ဆွာဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဂျိုဟန်နီစဘာ့ခ် ၁၆ နိုဝင်ဘာ

ဆွာဇီလန်ဝန်ကြီးချုပ်သည် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူခဲ့ရာ ၎င်းတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် အမ်ဘရိုးစ်ဒလာမီနီသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ပြီးနောက် နေအိမ်၌ သီးခြားခွဲ၍ နေရပြီး ၎င်း၏ ကျန်းမာရေးအခြေအနေမှာ လက်ရှိအချိန်အထိ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

အသက် (၅၂)နှစ်အရွယ် ဝန်ကြီးချုပ် အမ်ဘရိုးစ်ဒလာမီနီသည် ၎င်း၏ ရောဂါမကင်းစင်သည့်အထိ ရုံးလုပ်ငန်းတာဝန်များကို နေအိမ်မှ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မိမိနှင့် အနီးကပ် လာရောက်ထိတွေ့သူ အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုခံယူကြရန် လိုအပ်သလို သီးခြားခွဲ၍ နေကြရန်လည်း လိုအပ်ကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ကျန်းမာရေးဆိုင်ရာ လိုအပ်သော လမ်းညွှန်ချက်များကို ပြည်သူများအနေဖြင့် လိုက်နာကြရန်လည်း လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ကုန်းပိတ်နိုင်ငံလေးဖြစ်သည့် ဆွာဇီလန်နိုင်ငံသည် တောင်အာဖရိကနိုင်ငံနှင့် မိုဇမ်ဘစ်ခ်နိုင်ငံအကြားတွင် တည်ရှိပြီး လူဦးရေ ၁ ဒသမ ၂ သန်းခန့်ရှိသည်။

လက်ရှိအချိန်အထိ ဆွာဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် ၁၁၉ ဦးသည် အဆိုပါရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - ဂျေတီ