စစ်မက်ဖြစ်ပွားရာ ယီမင်၌ ကလေးနှစ်သန်းခန့် ကျောင်းတက်ခွင့် ဆုံးရှုံး

ဆာနာ  ၂၆ စက်တင်ဘာ

 

စစ်မက်ဖြစ်ပွားရာ ယီမင်နိုင်ငံရှိ ကလေးသူငယ် နှစ်သန်းခန့်သည် ကျောင်းတက်ခွင့်မရဘဲ စာသင်ကျောင်းများ၏ ပြင်ပတွင်ရှိနေကြပြီး ၎င်းတို့အနက်   လေးပုံတစ်ပုံသည်နိုင်ငံအတွင်း ပဋိပက္ခ အရှိန်မြင့်မားလာခဲ့ချိန် ၂၀၁၅ ခုနှစ်မတ်လကတည်းက ကျောင်းထွက်ခဲ့ကြကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က ယနေ့ပြောကြားသည်။

 

ယီမင်ကျောင်းဆရာများအနေဖြင့် နှစ်နှစ်ကျော်ကြာ လစာမရသည့်အတွက် ကျောင်းသား ၃ ဒသမ ၇ သန်းတို့၏ ပညာရေးသည် စိုးရိမ်ပူပန်စရာအနေအထားတွင်ရှိကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 

နိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှုများကြောင့် ကလေးများကို ကျောင်းတက်ခြင်းမှ ဟန့်တားထားကြောင်း၊ ယီမင်ပညာရေးစနစ်သည် နိုင်ငံအတွင်း ဖြစ်ပွားသော ပဋိပက္ခများကြောင့် ယိုယွင်းပျက်စီးခဲ့ပြီး ယီမင်နိုင်ငံအတွင်းရှစာသင်ကျောင်း ငါးပုံတစ်ပုံသည် ရေရှည်အသုံးပြု၍ မရနိုင်တော့ကြောင်း ယူနီဆက်က ပြောကြားသည်။

 

စစ်ပွဲကြောင့် ကျောင်းနေခွင့်မရသည့် ယီမင်ကလေး ငယ်များသည် အမျိုးမျိုးသော အ္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသလို ၎င်းတို့၏ ဘဝတိုးတက်ရေး အခွင့်အလမ်းများကိုလည်း လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း ယီမင်နိုင်ငံဆိုင်ရာ    ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ ကိုယ်စားလှယ် ဆာရာဘိုင်ဆိုလောညဏ်တီက ပြောကြားသည်။

 

အီရန်၏ မဟာမိတ်ဖြစ်သော ဟူသီစစ်သွေးကြွအုပ်စုက ယီမင်နိုင်ငံ  မြို့တော်ဆာနာမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဆော်ဒီဦးဆောင်သော အာရပ်ညွန့်ပေါင်းတပ်ဖွဲ့က ပြည်ပြေး ယီမင်သမ္မတ မန်ဆောဟာဒီကို ထောက်ခံသည့်အနေဖြင့် ၂၀၁၅  ခုနှစ်  မတ်လမှစ၍ ယီမင်နိုင်ငံအပေါ် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုအချိန်ကတည်းက ယီမင်နိုင်ငံတွင် ပြည်သူ သောင်းနှင့်ချီ အသက် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

စစ်ပွဲကြောင့် ယီမင်ပြည်သူသန်းနှင့်ချီ  အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ပြည်သူ  ၂၄ ဒသမ ၁ သန်းသည် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိသည်။ ထို့အပြင် အသက်ငါးနှစ်အောက် ကလေးငယ်များသည် အာဟာရဓာတ်ချို့တဲ့မှုနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိပြီး ကုလသမဂ္ဂအနေဖြင့် ယီမင်နိုင်ငံကို ကမ္ဘာပေါ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အလိုအပ်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန်- ဂျေတီ