စစ်ရာဇဝတ်မှုများနှင့်အကြမ်းဖက်မှုများ၏ အန္တရာယ်

မင်းခန့်ကျော်(ဥပဒေ)

ယနေ့ကာလတွင် တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့သည် စစ်ရာဇဝတ်မှုများ (War Crimes) ကျူးလွန်နေသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် အကြမ်းဖက်မှုများကျူးလွန်နေသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်နှင့်ရင်ဆိုင်နေရပါသည်။ တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်နက်ကိုင်သောင်းကျန်းမှုကို နှိမ်နင်းသည့်စစ်ဆင်ရေးများ ဆောင်ရွက်နေရသလို အကြမ်းဖက်မှုတိုက်ဖျက်သည့် စစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နေရပါသည်။ တပ်မတော်သားများသည် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေဟု ယနေ့ခေတ်တွင် ခေါ်ဆိုနေကြသည့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေများကို လေ့လာဆည်းပူးထားသည့် အားလျော်စွာ လက်နက်ကိုင်ပဋိပက္ခ အသွင်သဏ္ဌာန်ရှိသည့် သောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်မှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာများမဟုတ်သည့် စစ်ရေးရည်မှန်းချက်များနှင့် အကြမ်းဖက် သမားကိုသာ အဓိကထား တိုက်ခိုက်လျက်ရှိပါသည်။

ပြည်သူလူထု အဓိကထား အသုံးပြုသည့် လမ်းတံတားများဖျက်ဆီး
သို့ရာတွင် အချို့သော သောင်းကျန်းသူများသည် ခုခံတိုက်ခိုက်ခြင်းမရှိသည့် မြို့ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပြည်သူလူထုက ပေးဆောင်ထားသည့် အခွန်ဘဏ္ဍာများဖြင့် တည်ဆောက်ထားပြီး ပြည်သူလူထုက အဓိကထား အသုံးပြုသည့် လမ်းတံတားများကို ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်ပါသည်။ စစ်ရာဇဝတ်မှုကို နိုင်ငံတကာရာဇဝတ်တရားရုံး ဥပဒေတွင် ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဆိုင်ရာ စစ်ရာဇဝတ်မှု၏ အင်္ဂါရပ်များအနက်မှ အဓိကကျ သည့်အချက်များကို ကောက်နုတ်တင်ပြသွားပါမည်။

ဂျီနီဗာကွန်ဗင်းရှင်းများကို ကြီးလေးစွာ ချိုးဖောက်ခြင်းတွင်ပါဝင်သည့် အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ စစ်ရေးလိုအပ်ချက်အတွက် မဟုတ်ဘဲ ကြီးမားကျယ်ပြန့်စွာဖျက်ဆီးခြင်းနှင့် ပစ္စည်းဥစ္စာများကို သိမ်းပိုက်ခြင်းတို့အား အကြောင်းမဲ့တမင်လုပ်ဆောင်ခြင်း၊ ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများတွင် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေနှင့် ဓလေ့ထုံးစံများကို ချိုးဖောက်ခြင်းတွင်ပါဝင်သည့် အရပ်သားပြည်သူလူထု သို့မဟုတ် တိုက်ပွဲများတွင် တိုက်ရိုက်ပါဝင်ခြင်းမရှိသည့် အရပ်သားပြည်သူ လူပုဂ္ဂိုလ်တစ်ဦး ချင်းစီအား တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ လူသား ချင်းစာနာထောက်ထားမှု အကူအညီပေးရေး တာဝန်အတွက် ပါဝင်လျက်ရှိသည့်အမှုထမ်းများ၊ တည် ဆောက်တပ်ဆင်ထားမှုများ၊ ပစ္စည်းပစ္စယများ၊ အဖွဲ့များ သို့မဟုတ် ယာဉ်များသည် အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်ပဋိပက္ခဥပဒေအရ အရပ်သား သို့မဟုတ် အရပ်ဘက်ပစ္စည်းများကဲ့သို့ ကာကွယ်စောင့်ရှောက်ခွင့်ရထားစဉ်ကာလအတွင်း တမင် တိုက်ရိုက်တိုက်ခိုက်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် ဘာသာရေး၊ ပညာရေး၊ အနုပညာ၊ သိပ္ပံပညာ သို့မဟုတ် အလှူဒါနအတွက်ဖြစ်သော အဆောက် အအုံများ၊ သမိုင်းဝင်အထိမ်းအမှတ်များ၊ ဆေးရုံများ၊ ဖျားနာသူများနှင့် ဒဏ်ရာရရှိထားသူများကို စုစည်း ထားရှိသည့်နေရာများအား တမင်တိုက်ရိုက်တိုက်ခိုက်ခြင်း၊ အသက်(၁၅)နှစ်အောက် ကလေးငယ်များကို တိုက်ပွဲများတွင်အသုံးပြုခြင်းတို့သည် စစ်ရာဇဝတ်မှုများပင် ဖြစ်ပါသည်။

လက်နက်ကိုင်သောင်းကျန်းသူများက အထက်ဖော်ပြပါ အချက်များတွင် အကျုံးဝင်သည့်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြခြင်းဖြစ်ပါသည်။ ထိုသို့ စစ်ရာဇဝတ်မှုများကို ကျူးလွန်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ နိုင်ငံတော်၏အခွန်ဘဏ္ဍာများ ဆုံးရှုံးခြင်း တို့ကိုဖြစ်ပေါ်စေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်စေပါသည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံဖြစ်သော PDF အမည်ခံအကြမ်းဖက် အုပ်စုများသည် လက်နက်ကိုင်ပဋိပက္ခနှင့် အကျုံးမဝင်သည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် နေကြသူများ ဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်း ဖက်မှုနှိမ်နင်းရေးစစ်ဆင်မှုများကို ဆောင်ရွက်နေရခြင်းဖြစ်ပါသည်။

အကြမ်းဖက်အုပ်စုတစ်ခုခုကို ငွေကြေးထောက်ပံ့မှုသည် အကြမ်းဖက်မှုဖြစ်
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေသည် ကုလသမဂ္ဂ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)ပုဒ်မခွဲငယ်(၁၀)အရ အများပြည်သူ ၏လုံခြုံရေးကိုဖြစ်စေ၊ အသက်အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ အများပြည်သူ သို့မဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးသော အခြေခံအဆောက်အအုံများကိုဖြစ်စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြစ်စေ ပြင်းထန်စွာထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုများသည် အကြမ်းဖက်မှုပင်ဖြစ်ပါသည်။ ထို့အပြင် အကြမ်းဖက်မှုကိုကျူးလွန်သော သို့မဟုတ် ကျူးလွန် မည်ဖြစ်သော အကြမ်းဖက်သမားတစ်ဦးဦးကိုဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခုကိုဖြစ်စေ အားပေးကူညီရာရောက်သော ငွေကြေးထောက်ပံ့မှုသည်လည်း အကြမ်းဖက်မှုဖြစ်ပါသည်။ CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံဖြစ်သော PDF အမည်ခံအကြမ်းဖက်အုပ်စုများသည် အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ စွပ်စွဲချက်အမျိုးမျိုးဖြင့် သတ်ဖြတ်ခြင်း၊ အများပြည်သူအတွင်း ကြောက်ရွံ့ထိတ်လန့်မှုကိုဖြစ်စေသည့် မြို့ရွာများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ စာသင်ကျောင်းများ အပါအဝင် အများပြည်သူဆိုင်ရာအဆောက် အအုံများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရထားလမ်းများကိုဖျက်ဆီးခြင်း၊ လမ်းတံတားများကို မိုင်းထောင် ဖျက်ဆီးခြင်း၊ ဆရာ ဆရာမများကို ခြိမ်းခြောက်ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကြပါသည်။

အဆိုပါအကြမ်းဖက်မှုများကို တိုက်ဖျက်ရေးသည် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည့်အချိန်တွင် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြသည့် လက်နက်ကိုင်သောင်းကျန်းသူများ၊ အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်းကျူးလွန် နေကြသည့်အကြမ်းဖက်အုပ်စုများကြောင့် ပြည်သူ များ စိုးရိမ်ကြောင့်ကြရခြင်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်ဖြစ်ပေါ်စေခြင်းတို့ကို ဖြစ် ပေါ်စေလျက်ရှိပါသည်။ အဆိုးဆုံးမှာ အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် အချို့သောကလေးငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးနေရခြင်း ဖြစ်ပါသည်။

အကြမ်းဖက်မှုအန္တရာယ်များကို စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် တားဆီးကာကွယ် 

 နိုင်ငံရေးနှင့် လူမျိုးရေးအစွန်းရောက်ပြီး လက်နက်ကိုင်ပဋိပက္ခကို ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် အသုံးချလျက်ရှိသည့် လက်နက်ကိုင် သောင်းကျန်းသူများ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများသည် နိုင်ငံတော်အစိုးရက မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ခရီးလမ်းအတွက် ခလုတ်တံသင်းများ ဖြစ်သကဲ့သို့ နိုင်ငံရေးဝါဒ မှိုင်းတိုက်ထားမှုကြောင့် အစွန်းရောက်အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့်အကြမ်းဖက် အုပ်စုများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်အညီ ဆက်လက် ဆောင်ရွက်မည့် ရှေ့ခရီးလမ်းအတွက် ဆူးငြောင့်ခလုတ်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်နက်ကိုင်သောင်းကျန်းသူများ၏ စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုအန္တရာယ်များကို နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် တပ်မတော်တို့၏ စုပေါင်းညီညွတ်မှုစွမ်းအားဖြင့် တားဆီးကာကွယ် တိုက်ဖျက်သွားရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။