စစ်ပွဲများရပ်ကာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြရေး

နေပြည်တော် ၃ မတ်

မည်သည့်နည်းဖြင့်တွက်တွက်၊ သည်လောကကြီးထဲ လူအများစုက ငြိမ်းချမ်းရေးကို လိုချင်ကြသည်ချည်း။

သို့သော်လည်း ကမ္ဘာ တစ်ဝန်းမှာ စစ်ပွဲများ အတောမသတ်နိုင် ဖြစ်နေသည်ကလည်း အမှန်။ စစ်ပွဲများဖြစ်ဖို့ တာစူနေသည်တို့ကလည်း နှစ်ပေါင်းများစွာအတွင်း စစ်တပြင်ပြင်ဟု ဆိုရပါမည်။

ယခု မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားနေသည့် တိုက်ခိုက်နေမှုများက မြန်မာနိုင်ငံကို သာမက တစ်ကမ္ဘာလုံးကို စိုးရိမ်စိတ်ကြီးထွားအောင် ပြုလုပ်နေသည်ဟု ဆိုနိုင်ပါသည်။ နှစ်နိုင်ငံစလုံးက အဏုမြူလက်နက်များကို ပိုင်ဆိုင်ထား၏။ ယခုအခါ လက်တွေ့အားဖြင့်လည်း စစ်ပွဲများကို အပြန်အလှန်တိုက်ခိုက် ဆင်နွှဲနေကြ၏။ သည်လိုဆိုတော့ ကမ္ဘာက စိုးရိမ်မကင်း ဖြစ်နေကြရ သည်မှာ မထူးဆန်းလှ။

လွန်စွာ ရိုးရှင်းလှသည့် လူမှုအဖွဲ့အစည်း၏ အခြေခံဒဿနက စစ်ပွဲများဖြင့် အေးချမ်းသာယာသော ကမ္ဘာလောကကို တည်ဆောက်လို့ မရနိုင်’ ဟူ၍ဖြစ်သည်။ လူမှုအဖွဲ့အစည်းအတွင်း၌ ရန်လိုသူများ၊ စစ်ဝါဒီများ၏ အတွေးအခေါ် အယူအဆတို့ဖြင့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်လို့မရ။ စစ်တိုက်သည့်နည်းကိုသာ အားပြုနေခြင်းက သည်နေ့ ကာလလို ခေတ်မီလက်နက်ဆန်းများ အပြိုင်အဆိုင်ရှိနေချိန်တွင် ကမ္ဘာကြီးကို အလွယ်တကူ အဆုံးသတ်သွားစေပါလိမ့်မည်။

လူ့သဘာဝအရ၊ လောကဓမ္မတာအရ လူတို့အကြား သဘောထားချင်း မတိုက်ဆိုင်သည်များ၊ အယူအတွေး မတူညီခြင်းများက ရှိနေမည်သာချည်း။ ပဋိပက္ခများရှိလာတိုင်း မတူညီမှုများကို လျော့ပါးအောင် ကြိုးစားလိုစိတ် ရှိမှဖြစ်မည် မဟုတ်ပါလော။ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများဆိုသည်က မိမိတို့၏ အစဉ်အလာများပေါ် မူတည်၍ ကွဲပြားနေကြမည်သာဖြစ်သည်။ ထိုကွဲပြားမှုများကို လက်နက်အင်အားကြီးသူက အနိုင်ရစတမ်းဟူသည့် သဘောဖြင့် ချေမှုန်းရေးကိုသာ အားထုတ်ကြိုးပမ်းနေခြင်းက အလွန် ကြမ်းတမ်းခက်ထန်သော တောရိုင်းဥပဒေသကို ပြန်လည်အသက်သွင်းနေခြင်းသာ ဖြစ်ပါမည်။

မတူညီမှုများကြားက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အတူလက်တွဲ တည်ဆောက်လိုကြသော ယဉ်ကျေးသည့် လူမှုအဖွဲ့အစည်းဖြစ်ရေး၊ ယဉ်ကျေးသည့် လူကြီးလူကောင်းများ ထွန်းကားအားကောင်းရေးက လွန်စွာအရေးကြီးလှပါသည်။

အထက်တွင် ဆွေးနွေးခဲ့သကဲ့သို့ လူအများစုက ငြိမ်းချမ်းရေးကို လိုချင်ကြပါလျက်နှင့် စစ်ပွဲများပေါ်ပေါက်နေရခြင်းက ကမ္ဘာလောကကြီး အတွက် စိတ်ထိခိုက်ဝမ်းနည်းဖွယ်ရာ ကောင်းလှသလို အန္တရာယ်လည်း များလှပါသည်။

နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှု၊ ယုံကြည်မှုအရ ကွဲလွဲမှုများကို ပျော့ပျောင်းသော ချဉ်းကပ်မှု၊ ပြေလည်လိုသည့် စိတ်စေတနာတို့ဖြင့် ဖြေရှင်းလိုသည့် အယူအဆများ ရှေ့ဆောင်လာရန် အထူးလိုအပ်ပါသည်။

ဖမ်းဆီးထားသည့် အိန္ဒိယတိုက်လေယာဉ်မှူးကို ပါကစ္စတန်က လွှတ်ပေးလိုက်ခြင်းဖြင့် စစ်ရေးတင်းမာမှုကို အတန်အသင့် ပြေလျော့စေခဲ့သည်။ ယင်းပျော့ပျောင်းလာမှုက ငြိမ်းချမ်းရေးဘက်သို့ တူရူဖြစ်လာနိုင်၏။ နှစ်ဖက်သော ပြည်သူတို့ ဝမ်းသာအားရ ဖြစ်နေကြသည်က အားရစရာ။

လိုမတူတိုင်း၊ အလိုမကျတိုင်း ရန်လိုစစ်ပြင်ချင်နေသည့် စိတ်အခြေခံများကို လူများစုက လက်မခံကြဘူးဆိုသည်ကို ဖော်ပြကြရန်လည်း လိုမည်ဟု မြင်ပါသည်။ ဗီယက်နမ်စစ်ပွဲ ကာလတွင်း၌ အမေရိကန် ပြည်သူလူထုက အမေရိကန်နိုင်ငံရေး ခေါင်းဆောင်များ၊ စစ်ရေး ခေါင်းဆောင်များကို ဆန့်ကျင်ကြခြင်းဖြင့် စစ်ပွဲများ အဆုံးသတ်ခဲ့ကြသည် မဟုတ်ပါလော။ ယနေ့ဆိုလျှင် အမေရိကန်နှင့် ဗီယက်နမ်တို့ အကျိုးတူ စီးပွားရေးများ လုပ်ကိုင်နေကြခြင်းဖြင့် မတူညီမှုများကြားက လောကအကျိုးကို ဆောင်ရွက်နိုင်ကြောင်း နမူနာများလည်းရှိခဲ့ပြီး ဖြစ်ပါသည်။

မည်သူနိုင်သည်ဖြစ်စေ၊ မည်သူရှုံးသည်ဖြစ်စေ စစ်ပွဲများ၏ အဆုံးသတ်တွင် အားလုံးဆုံးရှုံး နစ်နာကြသည်ချည်းသာ ဖြစ်သည်ကို လက်နက်ကိုင်ထားကြသူများအားလုံး နှလုံးသွင်းကာ ပြည်တွင်း ပြည်ပ အရပ်ရပ်၌ ငြိမ်းချမ်းရေးကို ဦးတည်ကြရန်လိုပြီ ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသတည်း။

မြန်မာ့အလင်း