စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် မေ ၃၀

နည်းပြများအနေဖြင့် မိမိတို့တတ်မြောက်သင်ကြားထားသည့်၊ စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ချိန်ထိုး၍ စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီး စိတ်ဓာတ်ခိုင်မာကောင်းမွန်သည့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့်၊ ပြည်သူက အားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ သင်တန်းသား အရာရှိငယ်များ၊ ဗိုလ်လောင်းများအနေဖြင့်လည်း စိတ်ဓာတ်ခံယူချက်ကောင်းစွာဖြင့် သင်ယူလေ့လာ၍ နိုင်ငံတော်နှင့် တပ်မတော်ကို ပြန်လည်အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်းများအား စစ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြသည်။

နိုင်ငံတော်၏ နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လျက်ရှိသည့်အခက်အခဲများ၊ နိုင်ငံရေးအကြောင်းပြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြသူများ၏ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ရပ်များ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံ့ဝန်ထမ်းအချို့ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုများစသည့်အခက်အခဲ၊ အကျပ်အတည်းပေါင်းစုံကြားမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

သင်တန်းသားတစ်ဦးချင်းစီ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေးရမည်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် စစ်တက္ကသိုလ်သည် တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်ဝသည့် အရာရှိကောင်းများကို မွေးထုတ်ပေးနိုင်ရေး အဓိကသင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရှိစေရေး သင်တန်းနှစ်အလိုက် သတ်မှတ်ထားသည့် လေ့ကျင့်ရေးဆိုင်ရာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး ခံယူချက်ကောင်းများဖြင့် လေ့ကျင့်ရေးဆိုင်ရာများကို လိုက်နာလေ့ကျင့်သွားကြရမည်ဖြစ်ကြောင်း၊ သင်တန်းသားတစ်ဦးချင်းစီအလိုက် မိမိကိုယ်ကို အားကိုးယုံကြည်သည့် စိတ်ဓာတ်များ ရရှိစေရေး၊ ကိုယ်ပိုင်အစွမ်းအစများဖြင့် အောင်မြင်သည့်ဘဝကို ဖြတ်သန်းနိုင်သော ခိုင်မာသည့်စိတ်ဓာတ်များ ရရှိစေရေး နည်းပြများမှ မိမိတို့သင်ကြားခဲ့ရသည့် စာပေဗဟုသုတများ၊ ဘဝတစ်လျှောက် ကြုံတွေ့ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများဖြင့် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း နည်းပြများ၏ သင်ကြားလေ့ကျင့်ပေးမှုများကို စွဲမြဲစွာမှတ်ယူ၍ ဘဝတစ်လျှောက်လုံး မိမိကိုယ်ကို အားကိုးယုံကြည်သည့် စိတ်ခွန်အား၊ ခံယူချက်ကောင်းတို့ဖြင့် ဖြတ်သန်းကြရန်လိုကြောင်း။

ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့်အညီ မိမိကိုယ်ကိုချိန်ထိုး၍ လိုက်နာဆောင်ရွက်ရန်လိုပြီး စည်းကမ်းစနစ်တကျရှိရမည်

ခေါင်းဆောင်မှုနှင့်ပတ်သက်၍ တပ်မတော်တွင် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက် ချမှတ်ထားရှိပြီး အဆိုပါအချက်များနှင့် ချိန်ထိုး၍ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ခေါင်းဆောင်များအနေဖြင့် လိုက်နာရန် လိုအပ်သည်များကို လိုက်နာ၍ စောင့်ထိန်းသင့်သည်များကို စောင့်ထိန်းခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိဦးဆောင်ရသည့် လက်အောက်ငယ်သားများ၏ အကျိုးကိုဖော်ဆောင်နိုင်ရေး၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုဘဝမြင့်မားတိုးတက်ရေးတို့အတွက် လေ့လာသင့်လေ့လာထိုက်သည်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း။

စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်ပြီး တစ်ဦးချင်းတစ်ယောက်ချင်းစီအလိုက် စိတ်ဓာတ်စည်းကမ်းကောင်းမှသာလျှင် အဖွဲ့အစည်းတစ်ခုလုံး ကောင်းမွန်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းသားများဘဝကတည်းကပင် မိမိကိုယ်ကို စည်းကမ်းတကျ နေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူဆောင်ရွက် သွားကြရန်လိုပြီး ဘဝတစ်လျှောက်လုံး ကျင့်သုံးဆောင်ရွက်သွားကြရန်လည်းလိုကြောင်း၊ စည်းကမ်း သေဝပ်၍ အမိန့်နာခံမှုကောင်းစွာဖြင့် လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခြင်းဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ကို ကာကွယ်နိုင်ရန်အတွက် မိမိတို့တစ်ဦးချင်း၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း။

အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်ရေး

ထို့ပြင် တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုဘဝတိုးတက်မြင့်မားရေးအတွက် ပညာတတ်မြောက်ရန်နှင့် အသိပညာဗဟုသုတကြွယ်ဝရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအရ အားပေးမြှင့်တင်မှုပြုလုပ်ရန် များစွာလိုအပ်ချက်များ ရှိနေဆဲဖြစ်သဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ ထို့ပြင် ပညာရေးအတွက် အထောက်အကူပြုစေမည့် စာကြည့်တိုက်များ တည်ဆောက်ပေးခြင်း၊ စာကြည့်တိုက်လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်မှုရှိစေရေး နိုင်ငံတော်မှ အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပြများ၊ သင်တန်းသားများအနေဖြင့်လည်း တစ်ဦးချင်းအသိပညာများ ကြွယ်ဝစေရန်အတွက် စာဖတ်ရန်လိုပြီး ဖတ်ရုံသာမဟုတ်ဘဲ မှတ်သားထားရှိရန်လည်းလိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ကာ ဘဝတိုးတက်မြင့်မားရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အသိပညာကြွယ်ဝခြင်းဖြင့် တစ်ဦးချင်းစီ၏ လူနေမှုပုံစံ ပြောင်းလဲတိုးတက်လာစေမည်ဖြစ်ပြီး အနာဂတ်တွင် အသိပညာကြွယ်ဝသည့် လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နည်းပြများမှ စနစ်တကျသင်ကြားလေ့ကျင့်ပေးရန်လိုသကဲ့သို့ သင်တန်းသားများအနေဖြင့်လည်း ကြိုးစားအားထုတ်မှုအပြည့်ဖြင့် လေ့ကျင့်သင်ယူကြရန်လို

သင်ကြားရေးနှင့်ပတ်သက်၍ အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ၎င်းအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးမှုဟူ၍ရှိကြောင်း၊ နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားရာတွင် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်နှင့် စာပေပိုင်းဆိုင်ရာ ပညာရပ်ဟူ၍ရှိပြီး နှစ်ဖက်မျှတစွာ တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးနှင့်ပတ်သက်ပါက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ကြရန်၊ သင်တန်းသားများကို အလိုမလိုက်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်ကိုလည်း အလိုမလိုက်ရန်လိုကြောင်း၊ အရည်အချင်းနှင့် ပြည့်စုံသဖြင့် နည်းပြများဖြစ်နေကြခြင်းဖြစ်သည့်အတွက် မိမိတတ်မြောက်ထားသည့်၊ သင်ကြားထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ စနစ်တကျ သင်ကြားပေးစေလိုပြီး အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို အမှန်တကယ်တတ်မြောက်ပြီး လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှုကောင်းမွန်စွာပေးနိုင်ရန်၊ စိတ်ဓာတ်ခိုင်မာကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူက အားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဗိုလ်လောင်းတစ်ဦးချင်းစီအလိုက်၊ သင်တန်းအမှတ်စဉ်အလိုက် စုဖွဲ့ပေးထားသည့် အုပ်ထိန်းသူ Guardian အဖြစ် တာဝန်ယူထားသူများအနေဖြင့်လည်း အစ်ကိုအစ်မစိတ်ဓာတ်၊ မိဘသဖွယ်စိတ်ဓာတ်ထားရှိ၍ သင်တန်းသားများအပေါ် မှန်ကန်သည့်ဦးဆောင်မှုနှင့် လမ်းညွှန်မှုများပေးနိုင်ရန်လိုပြီး ၎င်းတို့၏ ဘဝလမ်းကြောင်းမှန်အပေါ် တည့်မတ်ပေးနိုင်ရန်လိုကြောင်း။

နည်းပြများအနေဖြင့် ထိုကဲ့သို့လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သကဲ့သို့ သင်တန်းသားများအနေဖြင့်လည်း မိမိတို့အဆင့်အလိုက် တက်ရောက်ရသည့် သင်တန်းများတွင် ကြိုးပမ်းအားထုတ်သင်ကြားကြရန်လိုကြောင်း၊ အနာဂတ်တွင် ထူးချွန်ထက်မြက်ပြီး ပြည်သူက အားကိုးပြီး နိုင်ငံတော်က အားထားရသည့် ခေါင်းဆောင်များ ထွက်ပေါ်လာစေရေးအတွက် သင်တန်းစတင်တက်ရောက်ချိန်မှစ၍ အဆင့်လိုက်တက်ရောက်ရသည့်သင်တန်းများကို အဆင့်ဆင့်သင်ကြားပေးခဲ့ရပြီး နိုင်ငံတော်နှင့် တပ်မတော်က အချိန်နှင့် ငွေကြေးအရင်းအနှီးများစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် ကြိုးစားအားထုတ်မှုအပြည့်ဖြင့် လေ့ကျင့်သင်ကြားကြရန်လိုကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေဖြင့် မိမိတို့ဘဝ တိုးတက်ရေး နိုင်ငံတော်နှင့် တပ်မတော်၏ မျှော်မှန်းချက်များ မပျောက်ပျက်စေရေးတို့အတွက် စည်းကမ်းစနစ်တကျဖြင့် မိမိကိုယ်ကို စောင့်ထိန်း၍ ပညာကို ကြိုးပမ်းသင်ကြားကြစေလိုကြောင်း မှာကြားပြီး နည်းပြအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဗိုလ်လောင်းများ၏ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်