စစ်ပွဲရဲ့ ဆိုးကျိုးတွေကို သတိပြုလို့ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ရှေးရှုစို့

၃  စက်တင်ဘာ

ပိုလန်နဲ့ ဂျာမနီက နိုင်ငံ့ခေါင်းဆောင်တွေဟာ စက်တင်ဘာ ၁ ရက်မှာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဗုံးဒဏ်ခံခဲ့ရတဲ့ နှစ်(၈၀)မြောက် အခမ်းအနားတစ်ခုကို ကျင်းပခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက် စတင်ဖြစ်ပွားခဲ့တဲ့နေ့ဟာ သမိုင်းမှာ သွေးထွက်သံယိုဖြစ်ပွားစေခဲ့တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ ပိုလန်နဲ့ ဂျာမနီ ခေါင်းဆောင်တွေဟာ ဒီအခမ်းအနားကို ပိုလန်မြို့တစ်မြို့ဖြစ်တဲ့ ဝီလန်မှာ ကျင်းပခဲ့ကြပြီး အဲဒီနေရာဟာ ဒုတိယက္ဘာစစ်အတွင်း နာဇီတို့ရဲ့ ဗုံးဒဏ်ခံခဲ့ရတဲ့နေရာပဲဖြစ်ပါတယ်။

လူပေါင်း သန်း ၅၀ ကျော်သေဆုံး

ပိုလန်သမ္မတ အန်းဒရက်ဂျ်ဒူတာနဲ့ ဂျာမန် သမ္မတ ဖရန့်ခ်ဝေါတာစတိန်မိုင်ယာတို့ဟာ လူပေါင်း သန်း ၅၀ ကျော် သေဆုံးခဲ့တဲ့ အဲဒီစစ်ပွဲကို သတိရစေဖို့ အဲဒီမြို့လေးမှာ မိန့်ခွန်းပြောခဲ့ကြပါတယ်။ သေဆုံးခဲ့တဲ့သူတွေထဲမှာ ဂျူးလူမျိုး ခြောက်သန်းလည်း ပါဝင်ခဲ့ပါတယ်။ လူသေ ရုပ်အလောင်းတွေ၊ ဒဏ်ရာရနေတဲ့သူတွေ၊ မီးခိုးငွေ့တွေ၊ ကယ်ပါယူပါ တစာစာ အော်ဟစ်အကူအညီတောင်းသံတွေ၊ ပေါက်ကွဲသံတွေ စတဲ့က္ဘာပျက်တဲ့ မြင်ကွင်းတွေကို ကျွန်တော်မြင်တွေ့ခဲ့ပါတယ်။ အရာအားလုံးဟာ လောင်ကျွမ်းနေပြီးတော့ သုသာန်တစပြင်ကဲ့သို့ ဖြစ်နေပါတယ်လို့ အသက် ၈၈ နှစ်ရှိ ဒုတိယကမ္ဘာ စစ်ကိုကြုံတွေ့ခဲ့ရသူက အတိတ်ကိုပြန်ပြောင်း ပြောပြခဲ့ပါတယ်။

ပထမကမ္ဘာစစ်ပြီးနောက်မှာ အော့တိုမို အင်ပါယာကြီးဟာ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ နှစ်ခြမ်းကွဲထွက်သွားသလို ဂျာမနီနဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ဟာ အရှေ့ဥရောပကို နှစ်ပိုင်း ခွဲဝေယူဖို့ မိုလိုတော့ဗ်-ရစ်ဘန်ထရော့ သဘောတူညီချက်ကို တိတ်တဆိတ် စာချုပ်ချုပ်ဆိုပြီးတဲ့ နောက်တစ်ပတ်အကြာမှာ ဗုံးမိုးတွေရွာချခဲ့ပါတယ်။

အောက်မေ့ဖွယ်အခမ်းအနားတက်ရောက်

ပိုလန်ဝန်ကြီးချုပ် မာတူးဇ်မိုရာဝှစ်ကီနဲ့ ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖရန့်စ်တင်မာ မင်န်းတို့လည်း ဝက်စ်တာပလိတ်မှာရှိတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က အဲဒီနေရာမှာ နာဇီဂျာမန်တွေဟာ ပိုလန်ခံတပ်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဟစ်တလာဟာ ပိုလန်ကို တိုက်ခိုက်ခဲ့တာကြောင့် ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဂျာမနီကို စစ်ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာ ဆိုဗီယက်ပြည်ထောင်စုဟာ ပိုလန်ကို ကျူးကျော်လာခဲ့ပါတယ်။

ထိတ်လန့်ဖွယ်ရာဖြစ်ရပ်ဆိုး

နာဇီတွေဟာ မော်စကိုနဲ့ သဘောတူညီချက်ကို ဖျက်လိုက်ပြီးနောက်မှာ မဟာမိတ်နှစ်ဖွဲ့ဟာ အဆုံးအထိ တိုက်ခိုက်ကြပါတော့တယ်။ အကြမ်းဖက်လိုတဲ့ အင်အားကြီးနိုင်ငံတွေကို ဦးဆောင်တဲ့ အဖွဲ့မှာ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့က ဦးဆောင်ပြီး အောင်မြင်လိုတဲ့ တခြားမဟာမိတ် အဖွဲ့ကို ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုနဲ့ အမေရိကန် ပြည်ထောင်စုတို့က ဦးဆောင်ခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက် ညပိုင်း အဲဒီအခမ်းအနားမှာ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်၊ ဂျာမန်သမ္မတ ဖရန့်ခ်ဝေါတာစတိန်မိုင်ယာနဲ့ ပိုလန်သမ္မတ အန်းဒရက်ဂျ်ဒူတာတို့ကလည်း ဝါဆောရဲ့ ပယ်ဆက်ဒ်စကီရင်ပြင်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီနေရာမှာ အမည်မသိတဲ့ သူရဲကောင်းတွေ မြှုပ်နှံထားတဲ့ ဂူဗိမာန်တွေရှိပါတယ်။ ပိုလန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ရဲ့ ထိတ်လန့် ကြောက်ရွံ့ဖွယ်ဖြစ်ရပ်ဆိုးတွေကို တွေ့ကြုံခံစား ခဲ့ရပါတယ်။ ပိုလန်နိုင်ငံမှာရှိတဲ့ ပိုလန်လူမျိုး (ပိုးစ်)ခြောက်သန်းနီးပါး ထက်ဝက်လောက်က ဂျူးလူမျိုးတွေဟာ အဲဒီပဋိပက္ခမှာ သေဆုံးခဲ့ကြပါတယ်။

ဆန်းစစ်ချက်အသစ်လုပ်ဆောင်

စစ်ပွဲစတင်ခဲ့တဲ့အချိန်ကနေ အခုအချိန်အထိ နှစ်ပေါင်း ၈၀ လောက်ရှိခဲ့ပြီဖြစ်ပေမယ့် အခုအချိန်အထိ မဖြေရှင်းနိုင်တဲ့ကိစ္စရပ်တွေ ပိုလန်မှာကျန်ရှိ နေသေးတယ်လို့သိရပြီး အဲဒီထဲမှာ ဂျာမနီဟာ ပိုလန်ကိုစစ်လျော်ကြေးတွေ ပေးရမယ့်ကိစ္စလည်း ပါဝင်နေပါသေးတယ်။ ပါလီမန်ကော်မရှင်က ပိုလန်ရဲ့စစ်ပွဲကာလအတွင်း လူသေဆုံးမှုနဲ့၊ ပစ္စည်းဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ဘယ်လောက်တောင် ဆိုးရွားခဲ့သလဲဆိုတဲ့အပေါ် ဆန်းစစ်ချက်အသစ်တွေ လုပ်ဆောင်လျက်ရှိပါတယ်။ သို့သော်လည်း ဘာလင်ကတော့ဒီကိစ္စတွေကို ပြည်ဖုံးကားချလိုက်ပါပြီ။ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကလည်း ဝါဆောအခမ်းအနားကို တက်ရောက်ခဲ့သော်လည်း တခြားကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်မယ့်သဘောတော့ မတွေ့ရပါဘူး။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ စစ်ပွဲအထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနား တက်ရောက်ဖို့ စီစဉ်ခဲ့သော်လည်း ဟာရီကိန်းဒိုရိန်းကို စောင့်ကြည့်ရဦးမယ့် အနေအထားကြောင့် လာရောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ထို့အတူ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လည်း တက်ရောက်ဖို့ အခွင့်မသာပါဘူး။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုတော့ ယူကရိန်းထံမှ ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့တယ်ဆိုပြီး ဒီပွဲကို ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။

နေတိုးနဲ့အနီးကပ်ရှိစေချင်

ပိုလန်သမ္မတရုံးက အခုအခမ်းအနားကို နိုင်ငံခြားကိုယ်စားလှယ် အယောက် ၄၀ လောက် တက်ရောက်ဖို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပြီး တချို့မှာ နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်လာမယ်လို့ ဆိုပါတယ်။ တက်ရောက် လာမယ့်သူတွေထဲမှာ ပိုလန်နိုင်ငံနဲ့ မိတ်ဖက်ဆက်ဆံရေးရှိတဲ့ ယူကရိန်းသမ္မတ ဗော်လိုဒီမာဇီ လန်စကီလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ပိုလန်သမ္မတ အန်းဒရက်ဂျ်ဒူတာက ပိုလန်နိုင်ငံဟာ အိမ်နီးချင်းယူကရိန်းနိုင်ငံကို ဥရောပသမဂ္ဂနဲ့ အနီးကပ်တည်ရှိနေစေချင်သလို နေတိုးနဲ့လည်း အနီးကပ်တည်ရှိနေစေချင် ပါတယ်။ ဥရောပကို ခြိမ်းခြောက်တဲ့အနေနဲ့ ရုရှားဓာတ်ငွေ့တွေ ဂျာမနီကိုပို့နေတဲ့၊ အငြင်းပွားဖွယ်ဖြစ်နေတဲ့ နော့ဒ်စထရင်း ၂ ပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီကတော့ ဝေဖန်လိုက်ပါတယ်။ အမေရိကန်၊ ပိုလန်နဲ့ ယူကရိန်းတို့ဟာ ရုရှားရဲ့ ဓာတ်ငွေ့ပို့ဆောင်မှုကိုသာ အားကိုးနေရတဲ့ ဒေသတွင်းမှာ လုံခြုံသောစွမ်းအင်ထောက်ပံ့နိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့် တင်လုပ်ဆောင်မယ်ဆိုပြီး ဩဂုတ် ၃၁ ရက်က သဘောတူခဲ့ကြပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ အမေရိကန် သဘာဝဓာတ်ငွေ့ရည်အပါအဝင် အနောက်ဘက်မှ ဓာတ်ငွေ့တွေကို ပို့ဆောင်နိုင်ရေး ယူကရိန်းရဲ့ ဓာတ်ငွေ့အခြေခံအဆောက်အအုံတွေနဲ့ပတ်သက်ပြီး အဆင့်မြှင့်တင်ဖို့ကို အဓိက ဦးစားပေးခဲ့ပါတယ်။

ဖိုက်ဂျီ ကွန်ရက်ချိတ်ဆက်မှုအန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ အမေရိကန်ဒုတိယ သမ္မတ မိုက်ပန့်စ်လာရောက်တဲ့အခါမှာ ပိုလန်နိုင်ငံနဲ့ သဘောတူ စာချုပ်တစ်ခုလက်မှတ်ရေးထိုးမယ်လို့ အမည်မဖော်လိုသူ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုပါတယ်။

ဘယ်လိုပဲဆိုဆို ပိုလန်နဲ့ဂျာမနီခေါင်းဆောင်တွေဟာ လူတွေအမြောက်အမြားသေဆုံးခဲ့တာကို သတိတရနဲ့ အခုလို အခမ်းအနားမျိုးကျင်းပခြင်းအားဖြင့် နှောင်းလူတို့အတွက် စစ်ပွဲရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်သတိပြုနိုင်မှာဖြစ်ပြီး ကမ္ဘာကြီးမှာ စစ်တွေမဖြစ်အောင် ကြိုးစားသွားဖို့လိုကြောင်းကို မီးမောင်းထိုးပြလိုက်သလိုပဲလို့ တွေးထင်နေမိပါတယ်။ ဒါ့အပြင် စစ်ပွဲရဲ့ဆိုးကျိုးတွေကို သတိပြုလို့ ငြိမ်းချမ်းရေးပန်းတိုင်ဆီကိုသာ ချီတက်ကြမယ်ဆိုရင် ကမ္ဘာကြီးဟာ ဘယ်လောက်တောင် သာယာလှပမလဲလို့ ဖော်ပြလိုက်ရပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ

ထွန်းသစ်စ