စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တရားမဝင်သစ် ၁၇ တန်ကျော်နှင့် သစ်စက်တစ်ခုတို့ကို သိမ်းဆည်းရမိ

နေပြည်တော် ၂၈ သြဂုတ် 


သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖမ်းဆီးရေးကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက်တွင် သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ခံဇားလာကာကြိုးဝိုင်းအတွင်းမှ ကျွန်းသစ် ၂၁ လုံး  (၁၀ ဒသမ ၃၃၂၀)တန်နှင့်အတူ ဂျင်ဒေါင်း(တရုတ်နီ) အင်ဂျင်ပါသစ်စက်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် နတ်လာပို့ (မြောက်ရွာဆိပ်ကမ်း)တွင် စက်လှေအသေးတစ်စီးပါ ဖောင်တစ်ခုပေါ်မှ အင်ခွဲသား ၄၃၂ ချောင်း (၇ ဒသမ ၄၆၁၄)တန်ကို ပြစ်မှုကျူးလွန်သူနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။


မောင်လူမော်