စစ်တွေမြို့၌ အခြေခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်အတွင်း ဘေးအန္တရာယ်များကို ထိခိုက်ဆုံးရှုံးမှု နည်းပါးစွာဖြင့် လျန်မြန်ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အခြေခံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီက စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း သင်ကြားပို့ချဆွေးနွေးမည့် ဘေးအန္တရာယ်လျော့ချရေး လုပ်ငန်းစဉ်များကို စိတ်ပါဝင်စားစွာဖြင့် မှတ်သားသင်ယူပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ မူဝါဒဖြစ်သော ဘေးသင့်ပြည်သူများ၏ ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝ ဖြစ်ထွန်းစေရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ပေါ်ထွန်းလာရေး စသောလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် ပြောကြသည်။

 

ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းနှင့် IOM အဖွဲ့အစည်း တာဝန်ခံ Mr. Konracl Clos  တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

 

အဆိုပါ သင်တန်းအား စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၄၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ သင်တန်းနည်းပြ ဆရာ လေးဦးက စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)