ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကျင်းပ

မန္တလေး  ၉ မတ် 

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၌ ဖွင့်လှစ်သင်ကြားသည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ တစ်နှစ်သင်တန်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် လက်ရက်ကန်းခြောက်လသင်တန်း (ပထမအကြိမ်)၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်လက်ရက်ကန်း ခြောက်လသင်တန်း (ဒုတိယအကြိမ်)၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ရိုးရာလွန်းရာကျော်အချိတ် ခြောက်လသင်တန်း (ပထမအကြိမ်)၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ရိုးရာလွန်းရာကျော်အချိတ် ခြောက်လသင်တန်း (ဒုတိယအကြိမ်)တို့တွင် သင်တန်းအောင်မြင်သည့် သင်တန်းသား၊ သင်တန်းသူများအား ဒီပလိုမာ အောင်လက်မှတ်များနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ပွဲကို ယနေ့ နံနက်၉ နာရီခွဲက အမရပူရမြို့ရှိ သိင်္ဂီရွှေဝါခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါက်တာ ဒေါ်ယုယုမေနှင့် နာယကအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမြသန်း၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ ပညာရေးစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးဒေါ်တင့်တင့်နှင့် ကထိက ဌာနမှူးများ၊ သင်တန်းနည်းပြများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသားသင်တန်းသူများနှင့် ၄င်းတို့၏မိဘဆွေမျိုးများ၊ ရက်ကန်းလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးဒေါက်တာ ဒေါ်ယုယုမေမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ တစ်နှစ်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ပထဆု မအေးချမ်းဖြိုး၊ ဒုတိယဆု မအိအိထွေးနှင့် တတိယဆု မခင်မာဝင်း၊ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ် ချည်မျှင်နှင့် အထည်အလိပ်ဒီပလိုမာ တစ်နှစ်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ပထဆု မမာလာအောင်၊ ဒုတိယဆု မမြတ်ကေခိုင်နှင့် တတိယဆု မဟေမာဖြိုးတို့ကို ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

 

ထို့နောက် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်က ၂၀၁၆-၂၀၁၇ ပညာသင်နှစ်နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ တစ်နှစ်သင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူများကို ဒီပလိုမာလက်မှတ်နှင့် ရိုးရာလွန်းရာကျော်အချိတ် ခြောက်လသင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများကိုအောင်လက်မှတ်များ အပ်နှင်းချီးမြှင့်ကာ သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

 

အဆိုပါ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၏ ဒုတိယအကြိမ် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ အပ်နှင်းပွဲတွင် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းသင်တန်းခြောက်လသင်တန်း အသီးသီးတို့မှ သင်တန်းအောင်မြင်သူ စုစုပေါင်း ၅၅ ဦးတို့အား ဒီပလိုမာ အောင်လက်မှတ်များနှင့် သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)