စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မုံရွာ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး မြေအသုံးချမှု ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက မြေအသုံးချမှု လုပ်ငန်းအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီအဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်စွက်သုံးသပ် တင်ပြကြကာ အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)