ဆောင်းနေကြာ စိုက်ပျိုးတောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးပြီး ယူရီးယား ဓာတ်မြေဩဇာများ သက်သာသောနှုန်းထားဖြင့် ထောက်ပံ့ပေးအပ်

 

လွိုင်ကော် စက်တင်ဘာ ၁၃

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ ကယားပြည်နယ်အတွင်းရှိ ဆောင်းနေကြာစိုက်ပျိုး တောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားဓာတ်မြေဩဇာများကို သက်သာသောနှုန်းထားဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက ကယားပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နိုင်ငံ့စီးပွား ပြန်လည်မြှင့်တင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသော စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းတွင် အဓိကသီးနှံများနှင့် ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းစေသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ရှေ့ရှုပြီး လုပ်ငန်းလိုအပ်ချက်များကို စိုက်ပျိုးရေး ရာသီများအလိုက် ကဏ္ဍမျိုးစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်က စိုက်ပျိုးသီးနှံ အထွက်တိုးစေရန် မျိုးကောင်းမျိုးသန့် သုံးစွဲခြင်းနှင့် နေကြာသီးနှံ စနစ်တကျစိုက်ပျိုးခြင်း၊ နွေစပါးတစ်ဧက တင်း (၁၀၀) ထွက်ရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များ အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။

 

mdn

 

ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လွိုင်ကော်မြို့နယ်ရှိ မထောခူကျေးရွာ၊ လောဓလေးကျေးရွာ၊ နွားလဝိုးကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာ၊ အိုကေကျေးရွာ၊ ဒေါဘူးကူးကျေးရွာ၊ မြလဲကျေးရွာ၊ ဆောင်ဒူရွာသစ်ကျေးရွာနှင့် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာ အုပ်စုရှိတောင်သူများအား နေကြာမျိုးစေ့ အခမဲ့ထောက်ပံ့ပေးပြီး ယူရီးယားဓာတ်မြေဩဇာများကို သက်သာနှုန်းထားဖြင့် တောင်သူများထံ ပေးအပ်ခဲ့သည်။

 

ယင်းနောက် Good Brother’s Co.Ltd မှ တင်သွင်းထားသည့် နေကြာဆီကြိတ်စက် အပါအဝင် သီးနှံအခြောက်ခံစက်များနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ပေးအပ်မှုများအတွက် နေကြာသီးနှံ စိုက်တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးပြခန်းများ၊ နေကြာဆီကြိတ်စက် လက်တွေ့သရုပ်ပြ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

 

ကိုဇင်(လွိုင်ကော်)