင်း၊ တရားမဝင် ရွှေမျောလုပ်ကိုင်သူ (၇)ဦး တို့ထံမှ ငွေကျပ် ၂၉၀,၀၀ဝ ကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုတိယရဲအုပ် မျိုးလွင် (လ ၁၉၉၂၁၂) သည် ငွေကျပ် ၂၅၀,၀၀ဝ ကို သုံးကြိမ်ခွဲ၍လည်းကောင်း၊ ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ရဲလင်း(လ ၂၂၂၈၈၇) သည် တရားမဝင်ရွှေမျော လုပ်ကိုင်သူများထံမှ ငွေကျပ် ၂၀၀,၀၀ဝ ကိုလည်းကောင်း၊ လက်ခံရယူခဲ့ကြခြင်းဖြင့် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၎င်းတို့(၅)ဦး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မရဲစခန်း၌  ဇွန် ၂၆ ရက်တွင် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

သတင်းစဉ်