ဆောမြို့၌ မြို့မဈေးအတွင်းနှင့်ကုန်စုံဆိုင်များတွင် ရောင်းချနေသော အစားအသောက်များကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်

ဆော  ၂၅  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA )မှ အောက်တိုဘာ ၂၄ ရက်က ဆောမြို့ မြို့မဈေးအတွင်းနှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များအနက် သံသယရှိဖွယ် အစားအသောက်များအား ဈေးကွက်နမူနာ ကောက်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာပြည့်ဖြိုးနှင့်အဖွဲ့သည် မြို့မဈေးအတွင်းနှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော သံသယရှိဖွယ် အစားအသောက်များကို ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စမ်းသပ်စစ်ဆေးရာ စားသောက်ကုန် နမူနာအမျိုးအစား(၂၅)မျိုးအား ဝယ်ယူကာ ဓာတ်ခွဲကျွမ်းကျင်သူများဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ရာ အချို့ခေါက်ဆွဲနှင့် အသားတုများထဲတွင် စားသုံးရန် မသင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ရောင်းချမှုကိုတားမြစ်၍ ပစ္စည်းများကို ဈေးကော်မတီ ရှေ့မှောက်၌ ဖျက်စီးခြင်းကိုလည်းကောင်း တံဆိပ်မပါဘဲ အလွတ်ရောင်းချနေသည့် ပစ္စည်းများ၊ FDA က သုံးစွဲ ရန် မသင့်ထုတ်ပြန်ထားသော စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍ လည်းကောင်း ဈေးသူ ဈေးသား ပြည်သူများထံ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ စမ်းသပ်စစ်ဆေးရာတွင် ဆောမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ အမှုဆောင် အရာရှိ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)