စစ်တွေမြို့နယ်တွင် ကူးစက်ဖြစ်ပွားမှု မြန်ဆန်နေသည့် COVID-19

(၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရပါသည်။ ထို့အပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာပါသည်။

 

ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ပါသည်။

 

Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားနေမှုကို အမြန်ဆုံးထိန်းချူပ်နိုင်ရန်နှင့် အခြားဒေသများသို့ ပြန့်ပွားခြင်းမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

 

ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် ပန်ကြားချက်များကို တိကျစွာ မပျက်မကွက် လိုက်နာဆောင်ရွက်ကြပါရန် အထူးလိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

ပြည်ထောင်စုဝန်ကြီး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန