ဆော်ဒီသတင်းထောက်အသတ်ခံရမှု အဖြစ်မှန်ပေါ်ပေါက်ရေး နီးစပ်ပြီလား

ကလျာမိုးမြင့်

 

အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ အသတ်ခံလိုက်ရတဲ့ ဆော်ဒီ သတင်းသမားဂျမားလ် ခါရှော့ဂီအသတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ဆော်ဒီတော်ဝင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဟာ ဒီကိစ္စမှာ တာဝန်ရှိတဲ့သူတစ်ယောက် အဖြစ် မိမိကိုယ်ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ဝန်ခံအသိအမှတ်ပြုလာပါတယ်။

 

အသံမထွက်ဘဲ နေလာခဲ့

ဝါရှင်တန်ပို့စ်သတင်းစာမှာ ဝေဖန်ရေးဆောင်းပါးတွေရေးသားသူ ဆော်ဒီ သတင်းသမား ခါရှော့ဂီ အသတ်ခံရမှုဟာ တစ်ကမ္ဘာလုံးကို အထိတ်တလန့်ဖြစ် စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါ။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက် ဆော်ဒီတော်ဝင်အိမ်ရှေ့မင်းသား က အဲဒီလုပ်ကြံသတ်ဖြတ်မှုမှာ ၎င်းရဲ့ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ် လာကြတဲ့အပေါ် အသံမထွက်ဘဲ နေလာခဲ့တာဖြစ်ပြီး အခုအခါမှာတော့ Front Line သတင်းစာက သတင်းသမား မာတင်စမစ်နဲ့ လတ်တလောလုပ်ဆောင်ခဲ့တဲ့ အပြန်အလှန် စကားပြောဆိုမှုတစ်ခုအတွင်းမှာ ခါရှော့ဂီသေဆုံးရမှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့အခန်းကဏ္ဍကို ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

 

ဖော်ထုတ်နိုင်ခြင်းမရှိ

မင်းသားက ခါရှော့ဂီအသတ်ခံရမှုဟာ ၎င်းရဲ့စောင့်ကြည့်မှုကာလအတွင်းမှာဖြစ်ပျက်သွားခဲ့တာမို့လို့ ၎င်းမှာအလုံးစုံတာဝန်ရှိတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်းထောက်ခါရှော့ဂီဟာ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း လမ်းလျှောက်ပြီး ဝင်သွားတာကို နောက်ဆုံးတွေ့ ခဲ့ရပြီးနောက်မှာ ပျောက်ခြင်းမလှ ပျောက်ဆုံး သွားခဲ့တာပါ။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ ကောင်စစ်ဝန်ရုံးအတွင်းမှာ ဆော်ဒီအေးဂျင့်တွေ က ၎င်းကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းပါ ဖျောက်ဖျက်ပစ်လိုက်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ၎င်းရဲ့အလောင်း ဘယ်နေရာမှာရှိတယ်ဆိုတာကို အခုချိန်အထိ လုံးဝရှာဖွေဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။

 

ဂုဏ်သတင်းညှိုးနွမ်း

ခါရှော့ဂီအသတ်ခံရမှုအတွက် ကမ္ဘာတစ်ဝန်းက အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသလို လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ဖြစ်ရပ်တစ်ခုအဖြစ် ခေါင်းစဉ်တပ်ခဲ့ကြပါတယ်။ ရှေးရိုးစွဲဝါဒီများ ကြီးစိုးတဲ့ ဆော်ဒီဘုရင့်နိုင်ငံမှာ လမ်းဟောင်းအတိုင်းမလိုက်ဘဲ အမြော်အမြင်ကြီးကြီး နဲ့ တိုးတက်အောင် တီထွင်ကြံဆနိုင်စွမ်းရှိတဲ့သူအဖြစ် အနောက်နိုင်ငံတွေက အသိအမှတ်ပြုတာခံရတဲ့ မင်းသားဆယ်လ်မန်ဟာ ဒီကိစ္စမှာတော့ အတော်လေးကို ဂုဏ်သိက္ခာညှိုးနွမ်းခဲ့ရပါတယ်။

 

အမေးအဖြေ

ယခင်ကတော့ ကြိုတင်ကြံစည်ထားတဲ့ လုပ်ကြံမှုတစ်ခုအနေနဲ့ ခါရှော့ဂီ အသတ်ခံရတဲ့ကိစ္စကို တာဝန်ယူဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေကို မင်းသားက လက်မခံခဲ့သလို ဒီကိစ္စဖြစ်လာမယ်ဆိုတာကို ကြိုမသိဘူးလို့လည်း ၎င်းက ပြောခဲ့ပါတယ်။

ယခုတစ်ဖန် သတင်းထောက်စမစ်က တွေ့ဆုံမေးမြန်းမှုအတွင်းမှာ အစိုးရ အာဏာပိုင်တွေအနေနဲ့ တော်ဝင်အိမ်ရှေ့မင်းသားရဲ့ လေယာဉ်တွေထဲက တစ်စင်းကို ဆော်ဒီအာရေဗျကနေ တူရကီဆီ ယူဆောင်သွားနိုင်တဲ့ အခွင့်အာဏာတွေ ရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပြန်လည်ထိုးနှက်လိုက်ပါတယ်။ ဒီမေးခွန်းကို မင်းသား ဆယ်လ်မန်က ကျွန်ုပ်မှာ လိုအပ်တဲ့အရာတွေကို လိုက်နာဆောင်ရွက်ကြမယ့် အာဏာပိုင်တွေနဲ့ ဝန်ကြီးတွေရှိကြပြီး ၎င်းတို့ဟာ တာဝန်ကျေပွန်ကြတယ်။ ဒီတော့ သူတို့မှာ ဒီလိုပြုလုပ်နိုင်တဲ့ အခွင့်အာဏာရှိတယ်လို့ ပြန်ဖြေထားပါတယ်။

 

စုံစမ်းစစ်ဆေးသင့်

အင်န်ပီအာက ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖော်ပြခဲ့တဲ့သတင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့တခြားသူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ မယုံကြည်နိုင်လောက်စရာသက်သေအထောက်အထားတွေ ရှိနေတဲ့အတွက် မင်းသားဆယ်လ်မန်ကို စုံစမ်း စစ်ဆေးသင့်တယ်ဆိုတဲ့အချက် တွေ့ရှိရတယ်လို့ ကုလသမဂ္ဂအထူးစုံစမ်းစစ်ဆေး သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဘယ်လိုပဲစဉ်းစားသည်ဖြစ်စေ မစ္စတာခါရှော့ဂီကို လုပ်ကြံသတ်ဖြတ်ဖို့ စေလွှတ် လိုက်တဲ့ အေးဂျင့် ၁၅ ဦးပါတဲ့ မစ်ရှင်အဖွဲ့ဟာ လုပ်ကြံသတ်ဖြတ်မှု အထမြောက်ဖို့ဆိုရင် အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လိုအပ်တဲ့ပစ္စည်းနဲ့ ငွေကြေးအရင်းအမြစ်ပံ့ပိုးမှုက သိသိသာသာလိုအပ်မှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။ ဆော်ဒီရဲ့ အဆင့်မြင့် အာဏာပိုင်တွေက ဒီကိစ္စကို အကွက်ချစီစဉ်တာနဲ့ အဲဒီလုပ်ကြံမှုမစ်ရှင်ကို ထောက်ခံခဲ့ တာလို့ အစီရင်ခံစာထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။

ပြည်ပကပိုင်ဆိုင်မှုတွေကို ပိတ်ဆို့

ဆော်ဒီသတင်းသမား အသတ်ခံရမှုနဲ့ ပတ်သက်ပြီး အမေရိကန်မှာ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထွက်ပေါ်လာပြီး တစ်လကျော်လောက် အကြာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆော်ဒီအာရေဗျသို့ လက်နက်ရောင်းချ မယ့်အစီအစဉ်ကို တားမြစ်ပိတ်ပင်ဖို့ ရည်ရွယ်တဲ့ တရားဥပဒေအရ ဆောင်ရွက်မှုတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

ပြည်ပငွေကြေးပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တဲ့ အမေရိကန်ဘဏ္ဍာရေးဌာနရုံးက သတင်းထောက် ခါရှော့ဂီကို လုပ်ကြံသတ်ဖြတ်မှုမှာ တစ်နည်းတစ်ဖုံပါဝင်ပတ်သက်နေ တယ်လို့ သံသယရှိတဲ့ ဆော်ဒီနိုင်ငံသား ၁၇ ဦးအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။သို့သော်လည်း အမေရိကန်က ပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့ ဆော်ဒီက တစ်ဦးချင်းပုဂ္ဂိုလ်တွေထဲ မှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ပါဝင်ခဲ့တာ မရှိပါဘူး။

 

တရားမျှတမှုအတွက် ဖော်ထုတ်မည်

သတင်းထောက် ခါရှော့ဂီအတွက်၊ ၎င်းနဲ့စေ့စပ်ထားတဲ့ အမျိုးသမီးအတွက်နဲ့ ၎င်းရဲ့မိသားစုဝင်တွေအတွက် တရားမျှတမှုရရှိဖို့ အမေရိကန်ပြည်ထောင်စုဟာအဖြစ်မှန်ကို ဖော်ထုတ်နိုင်ဖို့ မလျှော့သောဝီရိယနဲ့ ကြိုးပမ်းသွားမှာဖြစ်သလို ဒီကိစ္စမှာ ပါဝင်ပတ်သက်နေကြောင်း တွေ့ရှိရတဲ့သူ တစ်ဦးတစ်ယောက်စီတိုင်းကို တာဝန်အရ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် မြူချင်က ပြောကြားခဲ့ပါတယ်။

ဆော်ဒီအာရေဗျရဲ့ ထိပ်တန်းရှေ့နေက သတင်းထောက် ခါရှော့ဂီအသတ်ခံရမှုမှာ ဆက်စပ်ပါဝင်နေတဲ့ ဆော်ဒီနိုင်ငံသား ငါးဦးကို သေဒဏ်ချမှတ်ကြောင်း ကြေညာ လိုက်ပြီး ရှေ့ဆင့်နောက်ဆင့်ဆိုသလို အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကလည်း ကျရောက်လာခဲ့ပါတယ်။ ခါရှော့ဂီကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သံသယရှိသူ ၁၁ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကြားနာစစ်ဆေးခဲ့ပြီး ဒီကိစ္စက ဆော်ဒီအာရေဗျ နိုင်ငံအတွင်းမှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့ပါတယ်။

 

အထောက်အကူပြုမလား

ဆော်ဒီသတင်းထောက် သတ်ဖြတ်ခံရမှုမှာ တစ်ချိန်လုံးနှုတ်ဆိတ်စွာ နေလာ ခဲ့ရာကနေ အခုအခါမှာ မိမိရဲ့စောင့်ကြည့်မှုကာလအတွင်း ဒီကိစ္စဖြစ်ပျက်ခဲ့မှုကြောင့် တာဝန်ရှိတယ်လို့ အိမ်ရှေ့မင်းသားအနေနဲ့ ပထမဆုံးအကြိမ် အသိအမှတ်ပြုစကား ဆိုလာတာဟာ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် ဘယ်လိုများ အထောက်အကူဖြစ် လာစေမလဲဆိုတာကို အများက စိတ်ဝင်တစားဖြစ်နေပါတယ်။ ။

ကိုးကား - အေအက်ဖ်ပီ၊ အင်န်ပီအာ