စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇွန်လအတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် (၂)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရ

မုံရွာ ၂ ဇူလိုင် 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇွန်လအတွင်းက မိုးကြိုးပတ်ခတ်မှုကြောင့် (၂)ဦးသေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ခြင်းကြောင်း၊ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရသည်။


မိုးကြိုးပစ်ခတ်မှု အနေဖြင့် ဇွန် ၂ ရက်တွင် စစ်ကိုင်းမြို့နယ် တစ်အိမ်တည်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ ဇွန် ၈ ရက်တွင် ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းကျေးရွာ မိုးကြိုးပစ်ခတ်မှုကြောင့် လူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန် ၂၆ ရက်တွင် မုံရွာမြို့၊ ရွှေပြည်အေးရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။


၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၉)ခုတွင် မိုးကြိုးပစ်ခတ်မှု (၉)ကြိမ်ဖြစ်ပွားခဲ့ရာ လူ(၆)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု (၇)ဦးထိရှိခဲ့ကြောင်းနှင့် သေဆုံးသူတစ်ဦးလျှင် ငွေကျပ် (၃)သိန်းအားလည်းကောင်း၊ ဒဏ်ရာရရှိပြီး ဆေးရုံသို့ဆေးကုသသူ တစ်ဦးလျှင် ငွေကျပ် (၅) သောင်း အားလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)