စေတုတ္တရာမြို့နယ် မုန်းချောင်းတမံမှ ရေကျော်ကျနေ၍ အရေးပေါ် အခြေအနေ အသိပေးကြေညာ

စေတုတ္တရာ    ၃၀  ဇူလိုင်    


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် အတွင်းရှိ  မုန်းချောင်းရေလှောင်တမံသည် ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တာတမံရေအမှတ်မှာ ၅၂၂ ဒသမ ၂ ပေအထိ ရောက်ရှိနေပြီး ရေပိုလွှဲမှ ရေ ၂ ဒသမ၂ ပေ ကျော်လာ၍ မုန်းတမံအောက်ဘက်ရှိ စေတုတ္တရာမြို့နယ် ရပ်ကွက်များနှင့် ကျေးရွာနေ ပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁)အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူကာ အသိပေးနှိုးဆော်မူများ ဆောင်ရွက်ထားကြောင်း စေတုတ္တရာမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ရေပိုလွှဲမှ  ရေကျော်မူများ ရှိနေသော်လည်း ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိသေးကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးရေး စီမံချက်အရ အရေးပေါ် အခြေအနေ သတ်မှတ်၍ ပြည်သူများ သိရှိနိုင်ရန် အစိမ်းရောင်အလံ လွှင့်ထူ၍ အသိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။ 


ဆက်လက်၍ ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် တမံအခြေအနေနှင့် ပတ်သက်၍  စိုးရိမ်ဖွယ်ရာ အခြေအနေရှိမရှိကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ 


စည်သူလွင်(ပြန်/ဆက်)