ဆော်ဒီရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရမှုနောက်ကွယ်

ကလျာမိုးမြင့်

ခုရက်ပိုင်းအတွင်း ဖြစ်ပျက်သွားတဲ့ ဆော်ဒီရေနံချက်စက်ရုံနှစ်ခု တိုက်ခိုက်ခံရမှုမှာ အီရန်ပါဝင်ပတ်သက်နေတယ် ဆိုတာကို သက်သေထူနေတဲ့ ဒရုန်းယာဉ် အပျက်အစီးတချို့နဲ့ ခရုစ်ဒုံးကျည် အစိတ်အပိုင်းတွေကို ဆော်ဒီကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြသခဲ့ပါတယ်။

လက်တုံ့ပြန်မယ်

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောပုံအရ ဒရုန်းယာဉ် ၁၈ စင်းနဲ့ ခရုစ်ဒုံးကျည် ခုနစ်စင်းတို့ကို လားရာတစ်ခုကနေ ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယီမင်ကနေ မဟုတ်ဘူးလို့ သိရပါတယ်။ ယီမင်ရှိ အီရန်မဟာမိတ်ပြုထားတဲ့ ဟူသီသူပုန်အဖွဲ့ကတော့ တိုက်ခိုက်မှုနောက်ကွယ်မှာ ၎င်းတို့စီမံခဲ့တာလို့ ဆိုခဲ့ပါတယ်။ ဒီကိစ္စမှာ အီရန်က လုံးဝပါဝင် ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆန်ခဲ့တဲ့အပြင် ၎င်းကိုပစ်မှတ်ထားပြီး လုပ်ဆောင်လာတဲ့ တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်မှာ ဖြစ်တယ်လို့လည်း သတိပေးထားပါသေးတယ်။

စစ်မက်တိုက်ခိုက်ခြင်းလား

အီရန်က ဘယ်လိုပဲ ငြင်းဆန်နေလင့်ကစား အမေရိကန်ကတော့ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟာ အီရန်မှအီရန်ပဲလို့ တစ်ထစ်ချပြောဆို နေဆဲပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ရေးအရ ဘယ်လိုတွေ တုံ့ပြန်ဆောင်ရွက်မယ်ဆိုတာကို ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ ဆော်ဒီအာရေဗျသို့ ရောက်ရှိပြီး တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အီရန် ပါဝင်ပတ်သက်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုဟာ စစ်ပြုလိုက်တဲ့သဘော ဖြစ်တယ်လို့ မစ္စတာပွန်ပီအိုက သတ်မှတ်လိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မယ့် နည်းလမ်းတွေ အများကြီးရှိတယ်။ အချိန်တန်တဲ့အခါ ဒါကို တွေ့ရမယ်။ ကျွန်ုပ်တို့ဟာ အင်မတန် အားကောင်းတဲ့ ရပ်တည်မှုအခြေအနေဘက်မှာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လိုအထောက်အထားတွေ တွေ့ခဲ့သလဲ

ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိခဲ့တဲ့ သက်သေအထောက်အထားတွေကို သတင်းစာရှင်းလင်းပွဲမှာ အကျဉ်းချုံးတင်ပြခဲ့ပြီး အဲဒီထဲမှာ ဒရုန်းယာဉ် အပျက်အစီးတွေနဲ့ ဒုံးကျည်တိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ နေရာကိုလည်း ပြသခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုလ်တာကီအယ်လ်မော်လ်ကီက တိုက်ခိုက်မှုတွေကို မြောက်ဘက်ကနေ လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေ အထောက်အထားတွေက ဖော်ပြနေပြီး ဒါကိုအီရန်က ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

အီရန်ကလို့ဖော်ပြနေ

ဘယ်နေရာကနေ ဒရုန်းယာဉ်တွေကိုပစ်လွှတ် တိုက်ခိုက်ခဲ့တယ်ဆိုတာကို အတိအကျသိရဖို့ ဆော်ဒီကဆက်ပြီး ကြိုးစားထောက်လှမ်းနေတယ်လို့ ၎င်းက ဆိုပါတယ်။ အပျက်အစီးတွေထဲမှာ အီရန်ရဲ့ UAV  ဒရုန်းယာဉ်ကလို့ ယူဆရတဲ့ တောင်ပံတစ်ခုလည်း ပါနေတယ်။ ကွန်ပျူတာတွေကနေ သိရှိရတဲ့ အချက်အလက်တွေက ဒါဟာ အီရန်နိုင်ငံကဆိုတာ ဖော်ပြနေတယ်လို့ ကိုလ်မယ်လ်ကီက ရှင်းလင်း ပြောကြားခဲ့ပါတယ်။

UAV  ဒရုန်းယာဉ် ၁၈ စင်းကို Abqaiq ရေနံချက်စက်ရုံဆီ ပစ်ခတ်ခဲ့ပြီး ခရုစ်ဒုံးကျည် ခုနစ်စင်းကို စက်ရုံနှစ်ခုလုံးဆီ ချိန်ရွယ်ပစ်ခတ်ခဲ့တယ်။ အဲဒီလိုပစ်ခတ်ခဲ့ရာမှာ ခရုစ်ဒုံးကျည်လေးစင်းဟာ Khurais ရေနံသန့်စင်စက်ရုံကို ထိမှန်ခဲ့ပြီး နောက်ထပ် သုံးစင်းကတော့ Abqaiq ကို ထိမှန် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိအောင်လုပ်မယ်

တိုက်ခိုက်လာသမျှ ဒုံးကျည်တွေအားလုံး မြောက်ဘက်ဆီကနေ ဦးတည်လာခဲ့တာချည်းပဲ ဖြစ်တယ်လို့ ၎င်းကပြောကြားခဲ့ပြီး UAV  ဒရုန်း ယာဉ်တစ်စင်း Abqaiq ကို ထိမှန်ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့အတူ ထိခိုက်ပျက်စီးသွားတဲ့ တည်နေရာရဲ့ မြေပုံနဲ့ ပုံရိပ်တွေကိုပါ တစ်ဆက်တည်း ပြသခဲ့ပါတယ်။ အခုချိန်အထိတော့ ဒရုန်းယာဉ်တွေနဲ့ ခရုစ်ဒုံးကျည် တွေပစ်လွှတ်ခဲ့တဲ့ တည်နေရာအသေးစိတ်ကို မဖော်ပြနိုင်သေးပေမယ့် သေချာပြီလို့ ဆုံးဖြတ်နိုင်ပြီဆိုတာနဲ့ ဒါကို ကြေညာသွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။

တာဝန်ယူသင့်

အီရန်က တိုက်ခိုက်မှုကို တခြားသူကလုပ်တယ်လို့ ထင်ရအောင် အကောင်းဆုံး ကြိုးပမ်းခဲ့တာ ဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ အစွယ်အပွားတွေနဲ့ ဒီလိုထင်မြင်ရအောင် အတူပူးပေါင်း ဖန်တီးခဲ့တယ်ဆိုတဲ့အချက်ကို ထင်ထင်ရှားရှား မြင်နေရတယ်။ အီရန်ရဲ့ ယခုတိုက်ခိုက်မှုဟာဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုလုံးကို စော်ကားလိုက်တာပဲ ဖြစ်တယ်။ ဒီတော့ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ကိုယ်တာဝန်ယူသင့်တယ်လို့ ဆော်ဒီဘက်က ဆိုထားပါတယ်။

ရေနံစက်ရုံတွေ တိုက်ခိုက်ခဲ့မှု နောက်ကွယ်မှာ အီရန်ရှိတယ်ဆိုတာကို သေချာပေါက် ယုံကြည်တယ်လို့ အမေရိကန်က ဖော်ပြနေပေမယ့်လည်း သမ္မတထရမ့်အနေနဲ့ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်မှုလုပ်ဖို့ သိပ်ပြီးစိတ်အားထက်သန်တော့ မရှိလှပါဘူး။ သမ္မတထရမ့်က ဘာပြောခဲ့လဲဆိုတော့ စစ်မက်ရေးရာ ပဋိပက္ခတစ်ခုဖြစ်လာဖို့ ဘာမှမခက်ဘူး။ ဒါပေမယ့် အရှေ့အလယ်ပိုင်းကနေရတဲ့ တခြားသင်ခန်းစာတွေက နောက်ပိုင်းမှာ ပိုမိုခက်ခဲ လာတယ်ဆိုတာကို သက်သေထူနေတယ်လို့ ဆိုပါတယ်။

ပိတ်ဆို့မှုတွေ ထပ်တိုးဖို့ရှိ

ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီမှာ သမ္မတထရမ့်က ဒီတိုက်ခိုက်မှုဖြစ်ပြီးနောက် ၎င်းအနေနဲ့ အီရန်အပေါ် အမေရိကန် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ထပ်တိုးဖို့ ဘဏ္ဍာရေးဌာနကို ညွှန်ကြားထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုတွေ တိုးမြှင့်မလဲဆိုတဲ့ အသေးစိတ်ကိုတော့ ၄၈ နာရီအတွင်း ထပ်မံဖော်ပြ သွားမယ်လို့လည်း ဆိုပါတယ်။ လတ်တလောလုပ်ဆောင်နေတဲ့ ပိတ်ဆို့မှုတွေဟာ ဆိုရင်တော့ဖြင့် အတော်လေး ကျယ်ပြန့်လာနေပြီး အီရန်ရဲ့ ရေနံထုတ်လုပ်မှုကို လျှော့ချဖို့နဲ့ အီရန်စီးပွားရေးကို အခက်အခဲ ဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။

အီရန်အရေးကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုနည်း ဗျူဟာတွေ အသုံးပြုကြမလဲဆိုတာကို ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုဟာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိနေခဲ့ပြီး ဆော်ဒီဘုရင်မင်းမြတ် ဆယ်လ်မန်ရဲ့သားဖြစ်တဲ့ တော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်နဲ့အတူ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂစုံစမ်းနေပြီ

ကုလသမဂ္ဂအဖွဲ့ကြီးက ကျွမ်းကျင်သူတွေဟာလည်းပဲ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု တစ်ရပ်လုပ်ဆောင်ဖို့ ဆော်ဒီအာရေဗျဆီ သွားရောက်နေပြီဖြစ်တယ်လို့ ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်ပြီး အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ပတ်သက်လို့ သတိပေးလျက် ရှိပါတယ်။

အီရန်ဟာ ဆော်ဒီအာရေဗျနိုင်ငံနဲ့ ဒေသတွင်း ယှဉ်ပြိုင်ဘက်နိုင်ငံတစ်ခုပါ။ အီရန်ရဲ့နျူကလီးယား အစီအစဉ်တွေကို ထိန်းချုပ်ကန့်သတ်ဖို့ ရည်ရွယ်တဲ့ INF သဘောတူစာချုပ်ကနေ နုတ်ထွက်ကာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ချမှတ်လာတဲ့ အမေရိကန်ကို အီရန်က အခဲမကျေဖြစ်နေပြီး နှစ်နိုင်ငံတင်းမာမှုတွေဟာ ဒီနှစ်အတွင်းမှာ အဆိုးဆုံး အခြေအနေလို့တောင် ဆိုရမလိုပါပဲ။

ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ ရေနံတင် သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရမှုအပြင် မေလက ရေနံတင်သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုတွေမှာ နောက်ကွယ်က လက်သည်ဟာ အီရန်ပဲဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲထားပြီး အီရန်ကတော့ ဘာတိုက်ခိုက်မှုမှ မလုပ်ခဲ့ဘူးလို့ အခုချိန်ထိ ငြင်းဆန်နေဆဲပဲဖြစ်ပါတယ်။ ။

ကိုးကား-ဆင်ဟွာ