စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သရက်စိုက်တောင်သူ(၁၄)ဦးအား GAP  အသိအမှတ်ပြု လက်မှတ်များထုတ်ပေး

မုံရွာ  ၁၈   မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စစ်ကိုင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် အရာတော်မြို့နယ်တို့အတွင်းရှိ စိုက်ဧက(၆၅၉ ဒသမ ၂၅)ဧက အကျယ် အဝန်းရှိ သရက်သီးနှံစိုက်ပျိုးသော တောင်သူ(၁၄)ဦးအား စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)အသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို မေလ(၁၈)ရက်နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

“ စားသုံးသူဘေးကင်းလုံခြုံရေးကို ဦးတည်ဆောင်ရွက်နေတဲ့အခါမှာ ကျွန်တော်တို့က တစ်တပ် တစ်အားအနေနဲ့ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်တဲ့အနေနဲ့ လျောက်ထားတာပါ၊ ကျွန်တော်တို့အနေနဲ့ (GAP) ကို ဆောင်ရွက်ခြင်းအားဖြင့် လူသားတွေ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသလို တစ်ဖက်က ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးဝန်ထမ်းတွေရဲ့ဘဝပါ လုံခြုံချမ်းမြေ့ရေးအတွက်လည်းပါတယ်၊ အခုလို(GAP)အသိအမှတ်ပြု လက်မှတ်လျောက်ထားခြင်းအားဖြင့် ကိုယ့်ခြံကထွက်တဲ့အသီးကို ပြည်ပပို့ကုန်အနေနဲ့ပို့တာသာမက ပြည်တွင်း စားသုံးမှုမှာ လက်မှတ်ရထားခြင်းအားဖြင့် ဈေးကွက် တစ်ခုခိုင်ခိုင်မာမာရရှိလာနိုင်မယ်လို့ မျှော်လင့်ချက်နဲ့(GAP) လက်မှတ်ကိုအခုလိုလျောက်ထားတာပါ” ဟု ကန့်ဘလူမြို့နယ်၊  အေးမြစိုးဖောင်ဒေးရှင်းသရက်ဧက(၁၀ဝ၀) စိုက်ပျိုးရေးခြံမန်နေဂျာ ဦးကျော်ရင်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း(GAP)အသိအမှတ်ပြု လက်မှတ် လျောက်ထားမှုအနေဖြင့် ၂၀၁၇ ခုနှစ်တွင် သရက်သီးတောင်သူ(၇)ဦး၊ ၂၀၁၈ ခုနှစ်တွင် သရက်သီး တောင်သူ (၁၉)ဦးနှင့် သခွားမွှေးတောင်သူ(၁)ဦးအား လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် သရက်သီးတောင်သူ (၁၄)တို့အားလည်းကောင်း  ထုတ်ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)