ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့တွေ့ဆုံ

ရီဟာ့ဒ်   ၁၄  ဇန်နဝါရီ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးအရ တင်းမာမှုများ လျှော့ချနိုင်ရေး ဆွေးနွေးရန်အတွက် ဆော်ဒီအိမ်ရှေ့ မင်းသားနှင့်တွေ့ဆုံခဲ့သည်။ မစ္စတာရှင်ဇိုအာဘေးနှင့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်တို့သည် ဇန်နဝါရီ ၁၂ ရက်က ဆော်ဒီအာရေဗျ အနောက်မြောက်ပိုင်းမြို့ဖြစ်သည့် အယ်အူလာတွင် တွေ့ဆုံခဲ့ကြသည်။

ထို့အပြင် မစ္စတာ အာဘေးသည် ဆော်ဒီဘုရင်ဆယ်မန်ဘင် အဗ္ဗဒူလာဇစ်နှင့် မြို့တော်ရီဃာ့ဒ်တွင်လည်း တွေ့ဆုံခဲ့ကြသည်။ အိမ်ရှေ့မင်းသားနှင့် တစ်နာရီကြာတွေ့ဆုံခဲ့ပြီး မစ္စတာအာဘေးမှာ ဆော်ဒီအမျိုးသားဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ အီရန်အရေးအပါအဝင် အရှေ့အလယ်ပိုင်းဒေသစစ်ရေး ပြဿနာများမှာ ကမ္ဘာကြီးကို လှုပ်ခတ်နိုင်ကြောင်း မစ္စတာ အာဘေးကပြောသည်။ နောက်ထပ် စစ်ရေးအရ တင်းမာမှုများကို ရှောင်ရှားရန် ဆော်ဒီအာရေဗျ၏ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်မှုများကို ချီးမွမ်းပြောဆိုခဲ့သည်။

ဂျပန်နိုင်ငံဘက်မှလည်း အတတ်နိုင်ဆုံး သံတမန်ရေးရာအရဆောင်ရွက်သွားမည်ဟု ထပ်မံပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကို အရှိန်လျှော့စေရေး အခြားသောနိုင်ငံများမှလည်း ကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။ အိမ်ရှေ့မင်းသားကလည်း ဂျပန်နိုင်ငံ၏သံတမန်ရေးအရ ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်းနှင့် အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုမှာ တစ်ကမ္ဘာလုံးအတွက် ဆိုးရွားသည့် အကျိုးသက်ရောက်မှု ရှိစေသည့်အတွက် ဆွေးနွေးညှိနှိုင်းကြရန် တောင်းဆိုခဲ့သည်။

ဆင်ဟွာ