စစ်မှန်သည့် ပူးပေါင်းခြင်းဖြင့် အခြေရှ

နေပြည်တော် ၁၁ မေ

 

ဘင်္ဂလားဒေရှ် နိုင်ငံ ဒါကာမြို့၌ မေလ ၅ ရက်မှ ၆ ရက်နေ့အထိ ကျင်းပခဲ့သည့်  (၄၅) ကြိမ်မြောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ကြေညာခဲ့သော ဒါကာ ကြေညာချက်တွင် ရခိုင်ပြည်နယ်၏ အခြေအနေအား ရည်ညွှန်း ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ပြန်လည်တုံ့ပြန်ခဲ့သည်။

 

ဒါကာကြေညာချက်တွင် မြန်မာလုံခြုံရေးအဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအပေါ် စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားမှုသည် ဟန်ချက်ညီမှု၊ တရားမျှတမှု ကင်းမဲ့သည့် ထုတ်ပြန်ချက်ဖြစ်သည်။

 

ထိုထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံ လက်ရှိကြုံတွေ့နေသည့် လူသားချင်းစာနာမှု အခြေအနေများ ဖြစ်ပေါ်လာအောင် စတင်ဖန်တီးခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့၏ ရက်ရက်စက်စက် အကြမ်းဖက် တိုက်ခိုက်မှုများကိုမူ မျက်ကွယ်ပြုထားပါသည်။ ထို့ကြောင့် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသော စွပ်စွဲပြစ်တင်သည့် အသုံးအနှုန်းများဖြင့် တာဝန်မဲ့စွာ ဖော်ပြခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ အနေဖြင့် ပြတ်သားစွာ ပယ်ချထိုက်ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား မိမိဆန္ဒအလျောက် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် နှစ်နိုင်ငံ ညှိနှိုင်း သဘောတူညီချက်ဖြင့် စနစ်တကျပြန်လည် လက်ခံနိုင်ရန် အစောပိုင်းကတည်းက စီစဉ်ဆောင်ရွက်ထားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်လက်ခံရန် အဆင်သင့်ရှိနေဆဲဖြစ်သည်။

 

သို့ရာတွင် ဒါကာကြေညာချက်၌ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား အမြန် ပြန်လည်လက်ခံရေး လုပ်ငန်းစတင်ရန် အရေးတကြီး လိုအပ်နေမှုနှင့် ရခိုင်ပြည်နယ်တွင် သဟဇာတဖြစ်မှု မြှင့်တင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သည့် အပြုသဘောဆောင်သော အကြံပြုချက်များ စိုးစဉ်းမျှ ဖော်ပြထားခြင်းမရှိသည်မှာ အထူးပင် စိတ်မကောင်းစရာဖြစ်သည်။

 

ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိလျှင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ခိုင်မာသော အထောက်အထားရှိသည့် စွပ်စွဲ ပြောကြားမှုများရှိပါက စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှကို ခွင့်လွှတ်မည် မဟုတ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားထားပြီး ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်သည့် စွပ်စွဲချက်များသာ တစ်ဖက်သတ် ပြောကြားလျက်ရှိသည်ကို တွေ့ရပါသည်။

 

ယခုအခါ မုတ်သုံကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် လူသားချင်း စာနာစိတ်အပြည့်ဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များအား ဆောလျင်စွာ စတင်နိုင်ရန် ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ စတင်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်း အဆင့်ဆင့်ကို ဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံက တိုက်တွန်းရမည်သာဖြစ်သည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ အရေးကိစ္စ၊ လူ့အခွင့်ရေး ကိစ္စတို့နှင့်ပတ်သက်၍ နှစ်ဖက်စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း၊ အိမ်နီးချင်းကောင်း စိတ်ဓာတ်၊ မိတ်ဆွေကောင်းစိတ်ဓာတ်တို့ဖြင့် ရိုးသားစွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ စစ်မှန်သောအဖြေကို ရှာဖွေ၍ ရနိုင်မည်ဖြစ်ပါကြောင်း။

 

(ကြေးမုံ)