ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင်  ၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင်  မန္တလေးမြို့ ကုတင်(၅၅၀)ဆံ့ ကလေးအထူးကုဆေးရုံ တိုးချဲ့လူနာ ဆောင် (၈) ထပ်အဆောက်အဦနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ ဆောက် လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌ တာဝန်ခံအင်ဂျင်နီယာများက အဆောက်အဦ ဒီဇိုင်းပုံစံ တွက်ချက်ရေးဆွဲထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းဆောင် ရွက်ထားရှိမှုနှင့် လုပ်ငန်းအရည်အသွေး စစ်ဆေး‌ခြင်းဆောင်ရွက်နေမှု အခြေအနေတို့ကို တင်ပြကြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည် အသွေးပြည့်မီရေးနှင့် လက်ရာသေသပ် ကောင်းမွန်ရေးကို ဦးစားပေးရန်၊ ကလေးဆေးရုံ တည်ဆောက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အသုံးပြုလိုသော လိုအပ်ချက်များကို ဆေးရုံ အဆောက်အဦဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေး ရန်၊ ဗဟိုဘဏ်အဆင့် သတ်မှတ်ချက်များ၊ လိုအပ်ချက်များအပြင် လုံခြုံရေးစနစ် ကောင်းမွန် စေရေး ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ် မှတ်ချိန်အတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၀ ခုရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ခံအင်ဂျင်နီယာများက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက် သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ အဓိက တာဝန်မှာ ပြည်သူများ သွားလာရေးနှင့် နေထိုင်ရေးအဆင်ပြေစေရန် လမ်းပန်းဆက်သွယ် ရေးနှင့် အိမ်ရာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ညီညွတ်မျှတစွာနေထိုင်ကြစေရေး တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင် ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-မန္တလေးအပိုင်း)ရှိ လမ်းနှင့်တံတား အခြေအနေများကို စစ်ဆေးရာ မိုင်တိုင်အမှတ် (၃၃၈/၆)ရှိ အရှည်ပေ (၂၇၀) သက်ပန်းချောင်းတံတားကြံ့ခိုင်မှု၊ တံတားအောက်ခြေ Abutment များ ရေတိုက်စားမှု မရှိစေရေးနှင့် ပြန်လည်ပြုပြင်ထိန်းသိမ်း ထားရှိမှုအခြေအနေ ကိုလည်းကောင်း၊ လမ်းပုခုံးရေ တိုက်စားသည့် အပိုင်းများကို ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၂၀၄/၁)မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်သည့်  ဗုဒ္ဓ ဥယျာဉ်သို့ တိုက်ရိုက် အဝင်/အထွက် ပြုလုပ်နိုင်သည့် လမ်းဆုံနေရာတွင် ဘုရားဖူးခရီးသည် များ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် လမ်းလယ်ကျွန်း၊ လမ်းဘေး ဝဲ/ယာ သစ်ပင်များ၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့သည်။

သတင်းစဉ်