စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူ တစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်

နေပြည်တော် ဖေဖော်ဝါရီ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် သခွတ္တာ(မ)ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးအား ဖေဖော်ဝါရီ ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ဓားဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဝက်လက်မြို့နယ် သခွတ္တာ (မ) ကျေးရွာနေ ကျေးလက် ကျန်းမာရေးဆေးခန်းမှ သားဖွားဆရာမဖြစ်သူ ဒေါ်ခိုင်စိုးဦးသည် ဆေးခန်းပြရန်အတွက် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် မန္တလေးမြို့သို့သွားရောက်စဉ် ခင်ပွန်းဖြစ်သူဦးနေလင်းနှင့် သမီးဖြစ်သူ မအိမ့်ကြည်ဖြူခိုင် တို့နှစ်ဦးသည် နေအိမ်၌ ကျန်ရှိခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဖခင်ဖြစ်သူ ဦးနေလင်းသည် ကျေးရွာအတွင်းရှိ ဈေးဆိုင် သို့ ဈေးသွားရောက်ဝယ်ယူနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ကျန်းမာရေးဝန်ထမ်းဖြစ်သည့် ဒေါ်ခိုင်စိုးဦး အား CDM ပြုလုပ်ခြင်း မရှိသည့်အတွက် ဒလန်ဟုစွပ်စွဲကာ လာရောက်သတ်ဖြတ်စဉ် ၎င်းအားတွေ့ရှိခြင်း မရှိသဖြင့် နေအိမ်၌ ကျန်ရှိနေသည့် သမီးဖြစ်သူ ( ၁၃ နှစ်အရွယ် ကျောင်းသူအား ယခုကဲ့သို့ရက်စက်စွာဖြင့် လည်ပင်းအား လှီးဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ကျောင်းသူ တစ်ဦးအား ယခုကဲ့သို့ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများအား ရွံရှာစက်ဆုပ်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ် ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်