စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၉

အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ကုလားတန် မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း၏ စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဆိပ်ကမ်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Shri Sarbananda Sonowal ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar ၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အိန္ဒိယသမ္မတနိုင်ငံမှ ဝန်ကြီးနှင့်အတူလိုက်ပါလာသော အဖွဲ့ဝင်များ ၊  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ ၊ ရခိုင်ပြည်နယ်ရှိ ဌာနအသီးသီးမှ ပြည်နယ် အဆင့် တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
 
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ စစ်တွေ ကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်း နှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Shri Sarbananda Sonowal ဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရ၏ ကိုယ်စားလှယ်များကို ကြိုဆို နှုတ်ဆက်သည်။    
ထို့နောက် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းရှိ အစည်းအဝေးခန်းမတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သော အိန္ဒိယနိုင်ငံအစိုးရ၏ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကို  စစ်တွေကုလားတန် ဆိပ်ခံ တံတားအား စီမံခန့်ခွဲလျက်ရှိသော A to Z Exim Limitedမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြရာ  ဝန်ကြီးများက လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပထမဦးစွာ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် စတင်ဖွင့်လှစ်ကာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vinay Kumar က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးထိန်လင်း၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန  ဝန်ကြီး H.E Mr. Shri Sarbananda Sonowal တို့က အမှာစကားများ ပြောကြားကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ဖွင့်လှစ်နိုင်မှုသည် အိန္ဒိယနိုင်ငံအတွက်သာမက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက်ပါ များစွာအကျိုး ဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်း၊ ပြည်တွင်းရေ ကြောင်းလမ်းနှင့်မော်တော်ကားလမ်းကို ချိတ်ဆက်၍ ဘက်စုံသယ်ယူ ပို့ဆောင် နိုင်မည်ဖြစ်ခြင်းကြောင့်  နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ဒေသတွင်း ကုန်သွယ်မှုကို တိုးမြှင့် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များအကြား လမ်းပန်း ဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုလည်း ပိုမိုကောင်းမွန် လာပြီး ဒေသခံများ၏ လူမှုစီးပွား ဘဝသည်လည်း များစွာတိုးတက်လာမည်ဖြစ်ကာ အလုပ် အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိ မည်ဖြစ်ပါ ကြောင်း၊ စစ်တွေဆိပ််ကမ်းမှတဆင့် အိန္ဒိယနိုင်ငံ နှင့်သာမက ဒေသတွင်းနိုင်ငံများနှင့်ပါ တိုက်ရိုက် ကုန်သွယ်နိုင်မည်ဖြစ်ရာ စီမံကိန်း အောင်မြင်စွာပြီးစီးရေးအတွက် ကြိုးစားအားထုတ်ပေးကြသည့် နှစ်နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံဆိပ်ကမ်းများ၊ သင်္ဘောလုပ်ငန်းနှင့် ရေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးတို့က စစ်တွေအပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ စစ်တွေကုလားတန် ဆိပ်ခံတံတား အထိမ်းအမှတ် ကမ္ဗည်းမော်ကွန်းအား  စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ နှစ်ဘက်အပြန်အလှန် အမှတ်တရပစ္စည်း လဲလှယ်ကြပြီး စစ်တွေကုလားတန် ဆိပ်ခံတံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည် တော်များနှင့်အတူ  စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြသည်။
 
ထို့နောက် အိန္ဒိယနိုင်ငံမှ လာရောက်သော အပြည်ပြည်ဆိုင်ရာကုန်စည်တင် သင်္ဘော ITT Lion ဆိုက်ကပ်ထားသည့် စစ်တွေကုလားတန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ရောက်ရှိကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘော လုပ်ငန်းနှင့် ရေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊  အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန အတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့က စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့ရှိ Royal Sittwe Resort Hotel ၌ ကျင်းပသည့် အိန္ဒိယနိုင်ငံ ဆိပ်ကမ်းများ၊ သင်္ဘော လုပ်ငန်းနှင့် ရေကြောင်းပို့ဆောင် ရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Shri Sarbananda Sonowal ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ရခိုင်ပြည်နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်၍ စစ်တွေဆိပ်ကမ်းဖွင့် လှစ်နိုင်မှုကြောင့် နိုင်ငံကုန်သွယ်မှု တိုးတက်လာမည့်အခြေအနေ၊ စစ်တွေ ဆိပ်ကမ်းမှတဆင့် ဒေသတွင်းနိုင်ငံများသို့ ကုန်သွယ်မှုများ တိုးမြင့်တင်ပို့နိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်အ တွင်းရှိပြည်သူများ၏ စီးပွားရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့် ဘအလမ်းများ တိုးတက်ရရှိနိုင်မည့်အခြေအနေ၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်အကြား သယ်ယူပို့ဆောင်မှု ချောမွေ့လာမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့အပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးခန်းမ (၁) ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဘင်္ဂလား ပင်လယ်အော်တွင်  မုန်တိုင်းဖြစ်ပေါ်ကျရောက်နိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းခြင်း အခမ်းအနားကို တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန် ကြားရေးမှူးချုပ် က မုန်တိုင်းခန့်မှန်းချက်နှင့် ဖြတ်သန်း မည့် လမ်းကြောင်းများကို ဦးစွာရှင်းလင်း တင်ပြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ၊ အစိုးရအဖွဲ့အတွင်းရေးမှူး နှင့် တာဝန်ရှိသူ များကမုန်တိုင်းဘေး အန္တရာယ်အတွက် ကြိုတင်ပြင် ဆင်ထားရှိမှု နှင့် အရေးပေါ် အခြေအနေ တွင် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက  ကဏ္ဍာအလိုက် စီမံချက်များအတိုင်း ကြိုတင်ပြင်ဆင်သင့်သည်များအား ဂရုပြုဆောင်ရွက်ရန် ၊ လုပ်ငန်းကော်မတီများအကြား ပူးပေါင်းဆောင်ရွက်ရန် ၊ စီမံချက်များ လက်တွေ့ဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့်  ညီညွတ်စေရေး ဆောင်ရွက်သွားရန်များကို မှာကြားသည်။

ဆက်လက်၍    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  (၂၀၂၂-၂၀၂၃) ၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သည့် ဆတ်ရိုးကျချောင်း အလျား (၁၂၆၂) မီတာ  ရေလမ်းကောင်းမွန်ရေး သောင်တူးခြင်းလုပ်ငန်း ကိုကွင်းဆင်းစစ်ဆေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သောက်သုံးရေ  ရရှိရေးအတွက် စစ်တွေမြို့ စိုက်ပျိုးရေးမျိုးသန့်ခြံအတွင်းရှိ စက်ရေတွင်း (၉) တွင်း တူးဖော်ထားရှိမှုကိုကွင်းဆင်း စစ်ဆေးပြီး စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင်  စက်ရေတွင်းတူး ဖော်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်