ရဲဘော်တို့
ဒီနေ့ဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၆)ရဲ့ သင်တန်းဆင်းတဲ့နေ့ဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် အားသစ်လောင်း တဲ့နေ့လည်းဖြစ်တာမို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာပြောကြားလိုတယ်။
ရဲဘော်တို့
“တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ် သော လက်ရုံးရည်နှင့် နှလုံးရည်ပြည့်ဝသည့် အရာရှိ ကောင်းများ မွေးထုတ်ပေးရန်” ဆိုတဲ့ စစ်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ရဲဘော်တို့ကို နိုင်ငံတော်နဲ့ တပ်မတော်က အားထားရမယ့် နိုင်ငံ့သားကောင်းများအဖြစ် လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ်တယ်။ အမိစစ်တက္ကသိုလ်က မွေးထုတ်ပေးခဲ့တဲ့ ရဲဘော်တို့ဟာ နိုင်ငံတော်နဲ့ တပ်မတော်အတွက် ခွန်အားသစ် တွေကို ဖြည့်ဆည်းပေးမယ့် မျိုးဆက်သစ် အရာရှိ ငယ်များဖြစ်လို့ တာဝန်ကျရာ တပ်အသီးသီးကို ရောက်ရှိချိန်မှာ အမိစစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို စောင့်ထိန်းပြီး ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်သွားကြရမှာ ဖြစ်တယ်။ စစ်တက္ကသိုလ် ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “နောင်တစ်ခေတ်၏ အောင် စစ်သည်” ဆိုတဲ့အတိုင်း ရဲဘော်တို့ဟာ မျိုးဆက်သစ်ခေါင်းဆောင်ငယ်များအနေနဲ့ စစ်မြေပြင်မှာ အောင်ပွဲတွေရရှိအောင် သင်ကြားပေးလိုက်တဲ့ စစ်ပညာ၊ စာပေပညာရပ်တွေကို ထိရောက်စွာ အသုံးချကာ သူရသတ္တိနဲ့ တွေးခေါ်မြော်မြင်မှု ပေါင်းစပ်ပြီး ကြိုးစားအားထုတ် တာဝန်ထမ်းဆောင် သွားကြဖို့ လိုအပ်တယ်။ နိုင်ငံတော်ကိုကာကွယ်ဖို့ ခိုင်မာတဲ့သန္နိဋ္ဌာန်စိတ်နဲ့ မိမိတို့ သဘောဆန္ဒ အလျောက် တပ်မတော်ကို ဝင်ရောက်လာခဲ့တဲ့ ရဲဘော်တို့အနေနဲ့ စစ်တက္ကသိုလ်ရဲ့ မွန်မြတ်တဲ့ အစဉ်အလာ၊ ကောင်းမွန်တဲ့ ဂုဏ်သတင်းများကို ဆက်လက်စောင့်ထိန်းပြီး စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံနိုင်မယ့် စစ်သားကောင်းများဖြစ် အောင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သွားကြ ပါလို့ မှာကြားလိုတယ်။
ရဲဘော်တို့
တပ်မတော်ရဲ့ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှာ ခေါင်းဆောင်ငယ်များအဖြစ် စတင်တာဝန် ထမ်းဆောင်ကြရ တော့မယ့် ရဲဘော်တို့ဟာ မိမိကွပ်ကဲရမယ့် လက်အောက်ငယ်သားတွေကို မှန်ကန်တဲ့ခေါင်းဆောင်မှုပေးနိုင်ဖို့ လိုအပ်တယ်။ အမိကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့ ခေါင်းဆောင်မှုပညာရပ်ဟာ အခြေခံ သဘောမျှသာဖြစ်တဲ့အတွက် လက်တွေ့နယ်ပယ်ကရရှိလာတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ ပေါင်းစပ်ပြီး ခေါင်းဆောင်ကောင်းတွေဖြစ်အောင် ကြိုးစားကြရမယ်။
ဒါ့အပြင် မိမိဦးဆောင်တဲ့အဖွဲ့ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုပေးနိုင်ဖို့ လက်အောက်ငယ်သား များကို ကျောသားရင်သားမခွဲခြားဘဲ ကွပ်ကဲအုပ်ချုပ်နိုင်ရမယ်။ ကိုယ်တိုင်စံနမူနာပြဖြစ်အောင် နေထိုင်ခြင်းဖြင့် လက်အောက်ငယ်သားတွေရဲ့ ရိုသေမှု၊ လေးစားမှု၊ ယုံကြည်ကိုးစားမှုနဲ့ သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုတို့ ကိုရယူပြီး ပေးအပ်တဲ့ရည်မှန်းချက်တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့လိုအပ်တယ်။ ဒါကြောင့် ရဲဘော် တို့အနေနဲ့ ဒို့တပ်မတော်က ပြဋ္ဌာန်းထားတဲ့ ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နဲ့အညီ ပြုမူကျင့်ကြံ ပြီး စစ်မြေပြင်နှင့်လုပ်ငန်းတာဝန် နယ်ပယ်အသီးသီးမှာ လက်အောက်ကို မှန်ကန်တဲ့ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းများဖြစ်ရန်အတွက် မိမိတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေး များကို အစဉ်တိုးတက်နေအောင် ကြိုးပမ်းတည်ဆောက် သွာကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
ဒို့တပ်မတော်သားတွေဟာ နိုင်ငံတော်ကာကွယ် ရေးတာဝန်ထမ်းဆောင်ရာမှာ ဘယ်အချိန် ဘယ်နေရာ ပဲဖြစ်ဖြစ် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရတဲ့သူတွေဖြစ်လို့ ယုံကြည်ချက်၊ ခံယူချက်မှန်ကန်ပြီး စိတ်ဓာတ်ကောင်းမွန်ဖို့ အထူးလိုအပ်တယ်။ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ် ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေးတို့နဲ့ ဖန်တီးပေး ရမှာဖြစ်သလို တစ်ဖက်ကလည်း မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်၊ ခံယူချက်၊ ယုံကြည်ချက်၊ အစဉ်အလာ၊ သမိုင်းကြောင်း စတာတွေနဲ့ တည်ဆောက်ပေးရမှာ ဖြစ်တယ်။ မျိုးချစ်စိတ်ဆိုရာမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်၊ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ထိရင် မချိအောင်နာတတ်တဲ့စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမယ်ဆိုတဲ့စိတ် တို့ပဲဖြစ်တယ်။ အဲဒီလိုအရင်းခံစိတ်တွေ ကိန်းဝပ် လာအောင် တည်ဆောက်ပေးနိုင်မှသာ တစ်ဦးချင်း ရဲ့ ယုံကြည်ချက်၊ ခံယူချက်မြင့်မားလာပြီး စိတ်ဓာတ် ခိုင်မာကောင်းမွန်လာမှာ ဖြစ်တယ်။ စိတ်ဓာတ် ကောင်းရင် လူ၊ လက်နက်အင်အားနည်းသော်လည်း အောင်မြင်မှုရရှိအောင် ကြံ့ကြံ့ခံဆောင်ရွက်နိုင်စွမ်းရှိတာကို တွေ့ရှိရတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ မိမိကိုယ်တိုင်သာမက မိမိကွပ်ကဲရတဲ့ တပ်ဖွဲ့ဝင်တွေကိုပါ မျိုးချစ်စိတ်၊ တိုင်းပြည်ကိုကာကွယ်လိုစိတ်၊ မိမိတပ်ဖွဲ့နဲ့ တပ်မတော်အပေါ် ချစ်ခင်တွယ်တာ စိတ်ရှိစေဖို့ လေ့ကျင့်ပြုစုပျိုးထောင်နေကြရမှာ ဖြစ်တယ်။ ဒါ့အပြင် တိုက်ပွဲဝင်ရာမှာလည်း ရဲဘော် တို့အပါအဝင် တပ်ဖွဲ့ဝင်တွေရဲ့ တိုက်လိုခိုက်လိုစိတ် မြင့်မားစေဖို့အတွက် တပ်မတော်ရဲ့ စိတ်ဓာတ်တွေ ဖြစ်တဲ့ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ ပေးအပ်တဲ့တာဝန်အပေါ်မှာ တုံးတိုက် တိုက် ကျားကိုက်ကိုက် မဖြစ်မနေအောင်မြင်အောင် လုပ်မယ်ဆိုတဲ့စိတ်ဓာတ်၊ ဒို့တပ်မတော်ရဲ့ အစဉ်အလာ ကောင်းတွေကို အသက်နဲ့လဲပြီး စောင့်ထိန်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရရှိအောင် တည်ဆောက်သွားကြဖို့ လိုတယ်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကိုအရင်းခံပြီး မွန်မြတ်တဲ့စိတ်များနဲ့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး တပ်မတော်ရဲ့ဂုဏ်ကို မြှင့်တင်သွားကြဖို့ မှာကြား လိုတယ်။
ရဲဘော်တို့
စိတ်ဓာတ်ကောင်းမွန်မှုနဲ့ စည်းကမ်းလိုက်နာမှု တို့ဟာ ဆက်စပ်နေတာကြောင့် စိတ်ဓာတ်ကောင်း ရင် စည်းကမ်းလိုက်နာမှုလည်း အားကောင်းလာမှာ ဖြစ်တယ်။ စည်းကမ်းဆိုတာ လူ့ကျင့်ဝတ်တစ်ခု ဖြစ်သလို တပ်မတော်ရဲ့ကျောရိုးနဲ့ အသက်ဝိညာဉ် လည်းဖြစ်တာကြောင့် အလေးထားလိုက်နာ စောင့်ထိန်းကြဖို့ လိုအပ်တယ်။ စည်းကမ်းအမျိုးမျိုး သတ်မှတ်ထားပေမယ့် အမျိုးအစားခွဲခြားမယ်ဆိုရင် တိုက်တွန်းချက်၊ တားမြစ်ချက်များဖြစ်တဲ့ ဆောင်ရန် စည်းကမ်းနဲ့ ရှောင်ရန်စည်းကမ်းဆိုပြီး နှစ်မျိုးသာ ရှိတာကို တွေ့ရမယ်။ ဆောင်ရန်စည်းကမ်းဆိုတာကတော့ ရဲဘော်တို့ မပျက်မကွက်လိုက်နာရမယ့် အချက်တွေဖြစ်ပြီး ရှောင်ရန်စည်းကမ်းကတော့ လုံးဝမပြုလုပ်ရန် တားမြစ်ထားတဲ့ အချက်တွေဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့ အနေနဲ့ ဒို့တပ်မတော်သားအားလုံးအတွက် လိုက်နာရန်တိုက်တွန်းထားတဲ့ စစ်သည်တော် ကျင့်ဝတ် အပါး(၆၀) ကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံစွာလိုက်နာသွားဖို့လိုအပ်သလို စစ်မြေပြင် စည်းကမ်းတွေ၊ လုပ်ငန်းခွင် စည်းကမ်းတွေနဲ့ နယ်ဘက်ဆိုင်ရာ စည်းကမ်းဥပဒေတွေကိုလည်း လေးစားလိုက်နာကြရမယ်။ ရှောင်ကြဉ် ရမယ့် စည်းကမ်းတွေအနေနဲ့ တပ်မတော်အက်ဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်လို့ အဲဒီဥပဒေတွေကိုလည်း သိရှိ နားလည်အောင် လေ့လာပြီး အလေးထားလိုက်နာဖို့ လိုအပ်တယ်။ ဒါ့အပြင် နိုင်ငံတကာမှာ လက်ခံ ကျင့်သုံးနေတဲ့ “စစ်ပွဲဆိုင်ရာဥပဒေများနဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း” တွေကိုလည်း သိရှိလိုက်နာ ကြရမှာဖြစ်တယ်။
ရဲဘော်တို့
ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြရမယ့် ရဲဘော်တို့ဟာ ကိုယ့်လက်အောက် ငယ်သားတွေကို စည်းကမ်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရမှာဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း လိုက်နာစောင့်ထိန်းဖို့လိုအပ်တယ်။ အထူးသဖြင့် စည်းကမ်းအရာမှာ စံနမူနာပြလိုက်နာ စောင့်ထိန်းရ မှာဖြစ်ပြီး တစ်ဦးချင်းနဲ့ အဖွဲ့အစည်းအပေါ် ထိခိုက်စေနိုင်တဲ့ ပြုမူနေထိုင်မှုတွေကို ရှောင်ကြဉ်ကြဖို့ လိုအပ်တယ်။ အသောက်အစားနဲ့ အပျော်အပါးများဟာ မိမိတို့ တစ်ဦးချင်းရဲ့စွမ်းဆောင် ရည်တွေကိုသာမက မိမိတို့ရဲ့ မိသားစုနဲ့အဖွဲ့အစည်း အပေါ်ကို ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ တစ်ဦးချင်းကိုယ်စီ အသိတရား၊ ဆင်ခြင်တုံတရားများနဲ့ နေထိုင်ဖို့လိုအပ်သလို မိမိလက်အောက် ငယ်သားများကိုလည်း ထိန်းသိမ်းကြပ်မတ်သွားဖို့ လိုတယ်။ မိမိတစ်ဦးချင်းစီ၏ ပြုမူပြောဆို နေထိုင်မှုများဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တဲ့အတွက် တစ်ဦးချင်းစီက စည်းကမ်းနဲ့အညီ နေထိုင် ပြုမူကျင့်ကြံကြရန် လိုအပ်ကြောင်း မှာကြား လိတယ်။
ရဲဘော်တို့
ဒို့တပ်မတော်သားတွေဟာ အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီဥတုမရွေး တာဝန်ထမ်းဆောင် နေကြရသူတွေဖြစ်တဲ့အတွက် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်မှုရှိဖို့ကို အလေးထားလုပ်ဆောင်ကြဖို့ လိုတယ်။ ကျန်းမာကြံ့ခိုင်ဖို့ကို လေ့ကျင့်ရေးနဲ့လုပ်ယူ ရတာဖြစ်ပြီး တပ်တစ်တပ်ကို တည်ဆောက်တဲ့ နေရာမှာ လေ့ကျင့်ရေးဟာ အရေးကြီးဆုံးလုပ်ငန်းဖြစ်တယ်။ လေ့ကျင့်ရေးနဲ့ ကျန်းမာကြံ့ခိုင်မှုဟာ အပြန်အလှန် သက်ရောက်မှုရှိပြီး လေ့ကျင့်နေမှသာ ကျန်းမာကြံ့ခိုင်နေမှာဖြစ်သလို ကျန်းမာကြံ့ခိုင်နေမှ လည်း လေ့ကျင့်ရေးလုပ်ငန်းတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်နိုင်မှာဖြစ်တယ်။ လေ့ကျင့်ရေး လုပ်ဆောင်ခြင်းဟာ ကြံ့ခိုင်မှုနဲ့ ကျွမ်းကျင်မှုရှိဖို့ဖြစ်တယ်။ ကြံ့ခိုင်မှုဆိုတာ တပ်ဖွဲ့ဝင် တစ်ဦးချင်းရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာကြံ့ခိုင်နေအောင် လေ့ကျင့်တာဖြစ်သလို ကျွမ်းကျင်မှုဆိုတာကတော့ မိမိတို့ကိုင်တွယ် အသုံးပြုနေတဲ့ လက်နက်တွေနဲ့ သင်ယူလေ့လာထားတဲ့ စစ်ပညာရပ်တွေကို ကျွမ်းကျင်ဖို့ လေ့ကျင့် တာဖြစ်တယ်။ အဲဒီလိုကျွမ်းကျင်မှုရှိမှ ယုံကြည်မှုရှိလာမှာဖြစ်ပြီး ယုံကြည်မှုရှိမှလည်း ကြုံတွေ့လာတဲ့ အခက်အခဲတိုင်းကို ရဲဝံ့စွန့်စားစွာ ရင်ဆိုင်လုပ်ကိုင်နိုင်တဲ့ ရဲစွမ်းသတ္တိတွေရရှိလာမှာ ဖြစ်တယ်။ ဒါတွေဟာ လေ့ကျင့်မှုလုပ်ဆောင်ခြင်းမှရရှိတာဖြစ်လို့ စိတ်ပိုင်း၊ ရုပ်ပိုင်း အစဉ်ကြံ့ခိုင်မှု ရှိအောင် ရဲဘော်တို့အနေနဲ့ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်”ဆိုတဲ့ တပ်မတော်ရဲ့ လေ့ကျင့်ရေးမူဝါဒ များနဲ့အညီ စဉ်ဆက်မပြတ်လေ့ကျင့်နေကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက် ပွဲမှာ အလွန်အကျည်းတန်၊ ရုပ်ဆိုးလှတဲ့ အဲဒီအချိန်က အာဏာရပါတီရဲ့ မဲမသမာမှုများကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး နိုင်ငံ့တာဝန် ထိန်းသိမ်းပေး နေတဲ့ တပ်မတော်ရဲ့ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်း ချက်ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပ နိုင်ရေးဖြစ်တယ်။ ရွေးကောက်ပွဲ အကြိုလုပ်ငန်းများဖြစ်တဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို အောက်တိုဘာလဆန်းမှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်နိုင်ခဲ့တယ်။ အဲဒီလို လုပ်ဆောင်ခဲ့တာဟာ နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာပါရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိတဲ့ အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်။ သန်းခေါင်စာရင်းက ရရှိလာမယ့်အချက်အလက်များဟာ နိုင်ငံတော်ရဲ့ လက်ရှိနဲ့ အနာဂတ်ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် အသုံးဝင်မှာဖြစ်သလို ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းမှန်ကန် မှုကိုလည်း အထောက်အကူပြုမှာဖြစ်တယ်။ မှန်ကန် တဲ့မဲစာရင်းများနဲ့ ရွေးကောက်ပွဲကို စည်းစနစ်ကျစွာကျင်းပပြီး ရွေးကောက်ပွဲမှ ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာ ဝန်များလွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရာမှာ ရဲဘော်တို့အနေနဲ့ ကျရာအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြား လိုတယ်။
ရဲဘော်တို့
ဒို့တပ်မတော်ဟာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခေတ်အဆက်ဆက်မှာ ပြည်တွင်းပြည်ပအန္တရာယ် တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို နိုင်ငံတော် မှာ ကြုံတွေ့လာရမယ့် ဘေးအန္တရာယ်တွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ပြည်သူလူထု စည်းလုံးညီညွတ်မှုအားနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း ရှိရမှာဖြစ်တယ်။ ယနေ့ကာလမှာ ပြည်တွင်းပြည်ပ အဖျက်သမားများဟာ ဆိုရှယ်မီဒီယာကို လက်နက် သဖွယ်အသုံးပြုပြီး အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့ တပ်မတော် သွေးကွဲအောင်၊ စည်းလုံးညီညွတ်မှု ပြိုကွဲအောင် ထိုးနှက်တိုက်ခိုက်လျက်ရှိတယ်။ အထူးသဖြင့် နိုင်ငံတော်တည်တံ့ခိုင်မြဲရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေတဲ့ ဒို့တပ်မတော်သား အချင်းချင်းစိတ်ဝမ်းကွဲအောင် သတင်းအတု၊ သတင်းအမှားတွေနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ မြင်တွေ့ကြရမှာဖြစ်တယ်။ အဲဒီလို တပ်မတော်ဖြိုခွဲရေးအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သတင်းအတု၊ သတင်းအမှားတွေ ကို နားမယောင်မိဖို့လိုသလို ရဲဘော်တို့အနေနဲ့ တာဝန်ကျရာတပ်အသီးသီးကို ရောက်ရှိသွားချိန်မှာ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သတင်းအတု၊ သတင်းအမှားများကြောင့် ယုံကြည်ချက်၊ ခံယူချက် တွေ မယိမ်းယိုင်သွားစေဖို့နဲ့ တပ်တွင်းစည်းလုံး ညီညွတ်ရေး ခိုင်မာအားကောင်းစေဖို့အတွက် စည်းရုံး လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်။ တပ်တွင်းစည်း လုံးညီညွတ်မှုရှိစေရေးအတွက် အထက်ကပေးအပ်တဲ့ အမိန့်နဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုသလို လက်အောက်ကို ထိတွေ့မှုများများနဲ့ဦးဆောင် ပြီး နေ့စဉ်လုပ်ဆောင်ရမယ့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ကို အောင်မြင်စွာလုပ်ဆောင်သွား ကြဖို့ အလေးထားမှာကြားလိုတယ်။
ရဲဘော်တို့
တပ်တွင်းစည်းလုံးညီညွတ်ရေးကို ခိုင်မာအားကောင်းအောင် တည်ဆောက်ရမှာဖြစ်သလို တစ်ဖက်က လည်း တပ်ပြင်စည်းရုံးရေးကို အောင်မြင်အောင်လုပ်ဆောင်သွားကြဖို့ လိုအပ်တယ်။ လက်ရှိအချိန်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်း များနဲ့လူပုဂ္ဂိုလ်တချို့ဟာ တပ်မတော်အပေါ် ပြည်သူ လူထုရဲ့ အထင်အမြင်တွေ လွဲမှားသွားစေဖို့အတွက် ပြည်ဖျက်မီဒီယာများနဲ့ပူးပေါင်းပြီး တပ်မတော်ပုံရိပ်ကျဆင်းအောင် ပြောဆိုရေး သားနေကြတာကို တွေ့ရတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တပ်မတော်အပေါ်မှာသာမက တစ်မျိုးသား လုံးရဲ့စည်းလုံးညီညွတ်မှုအပေါ်မှာ ဆိုးရွားစွာထိခိုက်နိုင်တာ ရဲဘော်တို့အသိပဲ ဖြစ်တယ်။ ဒါကြောင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာ များရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေအပေါ် အသိ၊ သတိနဲ့ ဆင်ခြင်ပြီး စစ်မှန်တဲ့တပ်ပြင်စည်းရုံးရေးလုပ်ငန်း များကို အလေးထားလုပ်ဆောင်သွားရမှာပဲ ဖြစ် တယ်။ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာမှာလည်း ရဲဘော်တို့အနေနဲ့ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများကို တစ်တပ်တစ်အား ဆောင်ရွက် ပေးခြင်း၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါက အချိန်နဲ့တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ခြင်းများအပါအဝင် ပြည်သူ့အကျိုးပြု လုပ်ငန်းမှန်သမျှကို တပ်မတော်ရဲ့ အဓိကလုပ်ငန်း တာဝန်တစ်ရပ်အဖြစ်ခံယူပြီး စစ်မှန်တဲ့စိတ်ရင်း စေတနာနဲ့ အပြည့်အဝ လုပ်ဆောင်ပေးကြဖို့ အလေးအနက်ထား မှာကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့
- စစ်တက္ကသိုလ်ရဲ့ မွန်မြတ်တဲ့အစဉ်အလာ၊ ကောင်းမွန်တဲ့ ဂုဏ်သတင်းများကို ဆက်လက်စောင့်ထိန်းပြီး စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံနိုင်မယ့် စစ်သားကောင်း များဖြစ်အောင် စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်သွားကြပါ။
- ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ရပ်နဲ့အညီ ပြုမူကျင့်ကြံပြီး မိမိတို့ရဲ့ ခေါင်းဆောင်မှု အရည်အသွေးများကို အစဉ်တိုးတက် နေအောင် ကြိုးပမ်းတည်ဆောက်သွားကြပါ။
- မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းခံပြီး မွန်မြတ်တဲ့စိတ်များနဲ့ တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး တပ်မတော်ရဲ့ ဂုဏ်ကို မြှင့်တင်သွားကြပါ။
- နိုင်ငံတော်ကာကွယ်ရေးအတွက် တိုက်ပွဲဝင် အသင့်ရှိစေဖို့ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှုရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုတဲ့ တပ်မတော်ရဲ့လေ့ကျင့်ရေးမူဝါဒများနဲ့အညီ လေ့ကျင့်မှုတွေ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြပါ။
- တပ်မတော်ရဲ့ ရည်မှန်းချက်တာဝန်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျရာ တာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင် တဲ့ “နောင်တစ်ခေတ်၏ အောင်စစ်သည်” များဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။