စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်

(၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

 

ယမန်နေ့နံနက် (၀၉:၃၀) နာရီအချိန်မှ ယနေ့နံနက် (၀၉:၃၀) နာရီအချိန်အထိ မိုးလေဝသ တိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၂၃-၄-၂၀၂၄ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၉ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၄.၇ ဒီဂရီဆဲလ်စီးယပ်၊ အောင်လံမြို့တွင် ၄၄.၀ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၃.၇ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့၊ မြင်းခြံမြို့နှင့် မကွေးမြို့တို့တွင် ၄၃.၆ ဒီဂရီဆဲလ်စီးယပ်စီ၊ တံတားဦး(လေကြောင်းမိုးလေဝသ)နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီနှင့် မန္တလေးမြို့တွင် ၄၃.၃ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ၀.၁၂ လက်မစီတို့ဖြစ်ကြပါသည်။

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန်ပင်လယ်ပြင်တို့တွင်   ၄ ပေမှ  ၇  ပေခန့် ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။

 

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်။

 

Crd> မိုး/ဇလ