စစ်တွေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုအား ဝန်ကြီးချုပ် ကြည့်ရှုအားပေး

စစ်တွေ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရေတပ်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်း (Booster Dose) ထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ရေတပ်ကျောင်း၌ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၆)လနှင့်အထက်ရှိသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ 

ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း၊ အပိုဆောင်းထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်မည့်အခြေအနေ၊ မိဘအုပ်ထိန်းသူများ၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့သားသမီး၊ တပည့်များ၏ ပညာရေးအခွင့်အလမ်းအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ်၌ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးသော အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား အပိုဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ရည်မှန်း ကျောင်းသား၊  ကျောင်းသူ ၁၄၀၂၇၈ ဦးရှိပြီး စက်တင်ဘာ ၁၄ ရက်ထိ ၇၉၅၀၉ ထိုးနှံပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများ ဆီသို့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)