Chat GPT ကို အသုံးပြုပုံများနှင့် အားနည်းချက်၊ အားသာချက်များ

 

 

Chat GPT ကို သုံးတဲ့အခါ ဝက်ဘ်ဆိုက် လိပ်စာ https://chat.openai.com/ မှာ အကောင့်တစ်ခုဖွင့်ပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ အီးမေးလ်အကောင့်တစ်ခုပဲ ရှိဖို့လိုပါတယ်။ Chat GPT ကို သုံးရင် ဖုန်း သို့မဟုတ် ကွန်ပျူတာရဲ့ browser တစ်ခုခုကနေ ဝက်ဘ်ဆိုက်ကို ဝင်ပြီးသုံးတာက အဆင်အပြေဆုံး ဖြစ်ပါတယ်။ ပလေးစတိုးမှာ Chat GPT ကို အခြေခံထားတဲ့ Third party အက်ပလီကေးရှင်းတွေ ထွက်လာပေမယ့် ကြော်ငြာတွေများသလို ၂၄ နာရီ အတွင်း မေးခွန်းသုံးခုပဲ မေးနိုင်တာစတဲ့ ကန့်သတ်ချက်တွေကြောင့် အဆင်မပြေပါဘူး။ Open AI ကတော့ တရားဝင် အက်ပလီကေးရှင်း မထုတ်ထားပါဘူး။

 

Chat GPT အကောင့်ဖွင့်ပြီးရင်တော့ စတင်အသုံးပြုနိုင်တဲ့ ဝက်ဘ်စာမျက်နှာကို ရောက်မှာဖြစ်ပြီး ဒီဝက်ဘ်စာမျက်နှာ မှာ Chat GPT ကိုသုံးတဲ့ နမူနာပုံစံ၊ Chat GPT ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ မလုပ်နိုင်တဲ့ အကန့်အသတ်တွေကို ဖော်ပြထား ပါတယ်။ လုပ်ဆောင်နိုင်စွမ်းအနေနဲ့ စကားအဆက်အစပ်ကို နားလည်တာ၊ AI ရဲ့အဖြေမှာ အမှားရှိရင် အသုံးပြုသူကို ပြင်ခွင့်ပေးတာနဲ့ အသုံးပြုသူက မသင့်လျော်တဲ့မေးခွန်းတွေ မေးတဲ့အခါ ငြင်းဆန်နိုင်တာတွေကို ဖော်ပြထားပါ တယ်။ အကန့်အသတ်အနေနဲ့ တစ်ခါတစ်ရံမှာ အဖြေမှန်မဟုတ်တာတွေကို ထုတ်ပေးနိုင်ကြောင်း၊ တစ်ခါတစ်ရံမှာ ဘက်လိုက်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပေးနိုင်ကြောင်းနဲ့ AI မှာ ၂၀၂၁ စက်တင်ဘာအထိပဲ အချက်အလက်တွေ ထည့်သွင်းထားလို့ ဒီနောက်ပိုင်း အချက်အလက်တွေနဲ့ ပတ်သက်ရင် အားနည်းကြောင်း ဖော်ပြထားပါတယ်။

 

စာမျက်နှာရဲ့အောက်ပိုင်းမှာတော့ စာရိုက်မေးနိုင်တဲ့နေရာရှိပြီး သိချင်တာတွေကို ဒီနေရာကနေ အပြန်အလှန် စကားပြောတဲ့ပုံစံနဲ့ မေးနိုင်ပါတယ်။ မေးတဲ့အခါ ဂူဂဲလ်မှာရှာသလို သိချင်တဲ့ စာလုံးတွေ (keywords) လောက်ပဲ ရိုက်ပြီးလည်း အလွယ်တကူမေးနိုင်ပါတယ်။ ဒါပေမယ့် Chat GPT က Chatbot ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ ရလဒ်တွေရနိုင်အောင်တွဲသုံးရမယ့် စကားလုံးအချို့ (Prompts) ကို နိုင်ငံတကာက ကျွမ်းကျင်သူတွေက ပြုစုပေး ထားပါတယ်။ ဒီစာလုံးတွေက Tell me about, Write, Suggest, Define, Summarize နဲ့ List စတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ Tell me about ကတော့ သိချင်တာတစ်ခုအကြောင်း ရိုးရိုးပြောပြ ခိုင်းတာဖြစ်ပါတယ်။ AI က‌ဖြေတဲ့ အကြောင်းအရာတစ်ခုကို နားမလည်ရင် အဆင့်နှိမ့်ပြီး ပိုနားလည်လွယ်အောင် ထပ်ရှင်းပြခိုင်းနိုင်ပါသေးတယ်။

 

Write ကတော့ ရေးစေချင်တဲ့အကြောင်းအရာတစ်ခုခုကို AI ကို ရေးခိုင်းတာဖြစ်ပါတယ်။ Write an essay about world peace in 100 words ဆိုရင် World peace ခေါင်းစဉ်နဲ့ စာလုံး ၁၀၀ ပါတဲ့ အက်ဆေးတစ်ပုဒ်ကို AI က ရေးပေးမှာဖြစ်ပါတယ်။ Suggest ကတော့ ကိစ္စတစ်ခုခုနဲ့ ပတ်သက်လို့ အကြံတောင်းနိုင်တာ ဖြစ်ပါတယ်။ Define ကတော့ ပညာရပ်တစ်ခုခုအကြောင်း ရှင်းပြခိုင်းတာဖြစ်ပါတယ်။ Summarize ကတော့ စာအများကြီးကို ဖတ်ဖို့ အချိန်မရတဲ့အခါ Summarize လို့ရိုက်ပြီး အနောက်မှာစာတွေကို ကော်ပီကူးပေးလိုက်တဲ့အခါ AI ကဖတ်ပြီး လိုတိုရှင်းပြောပြမှာဖြစ်ပါတယ်။ List ကတော့ အကြောင်းအရာတစ်ခုခုအတွက် အချက်အလက်တွေကို စာရင်း ပြုစုခိုင်းတာဖြစ်ပါတယ်။ ဒီစကားလုံးတွေအပြင် Chat GPT မှာ တွဲသုံးနိုင်တဲ့ စကားလုံးတွေလည်း အများအပြားရှိပါ သေးတယ်။ ဥပမာ Can you အနောက်မှာ တစ်ခုခုရိုက်ပြီး Chat GPT ရဲ့ လုပ်နိုင်စွမ်းတွေကို မေးနိုင်ပါတယ်။ Chat GPT AI ဟာ Tic Tac Toe လို ဂိမ်းတချို့ကို ကစားနိုင်သလို Sudoku လို ဂိမ်းမျိုးကိုလည်း AI ကပဲ ဖန်တီးပေးနိုင်ပါသေးတယ်။

 

အားနည်းချက်နှင့် အားသာချက်များ

 

Chat GPT မှာ အဓိကအားနည်းချက်အနေနဲ့ နှစ်ချက်တွေ့ရပါတယ်။ တစ်ခုက ဘာသာစကား အားနည်းချက်ဖြစ်ပါ တယ်။ Chat GPT ကို မြန်မာလို နားလည်သလားလို့ မေးတဲ့အခါ နားလည်တယ်လို့ ဖြေပေမယ့် တကယ်တမ်း မြန်မာလိုပြောတဲ့အခါ နားမလည်သေးပါဘူး။ မြန်မာလိုမေးတဲ့အခါ ပြန်ဖြေဖို့အတွက် အချိန်ဟာ သာမန် ထက်ပိုကြာသလို ဖြေလိုက်တဲ့အဖြေကလည်း အလွဲတွေသာဖြစ်နေပါတယ်။ ဒီတော့ Chat GPT ကို သုံးဖို့အတွက် အင်္ဂလိပ်စာကို အခြေခံလောက် ရေးနိုင်၊ ဖတ်နိုင်ဖို့ လိုအပ်ပါတယ်။

 

နောက်တစ်ခုကတော့ Chat GPT ဟာ စာသားသက်သက်ဖြစ်ပြီး ဓာတ်ပုံနဲ့ Link တွေကို လုံးဝမထုတ်ပေးခြင်းနဲ့ မဖြစ်မနေ ထုတ်ပေးတဲ့အခါမှာလည်း မှားနေခြင်းဖြစ်ပါတယ်။ ဆော့ဖ်ဝဲတစ်ခု အကြောင်းမေးရင် ပြန်ဖြေနိုင်ပေမယ့် ဒေါင်းလုပ်ဆွဲယူဖို့ Link ကို တောင်းတဲ့အခါမှာတော့ မထုတ်ပေးပါဘူး။ ဓာတ်ပုံတွေဆိုရင်လည်း Chat မှာ တိုက်ရိုက်မပြ သလို Link တစ်ခုခု ထုတ်ပေးရင်လည်း မှားနေတာတွေ့ရပါတယ်။ ဒါကြောင့် ပညာရပ်ပိုင်းဆိုင်ရာတွေကို လေ့လာတဲ့ အခါမျိုး တစ်ခုခုကို ဒေါင်းလုပ်ဆွဲယူချင်တဲ့ အခါမျိုးမှာတော့ Chat GPT ထက် ရှာဖွေရေးအင်ဂျင်တွေက ပိုအသုံးဝင်နေ ပါသေးတယ်။

 

အထက်က အားနည်းချက်နှစ်ခုက လွဲရင်တော့ Chat GPT ဟာ ကျန်တဲ့ နေရာတွေအားလုံးမှာ ရှာဖွေရေးအင်ဂျင် တွေကို အပြတ်အသတ် ကျော်တက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ မိုက်ခရိုဆော့ဖ်ဟာ သူရဲ့ ရှာဖွေရေးအင်ဂျင် Bing မှာ Chat GPT ကို ပေါင်းထည့်ပြီး ပိုကောင်းအောင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အခြား နည်းပညာ ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ AI နည်းပညာတွေကို ထုတ်ပြဖို့ အပြိုင်အဆိုင် ကြိုးစားလာတာကို နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြသွားပါမယ်။  

 

ကျော်ဇင်ဦး